အပန်းဖြေ အနားယူစရာ မြန်မာ့ကမ်းခြေများ...

အပန်းဖြေ အနားယူစရာ မြန်မာ့ကမ်းခြေများ...
Published 1 April 2016
မြတ်စုနိုင်

ကမ္ဘာတစ်ဝန်းမှာ အလွန်လှပတဲ့ ကမ်းခြေတွေ အများကြီး ရှိပါတယ်။ ဟာဝါရီ၊ ပိုလာဘာလီ၊ ဖူးခတ်၊ ပတ္တလား၊ မော်ဒိုက်အစရှိတဲ့ ကမ်းခြေတွေက ကမ္ဘာကျော်ကမ်းခြေတွေ ဖြစ်သလို မြန်မာနိုင်ငံမှာရှိတဲ့ ကမ်းခြေတွေကလည်း ကမ္ဘာလှည့် ခရီးသွား ဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ ကမ်းခြေတွေပါပဲ။
 
အခုဆိုရင် တနင်္သာရီတိုင်းဒေသအတွင်းမှာရှိတဲ့ မြိတ်ကျွန်းစုက ကမ္ဘာ့လှည့်ခရီးသွားတွေ မျက်စိကျနေတဲ့ နေရာတစ်ခုဖြစ်တဲ့အပြင် မြန်မာနိုင်ငံက အထင်ကရ ကမ်းခြေတွေဖြစ်တဲ့ ငွေဆောင်နဲ့ ငပလီကမ်းခြေကလည်း နိုင်ငံခြားသားတွေ ဝင်ရောက်အပန်းဖြေမှု များလာတဲ့ ကမ်းခြေဖြစ်လာနေပါပြီ။
 
ဒါ့အပြင် ဒီနှစ်အတွင်းမှာပဲ ပြည်တွင်းပြည်ပ ခရီးသွားတွေအနေနဲ့ စိတ်ဝင်စားတဲ့ ဂေါ်ရန်ဂျီကျွန်းကလည်း ခရီးသွားတွေ မြင့်တက်လျက်ရှိတဲ့ ခရီးစဉ်တစ်ခု ဖြစ်နေပါတယ်။
 
■ ဂေါ်ရန်ဂျီကျွန်း
 
ဂေါ်ရန်ဂျီကျွန်းက ဧရာဝတီတိုင်း ငရုတ်ကောင်းဒေသ အတွင်းမှာ တည်ရှိတဲ့ ကမ်းခြေတစ်ခု ဖြစ်ပါတယ်။ ဂေါ်ရန်ဂျီကျွန်းက မကြာသေးခင်ကမှ လူသိများလာတဲ့ ကမ်းခြေဖြစ်တဲ့အတွက် တည်းခိုခန်းတွေ၊ ဟိုတယ်တွေ ဖွင့်လှစ်ခြင်း မရှိသေးပါဘူး။
 
ဂေါ်ရန်ဂျီကျွန်းကို သွားရောက်လည်ပတ်မယ်ဆိုရင် Home Stay ၊ Tent များဖြင့် နေထိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂေါ်ရန်ဂျီကျွန်းအနီး ကျွေချိုင်ကျေးရွာမှာ အပန်းဖြေစခန်း ဖွင့်လှစ်ထားပါတယ်။ ဒီအပန်းဖြေစခန်းမှာ တည်းခိုပြီး ဂေါ်ရန်ဂျီကျွန်းကိုလည်း သွားရောက်လည်ပတ်နိုင်ပါတယ်။
 
ဂေါ်ရန်ဂျီကျွန်းအနေနဲ့ မကြာသေးခင်က လူသိများလာတဲ့ ကျွန်းဖြစ်လာတဲ့တွက်ကြောင့် ယခုထိတိုင် လူတို့ပြုပြင်ပြောင်းလဲမှု မရှိသေးတဲ့ကမ်းခြေ၊ သဘာဝကျောက်ဆောင်တွေကို မြင်တွေ့ခံစားရမှာ ဖြစ်ပါတယ်။ ပင်လယ်ရွာလေးရဲ့ နေထိုင်မှု၊ နွေးထွေးပျူငှာမှုတွေကို ကြုံတွေ့ခံစားနိုင်မှာ ဖြစ်ပါတယ်။
 
အခုဆိုရင် ဂေါ်ရန်ဂျီကျွန်းကို သွားရောက်လည်ပတ်ချင်သူတွေအတွက် ဂေါ်ရန်ဂျီကျွန်းမှာ Home Stay ၊ Tent များနဲ့ နေထိုင်ဖို့ စီစဉ်ပေးတာတွေ ရှိပါတယ်။ ဒါ့အပြင် အချို့ခရီးသွား ဝန်ဆောင်မှုများမှာလည်း ဂေါ်ရန်ဂျီကျွန်း ခရီးစဉ်ကို လူတစ်ဦးကို ကျပ် ၆၀၀၀၀ မှ ၈၀၀၀၀ ဝန်းကျင်နဲ့ သွားရောက်လည်ပတ်နိုင်အောင် စီစဉ်ဆောင်ရွက်ပေးမှုတွေ ရှိတယ်လို့လည်း သိရပါတယ်။
 
ကိုယ်ပိုင်အစီအစဉ်နဲ့ အလည်အပတ် သွားမယ်ဆိုရင် ဂေါ်ရန်ဂျီကျွန်းပေါ်မှာ Home Stay ၊ Tent နဲ့နေထိုင်ရမှာဖြစ်ပြီး ဒီဝန်ဆောင်မှုမှာတော့ နံနက်၊ နေ့လယ်၊ ညစာတို့ ပါဝင်ပြီးတော့ ကျွန်းကိုစက်လှေနဲ့သွားရောက် လည်ပတ်တဲ့ စက်လှေခအပါအဝင် တစ်ရက်ဈေးနှုန်းအနေနဲ့ လူတစ်ဦးကို ကျပ် ၃၀၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုက ငရုတ်ကောင်းဒေသကနေစပြီး ဝန်ဆောင်မှုပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
■ ငွေဆောင်
 
ငွေဆောင်ကမ်းခြေကလည်း အားလုံးသိတဲ့အတိုင်း မြန်မာနိုင်ငံရဲ့ လူသိများတဲ့ ကမ်းခြေတစ်ခုပါ။ အခုဆိုရင် ငွေဆောင်ကမ်းခြေက ချောင်းသာထက် သွားရောက်လည်ပတ်မှု များလာသလို လူစိတ်ဝင်မှု များလာတဲ့ ကမ်းခြေတစ်ခု ဖြစ်ပါတယ်။
 
ငွေဆောင်ကမ်းခြေကို လူစိတ်ဝင်စားမှု များလာရခြင်းက ကြည်လင်လှတဲ့ ပင်လယ်ရေမျက်နှာပြင်၊ ပျက်စီးခြင်းမရှိသေးတဲ့ သန္တာကျောက်တန်း၊ Snorkeling ရေငုပ်ခရီးစဉ်တွေကို လုပ်ဆောင်နိုင်တဲ့အတွက် သွားရောက်လည်ပတ်မှု များလာခြင်း ဖြစ်ပါတယ်။
 
ငွေဆောင်ကမ်းခြေကို သွားရောက်အပန်းဖြေမယ်ဆိုရင် နှစ်ညအိပ်သုံးရက်ခရီးအတွက် လူတစ်ယောက်ကို ဈေးနှုန်း ကျပ် ၉၅၀၀၀ မှစတင်ပြီး တည်းခိုတဲ့နေရာပေါ် မူတည်ပြီး ဈေးနှုန်းအမျိုးမျိုး ရှိပါတယ်။
 
■ ငပလီ
 
ရခိုင်ပြည်နယ် စစ်တွေမြို့အနီးမှာရှိတဲ့  ငပလီကမ်းခြေဟာ မြန်မာနိုင်ငံရဲ့ ဆွဲဆောင်မှု အရှိဆုံးနဲ့ အလှပဆုံး ကမ်းခြေတစ်ခုထဲမှာ ပါဝင်ပါတယ်။
 
ငပလီကမ်းခြေကို သွားရောက်လည်ပတ်မယ်ဆိုရင် ဟိုတယ်ဈေးနှုန်းတွေအနေနဲ့ ကျပ် ၈၀၀၀၀ ကနေပြီး USD ၂၀၀ ကျော်အထိ ဟိုတယ်ဈေးနှုန်းတွေ ရှိပါတယ်။ ငပလီကို ကားလမ်းခရီးနဲ့ သွားရောက်မယ်ဆိုရင် လူတစ်ဦးကို အသွား၊ အပြန် ကျပ် ၃၀၀၀၀ ကျသင့်မှာ ဖြစ်ပါတယ်။ လေယာဉ်နဲ့ သွားရောက်ချင်သူတွေ အနေနဲ့ကတော့ USD ၇၁ ကနေစပြီးတော့ ဈေးနှုန်းရှိပါတယ်။
 
■ မြိတ်ကျွန်းစု ခရီးစဉ် 
 
တနင်္သာရီတိုင်းရှိ မြိတ်ကျွန်းစုက ကျွန်းပေါင်း ၈၀၃ ကျွန်းနဲ့ ဖွဲ့စည်းထားပါတယ်။ မြိတ်ကျွန်းက ကျွန်းကြီးရှစ်ကျွန်း၊ ကျွန်းငယ် ၇၉၆ ခုပါဝင်ပါတယ်။ ဒီကျွန်းတွေထဲကမှ ခရီးသွားတွေအနေနဲ့ သွားရောက်လည်ပတ်ရန် အကောင်းဆုံးကျွန်းတွေကတော့ ကြက်မောက်ကျွန်း၊ အနောက်ကျွန်းနီကျွန်း၊ ခရင်းခွကျွန်း၊ ကျွန်းဖီလာကျွန်း၊ ၁၁၅ ကျွန်း၊ လန်ပိကျွန်း၊ ရေတွင်းကျွန်း၊ ဘိုချိုကျွန်း၊ ညောင်ဝှီးကျွန်း၊ မြောက်တော်ဝင်ကျွန်းတွေပါ။
 
ဒီကျွန်းတွေကို ခရီးသွားတွေ သွားရောက်လည်ပတ်မှု မြင့်တက်လာရခြင်းက လှပတဲ့ ရေအောက်ရှုခင်း ကြည့်ရှုခြင်း၊ ရွက်လွှင့်ခြင်း၊ ဆလုံလူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေကို လာရောက်လေ့လာခြင်း၊ လမုတောတွေကို လာရောက်လေ့လာခြင်းတွေကို စိတ်ဝင်စားမှု မြင့်တက်နေရခြင်း ဖြစ်ပါတယ်။
 
မြိတ်ကျွန်းစုက ဘယ်လောက်အထိ လူစိတ်ဝင်စားမှု များသလဲဆိုရင် ၂၀၁၆ ခုနှစ်မတ်လအထိ လာရောက်လည်ပတ်တဲ့ နိုင်ငံခြားသားပေါင်း ၁၆၀၀ ကျော်ရှိပြီး စက်တပ်ရွက်လှေ ၂၀၆ စီးအထိ ဝင်ရောက်ခဲ့ပါတယ်။
 
မြိတ်ကျွန်းစုက Best Trip 2015 ၂၀၁၅ မှာ အဆင့် ၁၁ နေရာရရှိထားတဲ့ ခရီးစဉ်တစ်ခုလည်း ဖြစ်တယ်။ ဒါကြောင့် မြိတ်ကျွန်းစုက နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ခရီးစဉ်တစ်ခု ဖြစ်တဲ့အပြင် ရေအောက်သဘာ၀ အလှအပ ပျောက်ပျက်ခြင်းမရှိသေးတဲ့ ဒေသတစ်ခုလည်း ဖြစ်ပါတယ်။
 
မြိတ်ကျွန်းစုက အလွန်လှပတဲ့ကျွန်းတွေ အများအပြား ရှိတဲ့အတွက် သွားရောက်လည်ပတ်ချင်သူတွေ အနေနဲ့ ကိုယ်သွားရောက် တည်းခိုမယ့် ကျွန်းကတစ်ဆင့် မော်တော်ဘုတ်များဖြင့် သွားရောက်လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။ မြိတ်ကျွန်းစုကို သွားရောက်လည်ပတ်ချင်သူတွေ အနေနဲ့ တစ်ဦးကို ကျပ် ၄၅၀၀၀၀ ကနေစပြီး ဈေးနှုန်းရှိပါတယ်။ ကမ်းခြေမှာ အနားယူဖို့ စိတ်ကူးထားတဲ့ သူတွေအနေနဲ့ အခုဖော်ပြပေးထားတဲ့ ကမ်းခြေတွေထဲက ရွေးချယ်ပြီး ပျော်ရွှင်ဖွယ် အားလပ်ရပ်ကို ကုန်ဆုံးလိုက်ပါ။