ရေရတဲ့မျက်နှာ (၃)

ရေရတဲ့မျက်နှာ (၃)
Published 24 March 2016
ဒေါက်တာသိန်းမြင့်

အဝီစိတွင်းကို တစ်နိုင်တစ်ပိုင် လူအားကိုးပြီး လက်နဲ့တူးသည်ဖြစ်စေ၊ ပြည်တွင်းတွင် ကြံဆထားသော စက်အငယ်တွေ သုံး၍ဖြစ်စေ၊ နိုင်ငံခြားက စက်ရေတွင်းတူးရန် တိုက်ရိုက် တင်သွင်းလာတဲ့ စက်ကြီးတွေ အသုံးပြု၍ဖြစ်စေ တူးကြရာတွင် ရေကြောရောက်၍ ရေထွက်ရှိရန် အရေးကြီးသလို ထွက်ရှိတဲ့ရေကလည်း သောက်သုံးနိုင်တဲ့ ရေချိုဖြစ်ရန် သာ၍အရေးကြီးပါတယ်။ မြေအောက်မှာ ရှိတဲ့ရေကို တူးဖော်ရာမှာ ကျောက်လွှာထုတွေကို တွေ့ရလေ့ရှိပြီး တချို့ကျောက်လွှာထုတွေ ဟာ ၁၅ ပေ ၂၀ ပေအထိ ရှိတတ်ပါတယ်။
တစ်နိုင်တစ်ပိုင် တူးတဲ့လူ အများစုက မကွေးတိုင်းဒေသဘက်တွင် ရေနံတွင်းတူးသူ တွေဖြစ်ကြပြီး ရေရှိမယ့်နေရာကို ရေ၊ မြေ၊ ရာသီဥတု၊ သစ်ပင်အစရှိတာတွေနဲ့ ချိန်ဆ၍ အတွေ့အကြုံအားကိုးကာ နေရာကို သတ် မှတ်တူးဖော်လေ့ ရှိကြပါတယ်။ စက်ကြီးနဲ့ တူးသူတွေကတော့ ရေရရှိမည့်အနက် အနေအထားကို စက်အကူအညီနဲ့ တိုင်းတာတွက်ချက်၍ တူးလေ့ရှိကြပါတယ်။

ကျွန်တော်တို့ကတော့ ရေတွင်းတူးသူတွေကို ရေထွက်မှ ငွေချေတဲ့စနစ်နဲ့ ရှင်းရှင်းလင်းလင်း စာချုပ်ချုပ်ဆို တူးဖော်ပြီး စေတနာနဲ့ ကံကို အားကိုးတူးဖော်တာ ဖြစ်လို့လားမသိ အခုအထိတော့ ရေတူးဖော်ရရှိမှုရော၊ သောက်ရေအဆင့် ရရှိမှုရော တူးလိုက်တာနဲ့ ထူးထူးခြားခြား ရေထွက်ရှိပြီး အဆင်ပြေနေတာ တွေ့ရပါတယ်။
ခဲပစ်ရွာ ဒုတိယစက်ရေတွင်း ရေထွက်ရှိခြင်း
ရေအခက်အခဲ ကြုံတွေ့လျက်ရှိတဲ့ မကွေးတိုင်း စေတုတ္ထရာမြို့နယ် ကျောက်ပုံ၊ ခဲပစ်၊ ညောင်တုန်းကျေးရွာ အိမ် ၅၀၀ ကျော်အတွက် စက်ရေတွင်းတူးခဲ့ရာ ပေ ၄၀၀ ကျော် အရောက်မှာ ရေစတင်ထွက်ရှိခဲ့ပြီး သောက် သုံးရေဖူလုံစေခဲ့ပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ ရောက်ခဲ့စဉ်က အားငယ်နေကြတဲ့ ရွာသူရွာ သားတွေရဲ့ မျက်နှာဟာ သူတို့ငတ်မွတ်နေတဲ့ ရေကို လွယ်လွယ်ကူကူ ရရှိနိုင်ကြပြီဖြစ်တဲ့အတွက် အခုအချိန်မှာဆိုရင် ဝမ်းသာပီတိတွေနဲ့ တပြုံးပြုံးဖြစ်နေကြမှာ သေချာလှပါတယ်။
ယင်းမာချောင်းကျေးရွာ
အခုတစ်ခေါက် ရေအလှူခရီးစဉ်ရဲ့ ပထမနေ့မှာ မနက် ၅ နာရီထ၊ ရန်ကုန်-မန္တ လေးအမြန်လမ်းအတိုင်း နေပြည်တော်ကို ကျော်၊ မိုင် ၂၂၀ အရောက်မှာ အမြန်လမ်း အောက်ဘက်ကိုဆင်း၊ တောင်ညို-ကန်ပြား လမ်းအတိုင်း ပဲခူးရိုးမကိုကျော်၊ ၇၉ မိုင်သွား ပြီးတဲ့အခါ မကွေး-ကန်ပြား လမ်းဆုံကို ရောက်ပါတယ်။

အဲဒီကတစ်ဆင့် ဒေါင်းနေချောင်းတံတားကို ဖြတ်သန်းပြီးတဲ့အခါ ရေနံချောင်းကို ရောက်ပါတယ်။ ဒေါင်းနေချောင်းကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဖြတ်သွားနိုင်တာ ကျေနပ်စရာပါ။ လွန်ခဲ့တဲ့နှစ် ၃၀ က ညောင်ဦးမှအပြန် မိုးတွေရွာပြီး ဒေါင်းနေချောင်းရေ စီးရေလျှံဖြစ်နေလို့ ကျောက်ပန်းတောင်း အ.ထ.က စာသင်ဆောင်မှာ တစ်ညခိုခဲ့ရတာကို ပြန်အမှတ်ရလာပါတယ်။
ရေနံချောင်းမြို့ရှောင်လမ်းမှ ညာဘက်ကို လေးမိုင်လောက် ဝင်မိတဲ့အခါ ယင်းမာချောင်းကျေးရွာကို ရောက်ရှိပါတယ်။ အဲဒီရွာကို ရောက်တဲ့အခါ UN ရဲ့အကူအညီနဲ့ ရေပေးဝေနေမှု အခြေအနေတွေကို လေ့လာခွင့် ရခဲ့ပါတယ်။ ရေတွင်းကို တစ်နေရာမှာ တူးထားပြီး အဲဒီရေတွင်းကတစ်ဆင့် စုပ်ယူလို့ ရတဲ့ရေတွေကို အနည်းငယ်မြင့်တဲ့ နေရာမှာရှိတဲ့ ရေလှောင်ကန်ထဲကို ပို့ပေးပါတယ်။ အဲဒီရေလှောင် ကန်ကမှတစ်ဆင့် ရွာရှိ အိမ်အသီးသီးကို ရေပိုက်တွေ၊ ရေငုတ်တွေနဲ့သွယ်၍ ရေမီတာတပ်ဆင်ကာ ရေဖြန့်ဝေပေးပါတယ်။ ကျေးရွာတွေအတွက် အတုခိုးသင့်တဲ့ ရေဖြန့်ဝေမှုစနစ် ဖြစ်ပါတယ်။ ရေတင်စက်နဲ့ဆိုင်ရာ ကုန်ကျစရိတ်တွေကို ရေမီတာနဲ့ မှတ်ထားပြီး ငွေကြေးကို ရွာသားတွေက ပြန်လည်မျှပေးရမှာ ဖြစ်ပါတယ်။ အဲဒီရွာမျိုးက တွေ့ရခဲပါတယ်။
သန်းပင်ကျေးရွာ
ရေနံချောင်း-ဂွေးချို လမ်းပေါ်ရှိ ဂွေးပင်ရွာရဲ့ ရွာလယ်ပိုင်းအရောက် ဘယ်ဘက်လမ်း ချိုးအတိုင်း ငါးမိုင်ခန့် လှည်းလမ်းကြောင်းအတိုင်း ဝင်သွားတဲ့အခါ ချောက်မြို့နယ် သန်းပင်ကျေးရွာကို ရောက်ရှိပါတယ်။ အဲဒီရွာမှာ အစိုးရက တူးပေးထားတဲ့ စက်ရေတွင်း ရှိပေမယ့် သုံးမရဘဲ ပျက်နေတာ တွေ့ရပါတယ်။ ကျွန်တော်တို့က ပေ ၁၂၀၀ အထိ တတိယ စက်ရေတွင်းကို တူးမယ့်နေရာလည်း ဖြစ်ပါတယ်။ ရွာမှာလည်း ရေလုံးဝပြတ်နေတဲ့အ တွက် ပေ ၁၂၀၀ ရေတွင်းမှ ရေမထွက်သေးခင် အရေးပေါ်သုံးစွဲနိုင်ရန် ရေတူးခဲ့ရာ ၁၃၅ ပေ အရောက်မှာ ရေစတင်ထွက်ရှိလာပြီး သုံးစွဲလို့ ရ မရ စမ်းသပ်ခဲ့ကြပါတယ်။ စမ်းသပ်လို့ မရရင် နောက်ထပ်တွင်းသစ် ထပ်တူးဦးမှာပါ။

ညောင်ကျပ်ပင်ကျေးရွာ
အဲဒီနောက် ရေနံချောင်း ဂွေးချိုလမ်းအတိုင်း သြဇာတောရွာလမ်းခွဲမှ အတွင်းကို ငါးမိုင်ဝင်ပြီးတဲ့အခါ ညောင်ကျပ်ပင်ရွာကို ရောက်ရှိပါတယ်။ အဲဒီရွာမှာ လက်ယက်တွင်း တွေကလည်း ရေခန်းစပြုနေပါပြီ။ ဂျာမနီနိုင်ငံအစိုးရက တည်ဆောက်ပေးထားတဲ့ အုတ်ရေတွင်းမှာလည်း မိုးတွင်းရေအဝင် နည်းလို့ ယခုအခါမှာ ရေနည်းနည်းပဲကျန် တော့တယ်။ ပြည့်စုံမှု နုံချာလှတဲ့ရွာအတွက် အဝီစိတွင်းတူးပေးရမယ့်အပြင် ရေလှောင် ကန်၊ မီးစက်၊ ရေတွန်းစက်၊ ရေသွယ်ပိုက် အကုန်ဖြည့်ဆည်း ပေးရမှာဖြစ်ပါတယ်။ အဲဒီရွာမှာ စက်ရေတွင်း အောင်မြင်စွာ တူးနိုင်ပါက အနီးအနားနှစ်ရွာ အတွက်လည်း ရေဒုက္ခ ကင်းဝေးသွားနိုင်မှာ ဖြစ်ပါတယ်။ ချောက်မြို့နယ်အတွင်းက ဥယျာဉ်ကျေးရွာမှာ ဒေသခံများနဲ့ အလှူရှင်တစ်ဦး ကမကထပြု တူးဖော်ခဲ့တဲ့ အဝီစိစက်ရေတွင်းမှ ရေအောင်မြင်စွာ ထွက်ရှိထားတာကြောင့်လည်း ရေစက်ထားရှိရန် နေရာနဲ့ မီးစက်ပိုင်းဆိုင်ရာ ရေစက်ပိုင်းဆိုင်ရာများ လှူဒါန်းပေးခဲ့ပါတယ်။ အဲဒါအပြင် ဆီးချိုပင်ကျေးရွာအတွက် ရေတွင်းတူး ရန်လုပ်ဆောင်စရာ ကိစ္စများကို ညှိနှိုင်းတိုင်ပင် ဆောင်ရွက်ပေးခဲ့ပါတယ်။
ပုဂံ၊ ညောင်ဦးသို့ ရောက်ရှိခြင်း
ဂွေးချို-ချောက်-ညောင်ဦး လမ်းအတိုင်း ဆက်လက်ထွက်ခွာလာရာ ညောင်ဦးမြို့ကို မှောင်ရီပျိုးအချိန်မှာ ရောက်ရှိပါတယ်။ လောကနန္ဒာဘုရားနဲ့ မဟာမုနိဘုရားတို့ကို လမ်းကြောင်းသင့်၍ တစ်ခါတည်း ဝင်ဖူးပါတယ်။ ပုဂံရဲ့ နာမည်ကျော် ဘူဖေးကို စားပြီး နားလိုက်ကြပါတယ်။ ဘူဖေးက တစ်ဦးကို ကျပ် ၃၅၀၀ ဖြစ်နေပါပြီ။ ဒုတိယနေ့ နံနက် ၅ နာရီထပြီး ရွှေစည်းခုံ စေတီတော်မှာ အရုဏ်ဆွမ်း ကပ်ကြပါတယ်။ ပြီးတဲ့နောက် အာနန္ဒာဘုရားနဲ့ သဗ္ဗညုဘုရားကိုလည်း သွားရောက်ဖူးမြော်ပါတယ်။ ဘုရားဖူးရင်း လိပ်ဥတူးကြတာ မဟုတ်ဘဲ ရေအလှူအတွက် သွားရင်းနဲ့ ဘုရားဖူးခွင့်ရတာဖြစ်တယ်။ ရေအလှူရှင်တွေကို စိတ်ထဲကကြိတ်၍ ကျေးဇူးတင်နေမိပါတယ်။ ဒီနေ့ကလည်း ဒုသမ္မတသုံးဦးအနက် သမ္မတအဖြစ် ပြည်ထောင်စု လွှတ်တော်မှာ ရွေးမှာဖြစ်တဲ့အတွက် ဘယ်သူများ နိုင်ငံတော်ရဲ့ ကိုးဦးမြောက်သမ္မတ ဖြစ်လာမလဲဆိုပြီး ကျွန်တော်တို့လည်း စိတ်စောနေမိကြပါတယ်။

ကကျဲကျေးရွာ
ပခုက္ကူမြို့ မြန်မာ့ဂုဏ်ရည် သွေးလှူရှင်အသင်း နာယကဆရာတော်နဲ့ ပခုက္ကူမြို့ အ.ထ.က (၁) အာစရိယပူဇော်ပွဲ ကျင်းပရေး ကော်မတီအဖွဲ့ဝင်တွေ ရောက်ရှိလာကြတဲ့အခါ ညောင်ဦးမြို့နယ် အတွင်းမှာရှိတဲ့ ရေလှူရမယ့် နေရာတွေကို ၎င်းတို့ရဲ့ ကြိုတင်လေ့လာ ထားချက်တွေအတိုင်း သွားရောက်ခဲ့ကြပါတယ်။ ပထမဆုံး သွားရောက်ခဲ့တဲ့ ကျေးရွာက ဗျတ္တပန်းဆက်လမ်း အတိုင်းသွားပြီး ဘယ်ဘက်ကို သုံးမိုင်ခန့်သွားပြီးတဲ့ အခါမှာ ရောက်ရှိတဲ့ ကကျဲကျေးရွာဖြစ်ပါတယ်။ ထန်းလျက်၊ မန်ကျည်းလုပ်ငန်းကို အများစုလုပ်ကိုင်ကြတဲ့ ရွာလည်းဖြစ်ပါတယ်။ အဲဒီရွာမှာ စက်ရေတွင်းရှိပေမယ့် စက်ရေတွင်းရေနဲ့ ထမင်းချက်ပါက ဆန်အဝါရောင် သန်းသွားပြီး သုံးရေအဖြစ်သာ အသုံးပြုလို့ ရတတ်ပါတယ်။ ချက်ပြုတ်ရန်နဲ့ သောက်သုံးရန် အတွက်ကို ကားတွေနဲ့ လာရောက်ရောင်းချတဲ့ ရေချိုကို ဝယ်ယူသုံးစွဲကြရပါတယ်။ ငွေကြေးမတတ်နိုင် သူများအတွက် လွန်စွာအခက်အခဲ ရှိနေကြတဲ့အတွက် အလျဉ်းသင့်သလို ရေကားနဲ့ ရေလှူရန် စီစဉ်ပေးရမှာ ဖြစ်ပါတယ်။
စိုင်ကန် တဲတိုက်
အဲဒီနေရာဟာ ရွာမဟုတ်ဘဲ အနီးအနားက ဗျူးကြီးကျေးရွာ၊ စက်စက်ယိုကျေးရွာ၊ ဖလန်ကန်ကျေးရွာ၊ မြက်ခါးတောကျေးရွာသားတွေ တဲတွေနဲ့ဖွဲ့ပြီး နေထိုင်အလုပ်လုပ် ကိုင်နေတဲ့ တဲတိုက်အုပ်စုလေး ဖြစ်ပါတယ်။ အဲဒီတဲတိုက်ဟာ အိမ်ခြေ ၂၀၀ ခန့်ရှိပြီး စက်ရေတွင်း လုံးဝမရှိဘဲ ရေကို ဝယ်ယူသုံးစွဲ နေကြရပါတယ်။ တဲတိုက်က စုပေါင်းကိုးကွယ်တဲ့ စိုင်ကန်ဘုန်းကြီး ကျောင်းဝင်းအတွင်းမှာ စက်ရေတွင်း တူးဖော်ကြပါမယ်။ ကျွမ်းကျင်သူတွေက အနက်ပေ ၉၀၀ မှ ၁၀၀၀ အထိ တူးဖော်ရမယ်လို့ ဆိုပါတယ်။ တဲတိုက်ဆိုပေမယ့် စုပေါင်းညီညွတ်မှု ရှိကြပြီး စက်ရေတွင်းတူးရာမှာ လိုအပ်တဲ့ အကူအညီတွေပေးမယ် ပြောပါတယ်။ သူတို့အားလုံးရဲ့ မျက်နှာမှာ ရေအခက်အခဲက လွတ်မြောက်ရန် အချိန်မဝေးတော့ဘူးဆိုတဲ့ အသိကြောင့် ဝမ်းမြောက် ဝမ်းသာဖြစ်နေတာ ပေါ်လွင်လှပါတယ်။

ချောင်းဝကျေးရွာ
ကျွန်တော်တို့ဟာ အဲဒီကနေဆက်ပြီး တူရွင်းတောင်ခြေ အနီးမှာရှိတဲ့ ချောင်းဝကျေးရွာကို ညောင်ဦး-ကျောက်ပန်းတောင်းလမ်း အတိုင်း အတွင်းဘက် ခြောက်မိုင်ခန့်ဝင်ပြီးတဲ့အခါ ရောက်ပါတယ်။ ကျေးရွာအနီးမှာ လက်ငင်ရေတွင်းတွေ တွေ့ရပေမယ့် ရေတွင်းအများစုဟာ ရေခန်းခြောက် နေကြပြီဖြစ်တယ်။ စက်ရေတွင်း ရှိပေမယ့် ရေထွက်မကောင်းတော့ခြင်း၊ ရေတင်စက် ချို့ယွင်းခြင်းတွေ ကြုံတွေ့နေရတာဖြစ်လို့ အဲဒီရွာမှာ စက်ရေတွင်းတူးခြင်း၊ ရေတင်စက် ပြုပြင်ပေးခြင်းတွေ ပြုလုပ်ပေးရန် တိုင်ပင်စီစဉ်ရပါတယ်။
ဧရာဝတီတံတား (ပခုက္ကူ)
အဲဒီကတစ်ဆင့် ပခုက္ကူနဲ့ မြိုင်မြို့နယ် အတွင်းရှိ ရေလှူဒါန်းရမယ့် နေရာတွေကို ဧရာဝတီတံတား (ပခုက္ကူ) ကိုဖြတ်ပြီး သွားရောက် ကြပါတယ်။ တံတားကို ဖြတ်ကျော်နေစဉ်မှာပဲ နိုင်ငံတော်သမ္မတ အသစ်အဖြစ် ဦးထင်ကျော်အား ပြည်ထောင်စု လွှတ်တော်က မဲပေးရွေးချယ် ပေးလိုက်ကြောင်း သတင်းကို ကြားသိရပါတယ်။

မကွေးတိုင်းမှာရှိတဲ့ ရွာတွေသာမက မြန်မာနိုင်ငံ အတွင်းရှိ ကျေးရွာများစွာဟာ အစစချို့တဲ့ပြီး ရေမလုံလောက်မှုတွေ နှစ်စဉ်ကြုံတွေ့ နေကြရပါတယ်။ ဦးထင်ကျော် သမ္မတအဖြစ် တာဝန်ထမ်းဆောင်မယ့် အစိုးရလက်ထက် အဲဒီဒုက္ခတွေ ဘယ်လောက်လျော့ပါး သွားမလဲဆိုတာ မှတ်တမ်းတင်ရဦးမှာပါ...။

 

Most Read

Most Recent