နိုင်ငံတော် အသစ်၊ သမ္မတ အသစ်နှင့် ဝန်ကြီး အသစ်များ

နိုင်ငံတော် အသစ်၊ သမ္မတ အသစ်နှင့် ဝန်ကြီး အသစ်များ
Published 25 March 2016
ဒေါက်တာ ခင်မောင်ညို

■ ဝန်ကြီး ကိုဘသစ်“ဆရာ ကိုဘသစ် ဝန်ကြီးတွေ စာရင်း ထွက်သွားပြီ”“အေးကွ”“ဆရာ စာရင်းထဲ ပါမလာဘူး”“အေးကွ”“ဒါဆို ဆရာ ဝန်ကြီး မဖြစ်တော့ဘူးပေါ့”“အေးကွ”ကိုရင်စိန်သည် ကိုဘသစ်ဆီ ရောက်လာကာ စကားမမြည် ပြောတတ်သူ ဖြစ်သည်။  သူက ကိုဘသစ်ကို ဝန်ကြီး ဖြစ်လာမည်ဟု မျှော်လင့်ထားသူလည်း ဖြစ်သည်။ တလောက ကိုသစ်ကို သူက ပြောသည်။“ကိုဘသစ် ဝန်ကြီး စာရင်းထဲ ပါတယ်”“ဟေ၊ ဟုတ်လား၊ ခင်ဗျားကို ဘယ်သူ ပြောလဲ”“ဖေ့ဘွတ်ထဲမှာ ပါတယ်”“ကောလာ ဟလတွေပါကွာ”“အဲဒီ ကောလဟလတွေဟာ ခုထက်ထိ မှန်တယ် ကိုဘသစ်ရ”ထို ကောလာယဟလသည် ယနေ့ မမှန်ကြောင်း ထင်ရှားစွာ သိသွားလေပြီ။ သို့သော် ကိုရင်စိန်က မလျှော့သေးပါ။“ကိုဘသစ် မခံစားရဘူးလား”“ဟေ၊ ဘာကို ခံစားရမလဲ”“ဟိုလေ၊ ဝန်ကြီးဖြစ်မယ် ဆိုပြီးမှ မဖြစ်လာတာကို မခံစားရဘူးလား” 
■ ဆင်းရဲခြင်း အကြောင်းတရားကိုဘသစ်သည် ကိုရင်စိန်ကို ပြုံး၍ ကြည့်လိုက်သည်။ ထိုကိစ္စကို ဆွေးနွေးပါက စိတ်ဝင်စားဖွယ်ရာ အဖြေတစ်ခု ရနိုင်ကြောင်း ဆင်ခြင်မိသည်။ ထိုကြောင့် ကိုဘသစ်က ပြောပါသည်။“လူတွေဟာ ဒီလိုပဲကွ၊ ရမယ် ထင်တဲ့ စည်းစိမ်ဥစ္စာ မရတဲ့အခါ ပူဆွေးသောက ရောက်တတ်တယ်ကွ၊ ရပြီးသား စည်းစိမ်ဥစ္စာတွေကို စွန့်လွှတ်ရတယ် ဆိုလည်း စိတ်သောက ရောက်ရတယ်ကွ”“အဲဒါကို ကျွန်တော် မေးနေတာပေါ့။ ကိုဘသစ်ရော ဘယ်လို ခံစားရလဲ ဆိုတာ”“မင်းက ဘာကို ဆိုလိုတာလဲ”“ကိုဘသစ် အနေနဲ့ ဝန်ကြီး ဖြစ်မယ်လို့ မျှော်လင့်ထားပြီးကာမှ ဖြစ်မလာတော့ စိတ်ဆင်းရဲလား ဆိုတာပါ”“ကံအားလျော်စွာပဲ။ ကျွန်တော်က ကောလာဟလကို မယုံဘူး။ ပြီးတော့ ကိုယ့်ထက် လုပ်နိုင်သူတွေ အများကြီး ရှိတယ်လို့ ယူဆတယ်။ ဒီအတွက် ခံစားရမှုတော့ မရှိဘူးပေါ့”“ဘယ်လို လူတွေက ခံစားရတာလဲ ဆရာ”“အဓိက,ကတော့ ရမယ်ဆိုတာကို သိတယ်။ ရဖို့လည်း နီးစပ်နေတယ်။ ဒါပေမဲ့ မရဘူး ဆိုရင် ပူဆွေးတာမျိုး ဖြစ်တာပဲ။ မင်းတို့ ရွဲကုန်သည် ပြဇာတ်ကို ကြည့်ဖူးတယ် မဟုတ်လား”“ရွှေမန်းတင်မောင် ကတဲ့ဇာတ် မဟုတ်လား။ ဓာတ်ပြားခေတ်က နားထောင်ဖူးပါတယ်”“အဲဒီမှာ ပထမ ရွဲကုန်သည်ဟာ ရွှေခွက်ကို မတရား အလကား လိုချင်တာမျိုးကို တွေ့ရတယ်။ ဒါပေမဲ့ ဒုတိယ ရွဲကုန်သည်က ဒီရွှေခွက်ကို ရသွားတယ်။ ဒီရွှေခွက်ကို သူ မရဘူး ဆိုတာကို သိသွားတော့ သူရင်ကွဲပက်လက် ဖြစ်ရတယ်။ တကယ်တော့ သူလာတဲ့ အခါလည်း သူရွှေခွက် မရှိဘူး။ ပြန်တော့လည်း ရွှေခွက် မရှိဘူးလေ။ ဘာဖြစ်သေးလဲ။ ဒါကို ဆင်ခြင်ဖို့ ဇာတ်လေးပါ”“မှတ်မိတယ် ဆရာ၊ ပေးပေးပေး မပေးပေးပေး ငါ့ရွှေခွက်ပေး ဆိုတာမျိုးကို သတိရတယ်”“တကယ်တော့ ပထမ ရွဲကုန်သည်ဟာ အဲဒီ ရွှေခွက်ကို မပိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ပိုင်မယ်ဆိုတဲ့ အတွေးနဲ့ နေခဲ့လို့ ဒီလို ပူဆွေးရတာပဲ မဟုတ်လား”“ဟုတ်ကဲ့ ဆရာ၊ ခုခေတ် ဒီလိုမျိုးတွေ မရှိဘူး ထင်တယ်”“အများကြီးပေါ့ကွ၊ အိမ်ခြံမြေ လောကမှာ အများကြီး တွေ့ဖူးတယ်။ ကိုယ်က ဈေးပေးနိုင်ရဲ့သားနဲ့ မတရား ဈေးဆစ်တယ်။ ပြီးတော့မှ ပြန်ဈေးတင်ပေးလိုက်မယ်ဆိုပြီး ဆစ်ကြသူတွေပေါ့။ ဒီအချိန်မှာ တစ်ယောက် ယောက်ယူသွားရင် ကြေကွဲတော့တာပဲ”“ဆရာတို့ ဝန်ကြီးဖြစ်မယ်လို့ စဉ်းစားထားသူတွေလည်း ဒီလိုပဲ နေမှာနော်”“သွားစမ်းပါ ကိုရင်စိန်ရာ၊ တကယ်တမ်း ဝန်ကြီး လုပ်သူတွေဟာ နိုင်ငံကို အင်မတန် ပေးဆပ်ရတယ်။ သူတို့ရဲ့ ဘဝကို နှစ်မြှုပ်ပြီး လုပ်ကြရတယ်။ နိုင်ငံတော် အကြီးအကဲတွေ သမ္မတတွေဟာလည်း ဒီလိုလူမျိုးတွေပေါ့ကွ၊ သူတို့ဟာ နေ့မအား ညမအား ကြိုးစားရတယ်။ ဘုရင်တွေဆိုရင် ညဉ့်သုံးယံ တစ်ယံပဲ အိပ်ရတယ်” 
■ အပေးနဲ့ အယူကိုရင်စိန်က ကိုဘသစ်ကို ပြုံး၍ ကြည့်နေသည်။“ဆရာ ကိုဘသစ်ပြောတဲ့ ဝန်ကြီးဆိုတာတွေဟာ စိတ်ကူးယဉ် နေရာမှာပဲ ရှိမယ်ထင်တယ်။ လက်တွေ့မှာ ဝန်ကြီးတွေဟာ ကိုယ့်အိတ်ကိုယ် မဆွဲ၊ ကိုယ့်ကားတံခါး ကိုယ်မဖွင့်ဘူး။ အဆောင်အယောင်တွေ အများကြီးနဲ့ လစာတွေ အများကြီး ရတယ် မဟုတ်လား”“ကိုရင်စိန် ဘာကို ဆိုလိုတာလဲ”“ဝန်ကြီးတစ်ပါး လာမယ်ဆိုရင် ကြိုရပြုရတာတွေ၊ ထီးဆောင်းပေးရတယ်၊ ကောဇောနီတွေ ခင်းရတယ်။ လယ်ကွင်းထဲသွားတာတောင် ကော်ဇောနီခင်းတဲ့ ဝန်ကြီးတွေကို တွေ့ဖူးပါတယ်”“ရှိမှာပါ။ ဒါပေမဲ့ ဒီတလော သမ္မတ အိုဘားမား ကျူးဘားကို သွားတာ သတင်းတွေထဲမှာ တွေ့ဖူး ကြည့်ဖူးလား”“ကြည့်ရပါတယ်”“အမေရိကန်ဆိုတာ အင်မတန်ချမ်းသာတဲ့ နိုင်ငံနော်။ အမေရိကန် သမ္မတ ဆိုတာ တစ်ကမ္ဘာလုံးကို ကိုင်လှုပ်နိုင်တဲ့သူ ဆိုတာ မင်းသိတယ်နော်”“သိပါတယ်။ သူဟာ ကမ္ဘာ့ပုလိပ်ကြီး လိုလို ဖြစ်နေတယ်”“ဟုတ်ပါတယ်။ တစ်ချိန်က ကျူးဘားနဲ့ အမေရိကန်တို့ဟာ တစောင်းစေးနဲ့ မျက်ချေးလို ဖြစ်နေတယ်။ ကျူးဘားဟာ ကွန်မြူနစ် စနစ်ကို လက်ခံကျင့် သုံးတယ်။ ၁၉၆၀ ပြည့်နှစ်လောက်က ရုရှားဟာ ကျူးဘားနိုင်ငံကို ဒုံးကျည်စခန်း လုပ်ဖို့ စီစဉ်တယ်။ ကျူးဘားကို အဏုမြူထိပ်ဖူးတပ် ဒုံးကျည် တစ်ခုကို ပို့တယ်။ အမေရိကန်က ကန့်ကွက်တယ်”“ကျူးဘားဟာ အမေရိကန်နဲ့ ကပ်နေတယ်နော်”“ဟုတ်တယ်။ အတ္တလန္တိတ် သမုဒ္ဒရာမှာ ရှိတယ်။ ကျူးဘားဟာ ဖရော်ရီဒါနဲ့ မိုင် ၅၀ ပဲ ဝေးတယ်။ ရုရှားက ဒီလို ဒုံးကျည်ကို ကျူးဘားမှာ ထားတာ အမေရိကန်ကို ခြိမ်းခြောက်တာပဲလို့ အမေရိကန်က ယူဆတယ်။ ဒါကြောင့် ဒုံးကျည်တင်လာတဲ့ သင်္ဘောကို ပြန်လှည့်ဖို့ အမေရိကန်က ရာဇသံပေးတယ်။ ရုရှားကလည်း ပြန်မလှည့်ဘူး။ အမေရိကန်က ဒီလို ပြန်မလှည့်ရင် မော်စကိုကို အဏုမြူထိပ်ဖူးတပ် ဒုံးကျည်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက်တော့တာပဲ”“တတိယ ကမ္ဘာစစ်ကို ဦးတည်နေတာပေါ့နော်”“ဟုတ်တယ်ကွ၊ နောက်ဆုံး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးဆောင်တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေက ညှိနှိုင်းပေးလိုက်တော့မှ ဒီကိစ္စ ပြေလည်သွားတယ်”“တတိယ ကမ္ဘာစစ်ကို ဟန့်တားနိုင်တာပေါ့နော်”“ဒါပေါ့။ ဦးသန့် နာမည် အတော်ကြီးသွားပါတယ်။ ငြိမ်းချမ်းရေးဆိုတာ ညှိနှိုင်းရ အင်မတန်ခက်တဲ့ ကိစ္စတစ်ခုပါ။ ဒီဘက်ခေတ်မှာ ကျူးဘားက မူဝါဒ ပြောင်းလာလို့ အမေရိကန်နဲ့ ပြေလည်မှု ရလာတယ်။ အမှန်တော့ အိုဘားမားဟာ အနှစ် ၈၀ အတွင်း ကျူးဘားကို ပထမဆုံး သွားရောက်တဲ့ အမေရိကန် သမ္မတ ဖြစ်တယ်”“သူတို့ နွေးထွေးစွာ ဆက်ဆံကြတာပဲ”“မှန်ပါတယ်။ ဒါပေမဲ့ မင်းသတိထားမိမှာပါ။ အမေရိကန် သမ္မတ အိုဘားမားဟာ မိုးရွာနေလို့ လေယာဉ်ပေါ်က ဆင်းတဲ့အခါ ထီးဆောင်းဆင်းလာတာ”“ဟုတ်တယ်လေ။ ကျူးဘားက ဘေ့စ်ဘောပွဲသွားတော့လည်း မိုးရွာနေတော့ ထီးဆောင်းသွားတယ်”“အမေရိကန် သမ္မတကြီးကို ဘယ်သူ ထီးမိုးပေးလဲ”“ခင်ဗျာ၊ သူ့ထီး သူဆောင်းတာပေါ့”“အေး၊ မြန်မာပြည်က ဝန်ကြီး ဘယ်နှယောက် သူ့ထီး သူဆောင်းတာ တွေ့ဖူးလဲ”“စဉ်းစားစရာပဲ ကိုဘသစ်ရေ၊ ကျွန်တော်တို့ဆီက ဝန်ကြီးတွေဟာ ထီးတော် မိုးတွေနဲ့ နေတယ်။ သူ့အိတ်သူ မဆွဲဘူး။ သူ့ကားတံခါး သူမဖွင့်ဘူးဆိုတာ ပုံမှန်ပေါ့လေ။ Norm လို ဖြစ်နေတယ်။ ဘယ်သူမှလည်း သတိ မထားမိကြတော့ဘူး”“ကျွန်တော် ပြောချင်တာကလေ၊ သူက ဝန်ကြီး သူယူတယ်ဗျ၊ ဒါက ခင်ဗျားပြောသလို Norm လို့ ထားပါတော့။ ဒါပေမဲ့ သူပြည်သူကို ဘာတွေ ပြန်ပေးလဲ၊ အိမ်တွေမြေတွေ ယူတယ်။ ခုပြောနေကြတယ်။ ဟုတ်၊ မဟုတ်တော့ မသိပါဘူး။ သူတို့ အပြောင်းမှာ အိမ်ထောင် ပရိဘောဂတွေပါ ရောင်းစားသွားတယ်။ ကော်ဇောတွေပါ ခွာသွားတယ်တဲ့”“ထွက်ခွာတယ်ဆိုတာ ထွက်တဲ့အခါ ခွာသွားတာမျိုးလို့ ပြောကြတာပဲ”“တကယ်တော့ အစိုးရဆိုတာ ပြည်သူတွေအတွက် လုပ်ပေးတာလေ။ ပြည်သူ့ ဘဏ္ဍာကို စားတယ်။  ပြည်သူတွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးသူတွေ ဖြစ်ရတယ်။ အပေးနဲ့ အယူပေါ့” 
■ ပြည်သူ့ အတွက်ကိုဘသစ်နှင့် ကိုရင်စိန်တို့၏ ဆွေးနွေးမှုကို အဆုံးသတ်ပါတော့မည်။ သူတို့ ဆက်ဆွေးနွေးကြပါသည်။“ယနေ့ အစိုးရသစ်ဟာ ပြည်သူက ရွေးပေးတဲ့ အစိုးရပါ။ ပြည်သူတွေကို အလုပ်အကျွေး ပြုမယ်။ ပြည်သူတွေကို အကာအကွယ်ပေးဖို့ အရေးကြီးတယ်”“ဒါဆို ကိုဘသစ်၊ ဘယ်လို ဝန်ကြီးတွေကို မျှော်လင့်လဲ”“အိန္ဒိယ သမ္မတဟောင်း အဗ္ဗဒူကလာမ်လို ခေါင်ဆောင်မျိုးတွေ မျိုးပေါ့။ အိမ်တော်ကို လာတော့ သေတ္တာငယ်လေး တစ်လုံးပဲ ပါလာတယ်။ ပြန်တော့လည်း သေတ္တာ တစ်လုံးပဲ ပြန်ပါသွားတယ်”“ကျွန်တော်တို့ အစိုးရလည်း တိုင်းပြည်ကို ဆင်းရဲတွင်းက ကယ်တင်နိုင်မှာပေါ့နော်”“ကယ်နိုင်မှာပါ”“တကယ် ရွေ့မှာပေါ့နော်”“ရွေ့ပါလိမ့်မယ်”ဇွန်ပန်းရုံအနီး လှည်းဘီး နစ်နေသည်။ ဝိုင်းကူကြဖို့ လိုပါသည်။ ပြိုင်တူတွန်းလျှင် ရွေ့ပါမည်။

Most Read

Most Recent