(၁)ဆရာကြီး ဒေါက်တာ သန်းထွန်းက သမိုင်းသင်တာ မ,အအောင်လို့ ဆိုပါတယ်။ သင်ကြားတယ် ဆိုကတည်းက သာမန်ကာ လျှံကာ ဟိုလှန် ဒီလှန်နဲ့ ဖတ်ချင်တာ ဖတ်၊ ကျော်ချင်တာ ကျော်သွားတာမျိုးထက် စာရင် သေချာကျန လေ့လာ ပြင်ဆင်ထားသူ တစ်ယောက်က ပြန်ပြီး ပြောပြတာ၊ သုံးသပ်ပြတာမျိုး ပိုပြီး ဖြစ်နိုင်တာပေါ့။ ဆရာက ဦးဆောင် ဆွေးနွေး သင်ကြားပေးတာပဲ ဖြစ်ဖြစ်၊ အပြန်အလှန် မေးမြန်း ဆွေးနွေးတာပဲ ဖြစ်ဖြစ် အကျိုးကျေးဇူး တစ်စုံတစ်ရာ ရနိုင်မှာပါ။(၂)သမိုင်း စာပေများကို ခေတ်အဆက်ဆက် ပြုစုချိန်၌ တိုင်းပြည်ကို အုပ်ချုပ်သော ရှင်ဘုရင်မင်းများ၊ အစိုးရများ၏ အရိပ်ထိုးမှုကို သမိုင်းဆရာများ ခံရလေ့ ရှိသည်။ ရှေး အဖြစ်အပျက်များသည် သူတို့ ရေးသားသော အချိန်ကာလရှိ အစိုးရ မင်းများ၏ အုပ်ချုပ်မှု စနစ်ကို ရောင်ပြန် ထင်ဟပ်၍ ထိခိုက်မည့် အချက်အလက်များကို ဖုံးဖုံးဖိဖိသာ ရေးရဲကြသည်။ တစ်ချိန်တည်း၌ အာစရိယဝါဒခေါ် အထက် ဆရာကြီးများ အမြင်ကို မကျော်လွှားရဲခြင်း၊ အစဉ်အလာကို လိုက်ရခြင်း၊ တစ်ဖက်စွန်းသို့ ရောက်အောင် မှိုင်းသွင်းထားသော မျိုးချစ်စိတ် အတုအယောင် ရှိသူများ၏ ထိုးနှက်မှုကို ရှောင်ရခြင်းတို့သည် ရှိစမြဲ ဖြစ်ပါသည်။ (စာမျက်နှာ - ၈)(၃)ကမ္ဘာ့ သမိုင်းမှာရော မြန်မာ့ သမိုင်းမှာပါ ကျွန်စနစ် ထွန်းကားခဲ့ဖူးတယ်။ ‘ကျွန်’ ဆိုတာ ပုဂံခေတ်က ‘ကျာန်’ ဆိုတဲ့ ဝေါဟာရက ဆင်းသက်လာတာလို့ ဆိုပါတယ်။ အောက်တန်းနောက်တန်း ကျတယ်လို့ ဆိုသူက ဆိုပါတယ်။ နှိမ်ချ သုံးနှုန်းတဲ့ သဘောမျိုး မဟုတ်ဘဲ အမှုထမ်းခြင်း၊ အလုပ်အကျွေးပြုခြင်း ဆိုတဲ့ သဘောမျိုးဖြစ်ကြောင်း သုံးသပ်သူလည်း ရှိပါတယ်။မြန်မာနိုင်ငံမှာ ကျွန်ဖြစ်ရတဲ့ အကြောင်းရင်းကို လိုက်ပြီး သုံ့ကျွန်၊ လက်ရကျွန်၊ ဖမ်းရကျွန်၊ ငွေဝယ်ကျွန်၊ အမွေကျွန်၊ လက်ဆောင်ရကျွန်၊ သားပေါက်ကျွန်၊ တရားနိုင်ကျွန်၊ ထမင်းစားကျွန် ခံကျွန်၊ အကြွေးကျွန်၊ လွတ်လပ်မှု ရပြီးမှ ကျွန်ခံလာသည့် ကျွန် စသဖြင့် ရှိကြောင်း ပုဂံဝန်ထောက် ဦးတင်က မြန်မာမင်းများ အုပ်ချုပ်ပုံ စာတမ်းမှာ ရေးခဲ့တယ်။ ပုဂံခေတ်မှာ သိသာ ထင်ရှားတဲ့ ကျွန်အမျိုးအစားတွေက ပုဂံကျွန်၊ လယ်ယာကျွန်၊ သာသနာကျွန်၊ ဘုရားကျွန်၊ ပိဋကတ်ကျွန်၊ ကျောင်းကျွန်တွေဖြစ်ပြီး တစ်ခါတလေမှာ ဘုရားဒကာတွေ၊ မင်းစိုးရာဇာတွေ ကိုယ်တိုင် ရမ္မက်ကျွန်၊ တဏှာကျွန် ဘဝက လွန်မြောက်ချင်လို့ ထီးနန်း၊ စည်းစိမ်၊ ရာထူး၊ အာဏာတွေ စွန့်ပြီး ဘုရားကျွန် ဘဝကို ခံယူ ဆောက်တည်သွားခဲ့တာလည်း ရှိတယ်။ ပုဂံခေတ် ကျွန်တွေထဲမှာ မြင်းကျွေးမင်းနဲ့ စလေငခွေးမင်းတို့ဟာ ကျွန်ဘဝကနေ ဘုရင်ကိုသတ်ပြီး မင်းဖြစ်ခဲ့ကြသူတွေပါ။(၄)ဆရာတော် ပေါင်လောင်ရှင်ကဿပ နှင့် သူ၏နောက်ပါ သံဃာတော်များ အသွင်ဆောင်သော အရညကင် ဘုန်းကြီးများသည် လူကြိုက်များသော ဗေဒင်ယတြာ ဟောကြားမှု၊ ကျန်းမာရေးအတွက် ဆေးကုသမှု၊ ပီယဆေး၊ အဆောင်လက်ဖွဲ့များ ပေးမှုနှင့် လောကီပညာ လုပ်ရပ်များဖြင့် ကုသမှုများ ပြု၍ ပုဂံသားများ များစွာ သဘောကျ နှစ်ခြိုက်ကြသည်။ အထူးသဖြင့် နန်းတော်မှ မိဖုရားများ၊ မင်းသမီးများ၊ ရာထူး တိုးလိုသော မှူးမတ်ငယ်များသည် ထိုတောကျောင်းသို့ များစွာ ချဉ်းကပ်ပေးလှူကြသည်။ (စာမျက်နှာ - ၇၀)(၅)အစစ်တစ်ခု အတုတစ်ထောင် အယောင်တစ်သိန်း အပလိန်း အနန္တလို့ ဆိုပါတယ်။ သံဃာစစ် သံဃာမှန်တွေ ရှိသလို အတုအယောင်တွေလည်း ရှိနိုင်တာပါပဲ။ လူတွေကလည်း လတ်တလော မျက်စိရှေ့မှာ မြင်ရတဲ့ အကျိုးစီးပွားကို လိုလားကြတဲ့ လောဘသားတွေက ခပ်များများဆိုတော့ ဓာတ်ဘုန်းကြီး၊ နတ်ဘုန်းကြီး၊ ဆေးဘုန်းကြီး၊ ဗေဒင်ဘုန်းကြီးတွေ တန်ခိုးထွား ထင်ရှားလာတော့တာပေါ့။ အာဏာရှိသူဆီက အခွင့်အရေး ရအောင် ကြားက ဆက်သွယ် လုပ်ဆောင်ပေးတဲ့ ပွဲစား ဘုန်းကြီးတွေလည်း ပေါ်လာတယ်။ နန်းတော်ကို လမ်းပေါက်အောင် ဘုရင်ကိုးကွယ်တဲ့ ဘုန်းကြီးအနားကပ် ကပ္ပိယ လုပ်ပြီး ရင်းနှီးမှုရအောင် ကြိုးစားတာတွေ ရှိလာတယ်။ တချို့ ဘုန်းကြီးရိုးရိုးကြီးတွေ ခမျာမှာတော့ အသုံးချ ခံနေရတာကို မသိကြရှာဘူး။ ဘုရင်ကလည်း ပြည်သူကို စည်းရုံးဖို့ ဘုန်းကြီးကို အသုံးချတယ်။ ဘုန်းကြီး ခပ်လည်လည်တွေကလည်း ဘုရင်နာမည် သုံးပြီး စီးပွားရှာတယ်။ ခံရသူ အများစုကတော့ အောက်ခြေက ပြည်သူတွေ။(၆)ဆရာတော်သည် တောကျောင်းဂိုဏ်းကို စီးပွားရေးလုပ်ငန်း တစ်ခုသဖွယ် လုပ်ဆောင်စေသည်။ သူ၏ ရဟန်းများကို အလှူခံရသော သာသနာ မြေကွက်များ၌ ကျွန်များကို ကြီးကြပ်စေ၍ သီးနှံများ ထုတ်လုပ်သည်။ သူ၏ ဒါယကာ တပည့်ကြီးများ၊ မှူးမတ်ငယ်များ၊ အရာရှိများကို ငွေပေး၍ မြေကွက်ကောင်းများနှင့် ကျွန်များကို ဝယ်စေ၍ တောကျောင်းသို့ အလှူကြီး ပေးစေသည်။ (စာမျက်နှာ - ၇၂)(၇)၁၂၃၅ ခုနှစ်တွင် နန်းတက်လာသော ကျစွာမင်းကြီးသည် ဗုဒ္ဓဘာသာကို ခြေခြေမြစ်မြစ် လေ့လာ ကျွမ်းကျင်သူ ဖြစ်၍ အရညကင် တောကျောင်းတို့ ဓလေ့မှာ ဗုဒ္ဓဘာသာ ရဟန်းတို့ သိက္ခာပုဒ်များနှင့် များစွာ ဆန့်ကျင်နေကြောင်း သဘောပေါက်သည်။ တစ်နန်းတော်လုံးတွင် ထိုသို့ သဘောပေါက်သူမှာ ရှင်ဘုရင်နှင့် သမီးတော် မင်းမိ (သံဗျင်မင်းသမီး) သာ ရှိ၍ ကျန်သူများမှာ တောရကျောင်းဂိုဏ်းကို အထူး ကိုးကွယ်သူများ ဖြစ်သည်။ မင်းကြီးသည် ပရမတ္ထဗိန္ဒု အမည်ရှိသော ကျမ်းတစ်စောင်ရေး၍ သူ၏ နန်းတွင်းတွင် ဖတ်စေသည်။ သို့သော် သူ၏ မိဖုရား၊ သမီးများ တောကျောင်းသို့ သွားဆဲပင်။ (စာမျက်နှာ - ၇၃)(၈)ရာဇဝင်လာ မိဖုရားတွေထဲမှာ အလောင်းစည်သူ မင်းရဲ့ မိဖုရား တစ်ပါးဖြစ်တဲ့ ခင်ဦးကို ထူးထူးခြားခြား မှတ်တမ်း ပြုရမှာပါ။ နာမည်ရင်း ခင်အုန်းဖြစ်ပြီး ၁၈ နှစ်လောက်မှာ ပထမ အိမ်ထောင်ကျ၊ သမီးတစ်ယောက် မွေး၊ လင်သေ၊ လင်တစ်ယောက် ထပ်ယူ၊ သမီးတစ်ယောက် ထပ်မွေး၊ လင်ထပ်သေနဲ့ အသက် ၂၅ နှစ်လောက် သမီးလေးယောက် မိခင် မုဆိုးမ လေးထပ်ကွမ်း ဘဝမှာ အလောင်းစည်သူ မင်းက ဒီအမျိုးသမီး ဘုန်းကြီးပေတယ်။ သာမန်လူတွေနဲ့ မတန်လို့ လင်တွေ သေရတယ် ဆိုပြီး တော်ကောက်၊ မိဖုရားလတ်အဖြစ်နဲ့ မြှောက်၊ ခင်ဦးအမည် ဘွဲ့ပေးပြီး ပဉ္စမမြောက် လင်အဖြစ် ခံယူခဲ့ပါတယ်။မိဖုရား ခင်ဦးရဲ့ ပ၊ ဒု၊ တ- လင်တွေနဲ့ ရတဲ့ သမီး မင်းသမီးတွေဟာ မင်းသားတွေနဲ့ အကြောင်းပါပြီး ပုဂံ ရွှေနန်းရှင်တွေရဲ့ မိခင်တွေ ဖြစ်လာပါတယ်။ အလောင်းစည်သူမင်းနဲ့ ရတဲ့ သမီးတော်တွေဟာလည်း အလားတူပါပဲ။ ဥပမာ ပြရရင် နောက်ပိုင်း ပုဂံမင်းတွေ ဖြစ်တဲ့ နရသိင်္ဃမင်း၊ နရပတိ စည်သူမင်းတို့ဟာ ခင်ဦးရဲ့မြေးတွေ ဖြစ်ကြပါတယ်။ နန်းတောင်းများမင်းက မြစ်တော်ပြီး နရသိင်္ဃဥစ္စနာမင်း၊ ကျစွာမင်းတို့က မြစ်ရဲ့ သားတော်ဖြစ်ပြီး ဥစ္စနာမင်းကတော့ မြစ်ရဲ့မြေးတော်၊ နရသီဟပတေ့က ဥစ္စနာ မင်းရဲ့သား၊ နန်းကျကျော်စွာက နရသီဟ ပတေ့ရဲ့သား၊ မင်းလုလင်စောနစ်နဲ့ သရက်မင်း ရှင်စောတို့က နန်းကျကျော်စွာရဲ့ သားတွေ ဖြစ်နေပြန်ပါရော။ အင်းဝမင်းကြီး စွာစော်ကဲဟာလည်း သရက်မင်းရှင်စောရဲ့သား ဆိုတော့ ခင်ဦးသွေးပေါ့။မြန်မာ ရာဇဝင်ဆရာတွေက ဒုတိယ မြန်မာနိုင်ငံတော် တည်ထောင်ခဲ့တဲ့ ဘုရင့်နောင်၊ တတိယ မြန်မာနိုင်ငံတော် တည်ထောင်ခဲ့တဲ့ အလောင်းဘုရား တို့ကိုပါ ဆွေကြီးမျိုးကြီးဝင်တွေအဖြစ် ပြဖို့ ပုဂံမင်း၊ အင်းဝမင်းတွေနဲ့ အမျိုးစပ်ပြလေ့ ရှိပါတယ်။ ခင်ဦးရဲ့ ဆွေတော်စဉ် မျိုးတော်ဆက် ဇယား (Family Tree) ကိုသာ စနစ်တကျနဲ့ စဉ်ဆက်မပြတ် ရေးဆွဲခဲ့မယ် ဆိုရင် ပုဂံခေတ် အလယ်ပိုင်းကနေ စပြီး ရှင်ဘုရင်တွေ၊ မိဖုရားတွေမှာ ခင်ဦးသွေး ပါနေတာ တွေ့ရမှာပါ။ ဒါဆိုရင် ခင်ဦးကို ရာဇဝင် မိခင်ကြီးလို့ ခေါ်ဆိုတာ သင့်လျော်ပါတယ်လို့ မှတ်ချက်ပြုရမှာပါ။(၉)ရာဇဝင်မှာ အလောင်းစည်သူမင်းကို ဘုန်းတန်ခိုး အင်မတန် ကြီးပါတယ် ဆိုပြီး ရေးတာတွေ တွေ့ရတယ်။ ပြောရရင် အနော်ရထာ တည်ထောင်ခဲ့တဲ့ ပုဂံကို ကျန်စစ်သားက ဖွံ့ဖြိုးတိုးတက် ဝေစည်စေခဲ့တာဖြစ်ပြီး အလောင်းစည်သူက သက်သောင့်သက်သာ ဆက်လျှောက်ခဲ့ရတာပါ။ အနော်ရထာရော၊ ကျန်စစ်သားပါ စစ်ဘုရင်တွေ။ ဒါပေမဲ့ အမြင်တော့ ကွဲပြားကြတယ်။(၁၀)အနော်ရထာ မင်းကြီးသည် စစ်အာဏာရှင် ဖြစ်သည်။ စစ်အာဏာရှင်တို့ ထုံးစံမှာ မိမိနှင့် အဆင့်နီးကပ်သော အခြား ခေါင်းဆောင်ကို ထားလေ့ မရှိပေ။ သို့သော် အနော်ရထာသည် သူ၏ စစ်ဗိုလ်ချုပ်များကို မိမိနှင့် အနီးကပ်ထား၍ ချီးမြှောက်သည်ကို တွေ့ရပေမည်။ စစ်ချီစစ်တက် ပြုသောအခါ စစ်ဗိုလ်ချုပ်များနှင့် ရောထွေးသွားလာ၍ တခမ်းတနား သီးသန့်နေလေ့ မရှိသဖြင့် နေရာထိုင်ခင်းကို အတူအညီ ခင်းထားကြောင်း ရာဇဝင်ကြီးများ၌ ဆိုသည်။ (စာမျက်နှာ - ၁၇၂)(၁၁)ကျန်စစ်သားသည် ရဲရင့်၍ စွန့်စားရဲသူ ဖြစ်သည်။ စစ်အာဏာရှင် အောင်နိုင်သူ ဖြစ်သော်လည်း မွန်လူမျိုး အမျိုးသားရေး ကိစ္စ၌ ရန်သူ၊ မိတ်ဆွေကို သေချာစွာ ခွဲခြားပြီး တိုင်းနိုင်ငံ ရေရှည် အကျိုးရှိအောင် ထိန်းသိမ်းကိုင်တွယ်နိုင်စွမ်း ရှိသည်။ လူမျိုးရေး ပြဿနာကို ဖော်သူများအား ထိထိရောက်ရောက် ချေမှုန်းသည်။ ယဉ်ကျေးမှုတွင် သာလွန်၍ အတတ်ပညာ ကျွမ်းကျင်မှုရှိသော မွန်အတတ်ပညာသည်များ၊ မွန်ပညာရှိများနှင့် အုပ်ချုပ်ရေးရာ ကျွမ်းကျင်သူများကို လိုလိုလားလား မြှောက်စား၍ ပုဂံနေပြည်သို့ ချမ်းသာစွာ နေထိုင်နိုင်ရန် ခေါ်ဆောင်လာသည်။ တစ်ဖက်သတ် တစ်ဇွတ်ထိုး ကျဉ်းမြောင်းသော လူမျိုးရေး စိတ်ဓာတ်ကို ပယ်ဖျက်ပေးသည်။ကျန်စစ်သားသည် ထိုစဉ်က စစ်အင်အား အလွန်ကောင်းသည့် ပုဂံပြည် စစ်တပ်ကို ပိုင်ဆိုင်ခဲ့သည်။ သို့သော် စစ်အင်အားသုံး၍ တိုက်ခိုက်လုယက်သော စနစ်သည် ရေတိုရေရှည် အကျိုးမရှိဟု သဘောထား၍ ပြည်ပနိုင်ငံမှ ကုန်သည်များကို လမ်းဖွင့်ပေးပြီး ပုဂံကို ကုန်သည်မြို့၊ ပုသိမ်၊ ဒလ၊ ပဲခူး၊ မုတ္တမတို့ကို ဆိပ်ကမ်းမြို့ကြီးများအဖြစ် အားပေးခဲ့သည်။ ပုဂံပြည်သည်လည်း ချမ်းသာကြွယ်၀ လာသည်။ (စာမျက်နှာ - ၁၈၂)(၁၂)လောကတံထွာ ဓမ္မတာအရ အရာရာတိုင်းမှာ အတက်အကျ ရှိပါတယ်။ တိုင်းပြည်တွေမှာလည်း အလားတူပါပဲ။ တက်ခြင်း၊ ကျခြင်းဆိုတဲ့ အကျိုးတွေဟာ တက်စေခြင်း၊ ကျစေခြင်းတို့ကို ဖြစ်ပေါ်စေတဲ့ အကြောင်းတရားကင်းပြီး ဖြစ်မလာပါဘူး။ အရည်အချင်းရှိပြီး ဉာဏ်အမြော်အမြင်နဲ့ ပြည့်စုံတဲ့ ခေါင်းဆောင်ကောင်းတွေရဲ့ လက်ထက်မှာ တိုင်းပြည် တိုးတက်ပါတယ်။ အရည်အချင်းမဲ့ပြီး ထင်ရာလုပ်တဲ့ ခပ်ညံ့ညံ့ ခေါင်းဆောင်တွေရဲ့ လက်ထက်မှာ တိုင်းပြည် ဆုတ်ယုတ်ပါတယ်။အပျော်အပါး အလွန်အကျွံ လိုက်စားပြီး တောလိုက်ခြင်းမှာသာ ပျော်မွေ့နေခဲ့တဲ့ ဥဇနာ၊ မောက်မာရိုင်းပျတဲ့ သီဟသူတို့ အလွန်မှာ ကံအားလျော်စွာ ဘုရင်ဖြစ်ခဲ့တဲ့ နရသီဟပတေ့ဟာ စဉ်းစားဝေဖန်နိုင်ခြင်း မရှိ၊ အတွေးအခေါ် အရည်အချင်းကလည်း ကင်းမဲ့သူပါ။ မင်းစည်းစိမ်မှာ ယစ်မူး၊ ရုန့်ရင်းကြမ်းတမ်း ရက်စက်ပြီး စာနာစိတ်ကင်းမဲ့စွာနဲ့ မတရား အနိုင်ကျင့်ရတာကို သိပ်သဘောကျတာကလား။ အနားမှာ ရှိသူတွေကလည်း အာဏာရှင် ဘုရင်ကို ဖားပြီး ဘုန်းတော်ဘွဲ့တွေနဲ့ ရူးအောင်မြှောက်၊ ကိုယ့်စားပေါက်သာရေးသာ ဦးစားပေး လုပ်တတ်သူတွေ။ နောက်ဆုံးမှာ ပုဂံအင်ပါယာ ပြိုကွဲ ပျက်စီးခဲ့ရတယ်။ နရသီဟပတေ့လည်း တရုတ်ပြေးမင်းဆိုပြီး ရာဇဝင်မှာ နာမည်တွင်ခဲ့ ပါတော့တယ်။(၁၃)သမိုင်းဟာ လူတိုင်းနဲ့ ဆိုင်ပါတယ်။ လူတိုင်းဟာလည်း ကိုယ့်သမိုင်းကို ကိုယ်ရေးနေကြတာကိုး။ တချို့က ကိုယ့်သမိုင်းကို ကိုယ်တိုင် စာစီဖွဲ့ပြီး စာမျက်နှာတွေပေါ်မှာ မှတ်တမ်း တင်ကြတယ်။ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ အငြိမ့်ထဲက လူပြက်တွေ ပြောသလို သူများ မကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းတွေ ရေးတာမျိုးလည်း ဖြစ်ချင် ဖြစ်နိုင်တယ်။ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းတော့ ဘယ်သူက နာအောင် ထောင်းပါ့မလဲလေ။မကောင်းတာတွေ ဖယ်ပြီး ကောင်းတာတွေကို ချည်းပဲ ရေးတာက တကယ်ကောင်းတာ လုပ်ခဲ့တာတွေ ဆိုရင် နားလည်ပေးလို့ ရနိုင်ပါတယ်။ မကောင်းတာချည်းတွေ လုပ်ခဲ့တဲ့ လူတစ်ယောက်က တစ်လောကလုံး သိနေတဲ့ မကောင်းသတင်းတွေကို ဖျောက်ပြီး ကောင်းခြင်းတွေကို စာစီဖွဲ့တယ် ဆိုရင် နင်ပလီလွန်းလှချည်လား ဆိုရပါတော့မယ်။ (၁၄)ပညာရေးစနစ်ရဲ့ အားနည်းချက်တွေကြောင့် ဦးဘရဲ့ သားသမီးတွေ များနေတဲ့ တိုင်းပြည်မှာ အရာရာကို ချဉ်းကပ်မှုပုံစံ တစ်ခုတည်းနဲ့ ကြည့်ရှုလေ့လာ ဝေဖန် သုံးသပ်တာမျိုးကို စွန့်လွှတ်သင့်ပါပြီ။ တစ်ကြောင်းလျှောက် တစ်ပေါက်တိုး ပုံစံနဲ့ ကြီးပြင်းလာခဲ့ရတာအတွက် ကိုယ့်မှာ တာဝန်မရှိဘူး ဆိုရင်တောင် နောင်မျိုးဆက်တွေကို ကိုယ်လိုပဲ အညံ့ သံသရာထဲမှာ တဝဲလည်လည် ဆက်နစ်နေစေဦးမယ် ဆိုတာမျိုးက လုံး၀ မဖြစ်သင့်တဲ့ ကိစ္စပါ။ပုဂံအင်ပါယာကြီးကို ထူထောင်ခဲ့တဲ့မင်း၊ တိုးတက်ကြီးပွား တည်တံ့စေခဲ့တဲ့ မင်းနဲ့ ပျက်စီးစေခဲ့တဲ့ မင်း။ မင်းသုံးပါး အကြောင်း အပါအဝင် ပုဂံခေတ်ရဲ့ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး စတဲ့ အရေးအရာတွေကို (အန်ကယ်) (ဦး) မောင်မောင်မြင့်က သူထင်သမျှကို ရဲရဲတွေးပြီး အချုပ်အခြယ်မရှိ ရဲရဲစိစစ် တင်ပြခဲ့ပါတယ်။ အန်ကယ်က ရေနံဓာတုနဲ့ ဘိလပ်မြေသိပ္ပံ ပညာကို တတ်ကျွမ်းတဲ့ အသက် ၈၀ အရွယ် အင်ဂျင်နီယာကြီးပါ။ ပညာ ပြည့်ဝခဲ့ပြီး ပြည်တွင်းပြည်ပ ရာဇဝင်၊ သမိုင်းစာအုပ် မျိုးစုံကို ငယ်စဉ်ကတည်းက ဖတ်ရှုလေ့လာခဲ့သူ တစ်ယောက်အဖို့ ဒီအသက်အရွယ်မှာ အတွေ့အကြုံတွေ များပြားပြီး ရင့်ကျက်လာခဲ့ပြီ ဖြစ်တဲ့အလျောက် အမှန်အမှား ကောင်းကောင်း ခွဲခြားနိုင်မယ် ဆိုတာ သံသယ ပွားစရာ အကြောင်း မရှိပါဘူး။ စေတနာကောင်း စေတနာမွန်တွေနဲ့ ရှေးရိုးစဉ်လာ မဟုတ်တဲ့ အမြင်တွေကို ရေးသား တင်ပြခဲ့တာ စာဖတ်သူတွေ၊ သုတေသီတွေအတွက် အကျိုးများစေမှာ အမှန်ပါ။လူမိုက်၊ လူယုတ်မာကြီးတွေ ကျန်းမာစွာ အသက်ရှည်ခြင်းက လောကကို အလှပျက်စေပါတယ်။ လူလိမ္မာ၊ ပညာရှိတွေ ကျန်းမာစွာ အသက်ရှည်ခြင်းက လောကကို အလှတက်စေပါတယ်။ အန်ကယ် ကျန်းမာ အသက်ရှည်စွာနဲ့ စာကောင်းပေမွန်တွေ ဆက်ရေးသား ပြုစုနိုင်ပါစေကြောင်း၊ အမြင်သစ်ပြီး အသစ်မြင်လာအောင် ရှေ့ဆောင်လမ်းပြနိုင်ပါစေကြောင်း လေးနက်လှိုက်လှဲစွာ ဆုမွန်တောင်းအပ်ပါတယ်။ ။ (ညွှန်း - မောင်မောင်မြင့်၏ ပုဂံအင်ပါယာမှ မင်းသုံးပါးနှင့် မင်းမိဖုရားခေတ် ရှုထောင့်အမြင်သစ် ဆောင်းပါးများ။ ၇၇၇၇ စာပေ။ ပထမအကြိမ်။ ၂၀၁၆ ဇန်နဝါရီလ)










