ဆေးစက်ကျရာ အရုပ်ထင်စေခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံရဲ့ ငယ်ဘ၀ ဖြတ်သန်းရာ

ဆေးစက်ကျရာ အရုပ်ထင်စေခဲ့တဲ့ ဇာတ်ပို့သရုပ်ဆောင် တက္ကသိုလ်ဂွမ်းပုံရဲ့ ငယ်ဘ၀ ဖြတ်သန်းရာ
Published 31 March 2016
လင်းလင်းခိုင်

အကယ်ဒမီဆိုတာ ရုပ်ရှင်အနုပညာ ရှင်တိုင်းအတွက်တော့ တန်ဖိုးထား မြတ်နိုးရတဲ့ ဆုတစ်ခုပါ။ ရုပ်ရှင်ချစ်သူတိုင်းအတွက်လည်း ရင်ခုန်ရတဲ့ဆုလို့ဆိုရင် မမှားပါဘူး။  နှစ်နှစ်စာ တစ်ပြိုင်တည်းပေးအပ်မယ့် အခုနှစ်ရဲ့အကယ်ဒမီ ထူးချွန်ဆုပေးပွဲမှာ ၂၀၁၅ အတွက် အမျိုးသမီးဇာတ်ပို့ဆုကို ရေပန်းစားနေသူတစ်ဦး ရှိပါတယ်။ သူကတော့ ရုပ်ရှင်ကို ဖလင်နဲ့ရိုက်တဲ့ခေတ်၊ ဗီဒီယိုခေတ်ဦးကနေ လက်ရှိအချိန်ထိကို ဇာတ်ကားအများအပြားမှာ ပါဝင်နေဆဲဖြစ်သလို မင်းသမီးရဲ့ သူငယ်ချင်းအဖြစ်ကနေ မင်းသားမင်းသမီးရဲ့အဘွား ဇာတ်ရုပ်အထိ ပါဝင်ခွင့်ရတဲ့၊ ဇာတ်ကောင်စရိုက်တိုင်း ပီပြင်စွာ ပုံဖော်တတ်တဲ့ တက္ကသိုလ်ဂွမ်းပုံပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုပုံရိပ်တချို့နဲ့ အနုပညာ လမ်းကြောင်းပေါ်က အမှတ်တရတွေကို အကယ်ဒမီအကြို ရင်ခုန်မှုတွေနဲ့အတူ စုစည်း ဖော်ပြပေးပါရစေ။
■ အနုပညာဝါသနာပိုး ကြီးမားခဲ့တဲ့ ငယ်ဘဝ
တက္ကသိုလ်ဂွမ်းပုံကို သြဂုတ် ၃၁ ရက်မှာ မိဘများဖြစ်ကြတဲ့ ဦးလှမြင့်နဲ့ဒေါ်ရင်သန်းတို့က မွေးဖွားခဲ့ကြပြီး ရန်ကုန်ဇာတိပဲ ဖြစ်ပါတယ်။ တစ်ဦးတည်းသော သမီးဖြစ်တဲ့ မဂွမ်းပုံက ငယ်စဉ် ကလေးဘဝတည်းကကို အနုပညာဗီဇ ပြသခဲ့သူတစ်ဦးပါ။ “အနုပညာပိုးကတော့ ငယ်ငယ်ကတည်းကကို တော်တော်လေးကြီးခဲ့တာ။ သုံးတန်းကျောင်းသူ ဘဝကတည်းက ကျောင်းကပွဲတိုင်းမှာ မပါမဖြစ်ဘဲ။ တခြားဘာအနုပညာ လှုပ်ရှားမှုရှိရှိလည်း ရှေ့ဆုံးကနေပါတယ်။ ရုပ်ရှင်ကြည့်ရတာ၊ ပြဇာတ်ကြည့်ရတာလည်း အရမ်းဝါသနာပါတယ်။ အိမ်ကလည်း ကိုယ်အရမ်းဝါသနာပါမှန်းသိတော့ ခွင့်ပြုခဲ့ပါတယ်” လို့ငယ်ဘ၀ အမှတ်တရကို ပြောပြခဲ့ပါတယ်။
■ ကျောင်းစာထက် အနုပညာကို ပိုဝါသနာပါတဲ့ ပညာသင်ကြားမှုကာလ
တက္ကသိုလ်ဂွမ်းပုံက သူငယ်တန်းကနေ အဋ္ဌမတန်းအထိကို အ.လ.က(၃)ဒဂုံမှာ တက်ခဲ့ပြီး ၉ တန်းနဲ့ ၁၀ တန်းနှစ်တွေမှာ တော့ အ.ထ.က(၂) ဒဂုံမှာ တက်ခဲ့တယ်လို့ ဆိုပါတယ်။ အတန်းစဉ်တိုင်းမှာ အနုပညာကို ဝါသနာကြီးလွန်းခဲ့တာကြောင့် ကျောင်းစာမှာတော့ အားနည်းချက်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ၁၀ တန်း တစ်နှစ်ကျခဲ့ပြီး ပြန်လည် အောင်မြင်ချိန်မှာတော့ မြန်မာစာ အဓိကနဲ့ တက္ကသိုလ်တက်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ တက္ကသိုလ် တက်စဉ်မှာလည်း တက္ကသိုလ် အနုပညာသင်တန်းကို တက်ရောက်ခဲ့ပြီး အနုပညာ လှုပ်ရှားမှုတွေနဲ့သာ အချိန်ကုန်တာ များတယ်လို့ဆိုပါတယ်။

■ ဝါသနာပါလွန်းသူအတွက် အနုပညာ ခြေလှမ်းအစ
ငယ်စဉ်ကတည်းက ဝါသနာပါခဲ့တဲ့ အနုပညာကို အကောင်အထည် ဖော်ဖို့အတွက် ကိုးတန်းနှစ်မှာ ‘ပုဝါ နီနီ’ဇာတ်ကားအတွက် သရုပ်ဆောင် ဝင်လျှောက်ခဲ့ဖူးပေမယ့်  ရွေးချယ်ခြင်း မခံခဲ့ရပါဘူး။ တက္ကသိုလ် တက်နေစဉ်မှာတော့ ဒါရိုက်တာ မောင်နန္ဒ ရိုက်ကူးမယ့် ‘ရင်ခုန်မိတာအချစ်လား’ ဆိုတဲ့ဇာတ်ကားမှာ မို့မို့မြင့်အောင်နဲ့ တွဲဖက် သရုပ်ဆောင်ခွင့် ရရှိခဲ့ပါတယ်။
“အဲဒီတုန်းက ဆရာမောင်နန္ဒက ဇာတ်ကားရိုက်ဖူးလား မေးတော့ မရိုက်တော့မရိုက်ဖူးဘူး။ ဒါပေမဲ့ ဆရာသင်တဲ့အတိုင်း လုပ်ပါ့မယ်လို့ပြောတာနဲ့ပဲ နောက်တစ်ရက် လာခဲ့ဆိုပြီး အခေါ်ခံခဲ့ရပါတယ်။ ပထမဆုံး ရိုက်တဲ့ဇာတ်ဝင်ခန်းက သမ္မတရုပ်ရှင်ရုံထဲကနေ မို့မို့မြင့်အောင်နဲ့ အတူထွက်လာတဲ့အခန်းပေါ့။ မဂွမ်းက သရုပ်ဆောင်တွေ ဘာတွေဆိုလည်း အရမ်းကြောက်တာတွေ ဘာတွေ မရှိဘဲ ဒီလိုပဲ သရုပ်ဆောင်လိုက်တာပဲ။ အဲဒါနဲ့ပဲ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့တာပါ” လို့ အနုပညာဘဝရဲ့ပထမခြေလှမ်းကို ပြောပြခဲ့ပါတယ်။

■ အနုပညာလောက ဖြတ်သန်းမှု ကြုံတွေ့ရတဲ့ အခက်အခဲ
တက္ကသိုလ်ဂွမ်းပုံက အနုပညာလောကထဲကို ၁၉၈၆ ခုနှစ်မှာ စတင် ဝင်ရောက်ခဲ့ပြီး စတင်စဉ်ကတည်းက လက်ဦးဆရာကောင်းများရဲ့သင်ကြားပြသမှုကြောင့် အခက်အခဲ အများကြီး မကြုံတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။ ဖလင်ခေတ်ရဲ့အခက်အခဲအရ အမှားအယွင်း နည်းပါးဖို့တော့ ကြိုးစားရတယ်လို့ဆိုပါတယ်။ ကားရိုက်များလာချိန်မှာလည်း တိုက်ခိုက်သူတွေ ရှိပေမယ့် စိတ်ထဲမှာမထားဘဲ ကိုယ့်အလုပ်ကိုယ်လုပ်ရင်းနဲ့ပဲ ဖြတ်သန်းခဲ့တယ်လို့ မဂွမ်းပုံလေးက ဆိုပါတယ်။
“အနုပညာဘ၀ အစကတည်းက ဆရာကောင်းတွေနဲ့ ကြုံတွေခဲ့ရတော့ အရမ်းကြီးတော့ မခက်ခဲပါဘူး။ ဖလင်ခေတ်ဖြစ်တာကြောင့် ဖလင်ရှားပါးမှုအရ မှားလို့မရတာတွေတော့ ရှိခဲ့ပါတယ်။ ကားရိုက်များလာတော့လည်း ကိုယ့်ကိုတိုက်ခိုက်တာတွေ ကြုံရတယ်။ အဲဒီတုန်းက အိမ်မှာဖုန်းမရှိတော့ အိမ်နားက ဖုန်းနံပါတ်ပေးထားရတာ။ ကားရိုက်လှမ်းခေါ်တဲ့သူကို ကိုယ်ရှိရက်သားနဲ့ ချောင်းသာကို ကားသွားရိုက်တယ်ဆိုပြီး ပြောတာမျိုးပေါ့။ ဒါတွေအားလုံးကို ဂရုမစိုက်ဘဲ ကိုယ့်အလုပ်ပဲ ကိုယ်ဆက်ကြိုးစားခဲ့ ပါတယ်” လို့ တက္ကသိုလ်ဂွမ်းပုံက ရယ်မော ရင်းပြန်ပြောပြပါတယ်။

■ ဇာတ်ပို့ဇာတ်ရံတစ်ယောက်အနေနဲ့ ခံစားချက်
“မဂွမ်းလေး ပြောနေကျ စကားလိုပါပဲ။ မင်းသားမင်းသမီးတွေက ထမင်းနဲ့တူတယ်။ ထမင်းဝိုင်းတစ်ဝိုင်းမှာ ထမင်းချည်းပဲစားလို့ မရဘူးလေ။ အစ်မတို့ ဇာတ်ပို့ဇာတ်ရံတွေ ဆိုတာက ခရမ်းချဉ်သီး ငါးပိချက်လိုပေါ့။ ငါးပိချက်လေး ပါလိုက်တော့ ထမင်းစားလို့ ကောင်းလိုက်တာဆိုတာမျိုးလေး ဖြစ်သွားတာမျိုးပေါ့။ မဂွမ်းလေးကတော့ ကိုယ်ပါဝင်ခွင့်ရ တဲ့နေရာတိုင်းကို တာဝန်ကျေအောင် ကြိုးစားတယ်။ ကံ၊ ဉာဏ်၊ ဝီရိယ ထားတယ်။ ကိုယ့်ကိုကြည့်လိုက်ရလို့ ပျော်ရတယ်။ ရယ်ရတယ်ဆိုတာနဲ့တင် အမောပြေရပါတယ်” လို့ ပွင့်ပွင့်လင်းလင်း ဆိုပါတယ်။
■ အကယ်ဒမီ တစ်ကြိုခန့်မှန်းခံရတဲ့ ‘ဤအရာကိုအချစ်ဟုခေါ်သလား’ ဇာတ်ကား
၂၀၁၅ ခုနှစ်အတွက် အကယ်ဒမီစာရင်းဝင် ဇာတ်ကားတစ်ကားဖြစ်တဲ့ ဤအရာကို အချစ်ဟုခေါ်သလား ဇာတ်ကားနဲ့ ပတ်သက်လို့ တက္ကသိုလ်ဂွမ်းပုံက “ဒီကားလေးကတော့ မဂွမ်းလေးတို့ ဇာတ်ပို့သရုပ်ဆောင်သုံးဦးအတွက် အခွင့်အရေးရတဲ့ ဇာတ်ကားလေးပါ။ ဒီကားမှာ ပါဝင်ပေးတဲ့ ကိုနိုင်းနိုင်းနဲ့ မိုးဟေကိုတို့လည်း အရမ်းချီးကျူးစရာ ကောင်းပါတယ်။ သူတို့အတွက် ဘာလုပ်ကွက်မှအများကြီး မပါဝင်တာကို ကြည်ဖြူစွာနဲ့ လက်ခံပြီး ကြိုးစားပေးကြတယ်။ ထုတ်လုပ်သူကလည်း မဂွမ်းလေးတို့ ကြိုးစားမှုကို ယုံကြည်စွာနဲ့ ထုတ်လုပ်ပေးခဲ့ကြတယ်။ မဂွမ်းလေးတို့ကလည်း အစွမ်းကုန်ကြိုးစားခဲ့ကြတယ်။ တကယ်တမ်းရုံတင်တဲ့ အခါမှာတော့ အစ်မတို့ရဲ့လုပ်နိုင်စွမ်းအပေါ်မှာ အားပေးပြီး အသိအမှတ်ပြုကြတယ်။ အဲဒီအတွက် အရမ်းဝမ်းသာပါတယ်။ အကယ်ဒမီဆိုတာကတော့ မင်းသား မင်းသမီးကြီးတွေတောင် အမှန်းခံရပြီး လွဲသွားတာမျိုးတွေလည်းရှိတော့ မမှန်းရဲပါဘူး။ အရမ်းနတ်ကြီးပါတယ်” လို့ ဆိုပါတယ်။
■ အကယ်ဒမီနဲ့ပတ်သက်လို့ ခံယူချက်
တက္ကသိုလ်ဂွမ်းပုံက အကယ်ဒမီနဲ့ပတ်သက်လို့ ရခဲ့မယ်ဆိုရင်လည်း ဘဝရဲ့မှတ်တိုင်တစ်ခုအနေနဲ့ ဝမ်းသာကျေနပ်မှာဖြစ်ပြီး လွဲချော်သွားခဲ့ရင်လည်း ဒီနှုန်းအတိုင်းပဲ ဆက်ပြီး ကြိုးစားသွားမယ်လို့ ဆိုပါတယ်။ အကယ်ဒမီ စိစစ်အကဲဖြတ်အဖွဲ့ဝင်တွေရဲ့ စည်းမျဉ်းတွေကို သေချာနားမလည်ထားတာကြောင့် မရခဲ့ဘူးဆိုရင်လည်း မထိုက်တန်လို့ ဖြစ်မှာပါလို့ ကြိုတွေးထားသလို ရခဲ့သူအတွက်လည်း ဝမ်းသာပေးဖို့ ပြင်ဆင်ထားပြီးသားပါလို့ အရိုးသားဆုံးရှင်း ပြပေးခဲ့ပါတယ်။
■ ရိုးရှင်းတဲ့ မိသားစုဘဝ
တက္ကသိုလ်ဂွမ်းပုံက မိဘနှစ်ပါး၊ ခင်ပွန်းဖြစ်သူတို့နဲ့အတူ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူပါ။ ရိုက်ကွင်းမရှိတဲ့ အားလပ်ရက်တိုင်းမှာ မိဘတွေကို ခရီးတစ်ခုခု လိုက်ပို့ပေးတတ်သလို ခင်ပွန်းဖြစ်သူကလည်း ရိုက်ကွင်းသွားလေရာကို လိုက်ပါတတ်တာကြောင့် စိတ်ချမ်းသာ နွေးထွေးတဲ့ မိသားစုဘဝလေးပိုင်ဆိုင်ခွင့် ရထားပါတယ်လို့ ပျော်ရွှင်စွာနဲ့ဆိုပါတယ်။
အဆုံးသတ်အနေနဲ့တော့ ဘဝမှာ တင်းတိမ်ရောင့်ရဲတတ်ပြီး အခုလက်ရှိနေရတဲ့ ဘဝဖြတ်သန်းမှုကို ကျေနပ်သလို ပရိသတ် ချစ်ခင်အားပေးမှုအတွက်လည်း အမြဲပျော်ရွှင်နေပါတယ်လို့ ပြောပြပေးခဲ့ပါတယ်။ အနုပညာကို ဝါသနာကြီးလွန်းသူတစ်ယောက်၊ ခေတ်အဆက်ဆက် မင်းသမီးတွေရဲ့အနားမှာမြင်တွေ့ခဲ့ရပြီး ဇာတ်လမ်းကို ပံ့ပိုးပေးသူ ဇာတ်ပို့ကောင်းတစ်ယောက်ရဲ့ ဘဝဖြတ်သန်းမှုနဲ့ ရိုးရှင်းတဲ့အတွေးအခေါ်တွေကို ဒီတစ်ပတ်မှာ ဖတ်ရှုခံစားနိုင်မှာပါ။ ပရိသတ်တွေကို ပြုံးပျော်စေတဲ့ တက္ကသိုလ် ဂွမ်းပုံတစ်ယောက် အကယ်ဒမီညမှာ အပြုံးပန်းတွေဝေပြီး အကယ်ဒမီဆုကို ဆွတ်ခူးနိုင်ပါစေလို့ ဆုမွန်ခြွေရင်း ဒီတစ်ပတ်အတွက် ရပ်နားလိုက်ပါရစေ။          

Most Read

Most Recent