အကြောက်တရား၏ လားရာ

အကြောက်တရား၏ လားရာ
Published 24 March 2016
စိုးခိုင်ညိန်း

ကျွန်တော်တို့ဟာ တစ်နည်းနည်းနဲ့ တစ်စုံတစ်ရာကိုတော့ ကြောက်ရွံ့နေမိတတ်ပါတယ်။ ကျွန်တော်တို့ဟာ ဆင်းရဲမှာကို ကြောက်တယ်။ အကဲ့ရဲ့ခံရမှာ ကြောက်တယ်။ ရောဂါဘယဖြစ်မှာ ကြောက်တယ်။ ပစ္စည်းတွေ ခိုးဝှက်လုယူခံရမှာ ကြောက်တယ်။ အမှောင်ကို ကြောက်တယ်။ သရဲတစ္ဆေကို ကြောက်တယ်။ ဘာမှမဟုတ်တဲ့ တီကောင်လေး မျှော့လေးတွေကိုတောင် ကျွန်တော်တို့ဟာ ကြောက်ရွံ့နေတတ်ပါတယ်။ လူသားတစ်ယောက်ရဲ့ ဘဝဟာ ကြောက်ရွံ့မှု တစ်ခုခုနဲ့တော့ ဆက်စပ်နေမိတတ်ပါတယ်။ အထူးသဖြင့် ကလေးဘဝက ရခဲ့တဲ့ ဒဏ်ရာဒဏ်ချက်တွေနဲ့ အကြောက်တရားတွေကတော့ ကြီးသည်အထိ ဖျောက်ပစ်ဖို့ ခက်ခဲနေတတ်ပါတယ်။
မိမိနေတဲ့ ရပ်ကွက်ဟာ အခြေခံလူတန်းစား ဆင်းရဲသားများ နေကြတဲ့ရပ်ကွက်ဖြစ်ပြီး ကလေးများလည်း အတော်ပေါတဲ့ ရပ်ကွက်ဖြစ်ပါတယ်။ အဲဒီရပ်ကွက်ထဲက လမ်းကြားကနေ နေ့တိုင်းနီးပါးလောက် ဖြတ်ဖြတ် သွားရပါတယ်။ ဖြတ်သွားတိုင်း လမ်းပေါ်မှာ ဆော့ကစားနေတဲ့ ကလေးတွေကို တွေ့ရမြဲဖြစ်ပါတယ်။ ဆင်းရဲသားကလေးတွေဟာ လမ်းပေါ်မှာ အိမ်ရှေ့မှာ ပြေးလွှားဆော့ကစား ပေပွနေကြတာ ဖြစ်ပါတယ်။ မကြာခဏလည်း စူးစူးဝါးဝါး အော်ဟစ်ငိုယိုနေတဲ့ ကလေးတွေလည်း တွေ့ရပါတယ်။ တစ်ခါတစ်ခါ မိဘလုပ်တဲ့သူက ငိုနေတဲ့ကလေးကို တိတ် အသံမထွက်နဲ့ဆိုပြီး ရိုက်နှက်နေတာလည်း တွေ့ရတာပါပဲ။ ကလေးက ရိုက်လေငိုလေပါပဲ။ တချို့ကလေးကတော့ နာကျင်ပေမယ့် အကြောက်တရားနဲ့ ရှိုက်ရှိုက်ပြီးတိတ်သွားတာလည်း ရှိပါတယ်။
မိမိရဲ့ကလေးဘဝကို ပြန်စဉ်းစားကြည့်တော့ အကြောင်းအရာ တစ်ခုနှစ်ခုကလွဲပြီး ဘာကိုမှသတိမရတော့ပါဘူး။ မကြာခဏ သတိရနေမိတတ်တဲ့ အကြောင်းအရာကတော့ အမေက ပြင်းပြင်းထန်ထန်ရိုက်လို့ အိမ်ကနေ ညီအစ်ကိုနှစ်ယောက် ထွက်ပြေးပြီး ပုန်းနေခဲ့တဲ့အဖြစ်ပါပဲ။ အဲဒီတုန်းက တစ်နေကုန်ပုန်းနေရာကနေ ညမှောင်ခါနီး ဗိုက်ဆာလွန်းလို့ အိမ်ကို ကြောက်ကြောက်လန့်လန့်နဲ့ ပြန်သွားခဲ့တဲ့အဖြစ်ကိုတော့ အခုချိန်ထိ သတိရနေမိပါတယ်။ နောက်တစ်ခုက တောထဲမှာနေတုန်းက အိမ်ကိုသွားရင်း လာရင်းဝင်နားတဲ့ သေနတ်တွေကိုင်ထားတဲ့ စစ်သားနှစ်ယောက်ကို အမေက ဒီကလေးကို ခြောက်သွားစမ်းပါ။ အိမ်မှာ ဆော့လွန်းလို့ ပြောဆိုလို့မနိုင်ဘူးဆိုပြီးပြောတော့ စစ်သားတစ်ယောက်က မိမိကိုသေနတ်နဲ့ထိုးချိန်ပြီး မင်းလားကွဆိုးတာ လိမ်လိမ်မာမာနေ မနေရင် အခုခေါ်သွားမယ်လို့ပြောတော့ ကြောက်လိုက်တာတုန်လို့ပါပဲ။ အဲဒီအကြောင်းအရာကလည်း အခုချိန်ထိ မေ့လို့မရပါဘူး။ နောက်တော့ သေနတ်ပါတဲ့ ရဲသား၊ စစ်သားတွေမြင်ရင်ကို ကြောက်နေမိတော့တာပါပဲ။
မိဘတွေဟာ မိမိတို့ကလေးတွေကို ငိုနေလို့ ပြောလို့ဆိုလို့မရတဲ့အခါ ကလေးကြောက်တတ်တဲ့ တစ်စုံတစ်ရာနဲ့ ခြောက်လှန့်လေ့ရှိပါတယ်။ ဟိုမှာ ဒေဝေါကြီးလာပြီ၊ ကြောင်ကြီးလာပြီ စသဖြင့်။ “အိမ်ကသားက ဘယ်သူမှကြောက်တာမဟုတ်ဘူး။ ဟိုဘက်လမ်းက ဦးကုလားကြီးကိုတော့ သူကကြောက်တယ်လေ။ သူငိုလို့ကတော့ ဦးကုလားကြီးရေလာပါဦးလို့ သာပြောလိုက် တစ်ခါတည်း တိတ်သွားရောပဲ။ သူကြောက်တဲ့အရာနဲ့ အနိုင်ကိုင်ထားရတာပဲ”လို့ ပြောသော မိဘတစ်ယောက်ကိုလည်း ကြုံဖူးပါတယ်။ ဒါဟာ အကြောက်တရားတစ်ခုနဲ့ ချုပ်ကိုင်ထားတဲ့ သဘောပါပဲ။
သားသမီးကိုချစ်ရင် အိပ်ပျော်နေတုန်း နမ်းပါဆိုတဲ့စကားကို မကြာခဏ ကြားဖူးပါတယ်။ ဒီအယူအဆကို မိဘအတော်များများ လက်ကိုင်ကျင့်သုံးနေတာလည်း အထင်အရှားပါပဲ။ မိမိရဲ့သားသမီးဟာ သူတို့ကို ချစ်မှန်းသိရင် အလိုလိုက်မှန်းသိရင် ဆိုဆုံးမဖို့မလွယ်တော့ဘူး။ ချစ်မှန်းသိလေ ရောင့်တက်လေ၊ ကြာရင်ပျက်စီးသွားမယ်။ ဒါဟာ ကလေးကို ချစ်ရင် ကြောက်အောင် နှိမ်ထားရမယ်ဆိုတဲ့ အယူအဆပါပဲ။ ဒါကြောင့် မိဘတွေဟာ ကလေးကိုချစ်ပေမယ့် မာမာထန်ထန်နဲ့ ပြောဆိုရိုက်နှက်လေ့ရှိပြီး အိုးကောင်းလိုချင်ရင် နာနာရိုက်ရမယ်ဆိုတာကို လက်ကိုင်ထားကြတဲ့ သဘောပါပဲ။
လောကမှာ ကြောက်စရာ အကောင်းဆုံးက အကြောက်တရားပဲလို့ ဆိုပါတယ်။ အထူးသဖြင့် ကလေးတွေရဲ့ အကြောက်တရားက ပိုပြီးတော့ အရေးကြီးတယ်လို့ဆိုပါတယ်။ ကလေးများဟာ နိုင်ငံတစ်ခုရဲ့ အနာဂတ် မျိုးဆက်သစ်များပဲ ဖြစ်ပါတယ်။ “နိုင်ငံတိုင်းရဲ့ အဖိုးအထိုက်တန်ဆုံး သယံဇာတဟာ ရေနံမဟုတ်ပါဘူး။ သစ်တောမဟုတ်ပါဘူး။ တွင်းထွက် သယံဇာတမဟုတ်ပါဘူး။ ကလေးတွေပါ”ဆိုတဲ့ စာသားကို စာတစ်အုပ်မှာ ဖတ်ဖူးပါတယ်။ ဒါကြောင့် ဒီကလေးတွေဟာ အကြောက်တရား ကင်းကင်းနဲ့ ရှင်သန်ဖို့လိုပါတယ်။
ကလေးတွေရဲ့စိတ်ထဲကို အကြောက်တရားတွေ ရိုက်မသွင်းမိအောင် ကရုဏာထားရပါမယ်။ တကယ်လို့ ကလေးတွေရဲ့စိတ်ထဲ အကြောက်တရားတွေ ရိုက်သွင်းမိသွားပြီဆိုရင် ကျွန်တော်တို့အနာဂတ် လူ့အဖွဲ့အစည်းဟာလည်း အကြောက်တရားတွေနဲ့ မှောင်မိုက်နေပါလိမ့်မယ်။ အကြောက်တရားတွေ လွှမ်းမိုးခံနေရသမျှတော့ ကျွန်တော်တို့ဖောက်ထွက်ဖို့ ခက်ပါတယ်။ အတွေးအမြင်၊ သဘောထားတွေ၊ အသစ်ဖန်တီးမှု စတာတွေဟာ အကြောက်တရားနဲ့ ဘာတစ်ခုမှ မတွေးမကြံရဲ မပြောရဲ မဆိုရဲ မလုပ်ရဲ ဖြစ်သွားပါတယ်။
တကယ်တော့ မိဘတွေဟာ ကိုယ့်သားသမီးကို တော်စေချင်၊ တတ်စေချင်၊ လိမ္မာစေချင်တယ်။ ဖြစ်နိုင်ရင် ကိုယ့်သားသမီး အတော်ဆုံးဖြစ်စေချင်တယ်။ အဲဒီအခါမှာ မိဘကကလေးကို အတင်း မောင်းထည့်တော့တာပါပဲ။ အဲဒီမှာ ကလေးက မနိုင်မနင်းနဲ့ ဖိအားတွေနဲ့ ရှင်သန်ရတော့တာပဲ။ ကစားချိန်ဆိုတာ မရှိတော့ပါဘူး။ အဲဒီလောက် ဂရုတစိုက်နဲ့ မောင်းနေတဲ့ကြားက မိမိကလေးက ထင်သလောက် အောင်မြင်မှုမရတဲ့အခါမှာ မိဘတွေဟာ မကျေမနပ်နဲ့ ကလေးဟာ မျက်နှာသား မရပြန်ပါဘူး။ သူတို့သား ဂုဏ်ထူးသုံးခုပါမယ်လို့ မှန်းထားပေမယ့် ဂုဏ်ထူးတစ်ခုပဲပါလို့ သားကိုအလိုမကျ ဆူငေါက်နေတဲ့ မိဘကို မျက်မြင်ကိုယ်တွေ့ကြုံဖူးပါတယ်။ လူဆိုတာ သူ့အကန့်အသတ်နဲ့သူပါပဲ။ မတန်တဆ အတင်းရိုက်သွင်းလို့ မရနိုင်ပါဘူး။ ဒါကြောင့် သားသမီးကို ဘာမဆို ကိုယ်ဖြစ်စေချင်သလို ဖြစ်ဖို့မရနိုင်ပါဘူး။ သူစွမ်းသလောက်ပဲရမှာပါ။
စိုးရိမ်ပူပန်စိတ် ကြီးမားလွန်းတဲ့ မိဘတွေဟာ သားသမီးတွေကို ပေးတဲ့နေရာမှာ အလွဲလွဲအချော်ချော် ဖြစ်တတ်ပါတယ်။ သူတို့ဟာ သားသမီးကို ချစ်တဲ့မေတ္တာတရားနဲ့ ယုံကြည်မှုကို ပေးတဲ့နေရာမှာတောင် စနစ်ကျကျ မပေးတတ်ဘဲ ဖြစ်တတ်ပါတယ်။ စိုးရိမ်စိတ် ကြောက်ရွံ့စိတ်တွေနဲ့ မဖြစ်သင့်တာတွေ ဖြစ်သွားတတ်ပါတယ်။ အကြောက်တရားဟာ အထူးသဖြင့်တော့ ကလေးငယ်တွေဆီကနေစပြီး ဖြစ်တည်ခဲ့တာများပါတယ်။ စိုးရိမ်ပူပန်စိတ်တွေနဲ့ ခက်ထန်ကြမ်းတမ်းတဲ့ မိဘရဲ့လက်အောက်ခံမှာနေရတဲ့ ကလေးငယ်တွေက ပိုပြီး အကြောက်တရား ကိန်းအောင်းတတ်ပါတယ်။
အဲဒီလိုမျိုး မိဘတွေဟာ သူတို့ကိုယ်တိုင်ကိုပဲ အကြောက်တရားတွေနဲ့ ကြီးပြင်းခဲ့ရတာများလို့ ဖြစ်ပါတယ်။ ကိုယ်တိုင်က တင်းတင်းကျပ်ကျပ်နဲ့ နေခဲ့ရတော့ ကိုယ့်သားသမီးကိုလည်း ကိုယ့်လိုပဲ ပုံအသွင်းခံခဲ့ရတဲ့အတိုင်း ရိုက်သွင်းဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ အဲဒီလို အနေအထားမှာ ကလေးဟာ ဖိအားတွေ၊ အကြောက်တရားတွေနဲ့ မလွတ်မလပ် ကျဉ်းကျပ်စွာနဲ့ ရှင်သန်ရပါတယ်။ မလွတ်မလပ်နဲ့ အကျဉ်းကျသလို နေရတာများလာတဲ့အခါမှာ ကလေးတွေဟာ မပျော်မရွှင်နဲ့ ဘဝကို တွေးခေါ်ပုံဟာလည်း မမှန်မကန် ဖြစ်လာတော့တာပါပဲ။
Summerhill လို့အမည်ရတဲ့ကျောင်းကို တည်ထောင်ပြီး ခေတ်သစ် ပညာသင်ကြားရေး စနစ်သစ်ခုကို ဖော်ထုတ်ကျင့်သုံးခဲ့တဲ့ အေအက်စ်နီးလ်ကတော့ ပြဿနာရှုပ်တဲ့ ကလေးငယ်ဆိုတာ မရှိပါဘူး။ ပြဿရှုပ်တဲ့ မိဘသာ ရှိတယ်လို့ဆိုပါတယ်။ အေအက်စ်နီးလ်ရဲ့ အယူအဆကတော့ ကလေးငယ်တွေ မှာပါရှိတဲ့ လူ့သဘာဝဟာ ပင်ကိုယ်အားဖြင့် ကောင်းမွန်တယ်လို့ ယူဆတာဖြစ်တယ်။ တကယ်လို့ ပတ်ဝန်းကျင်ရှိ လူကြီးသူမတွေက သြဇာပေးပြီး ကွပ်ညှပ်ခြင်းမျိုး မရှိဘူးဆိုရင် အဲဒီကလေးငယ်တွေဟာ သူ့ဘာသာကိုယ်ကျင့်တရား ကောင်းမွန်လာနိုင်တယ်လို့ သူက  ယုံကြည်တာဖြစ်တယ်။ ဒါကြောင့် သူတည်ထောင်တဲ့ လွတ်လပ်မှုကို ပဓာနထားတဲ့ Summerhihll ကျောင်းဟာ ဒီမိုကရက်တစ် ပညာရေးကျောင်းဆိုပြီး ကျော်ကြားခဲ့တာ ဖြစ်တယ်။
ကလေးတွေကို ပြင်းပြင်းထန်ထန် ရိုက်နှက်ဆုံးမတဲ့ ဆရာဆရာမတွေရဲ့ သတင်းကို မကြာခဏ ကြားရပါတယ်။ မိဘတွေက သားသမီးကို ရိုက်နှက် အော်ဟစ်ဆုံးမတာတွေလည်း မကြာခဏတွေ့ဖူးပါတယ်။ ကလေးတွေက သူတို့ရိုက်နှက်လို့ ကြောက်လန့်ပြီး တိတ်ဆိတ်ငြိမ်သက် လိမ်မာသွားတယ်ဆိုရင် သူတို့ဟာ ကျေနပ်နှစ်သက်သွားကြတာပါပဲ။ ကလေးရဲ့စိတ်ထဲမှာ အကြောက်တရားနဲ့ စိတ်ဒဏ်ရာတစ်ခု ရသွားတာကိုတော့ သူတို့မစဉ်းစားမိကြပါဘူး။ နောက်ဆုံးအနေနဲ့ လွတ်လပ်ပွင့်လင်း အကြောက်တရားကင်းကင်းနဲ့ ပျော်ရွှင်ချမ်းမြေ့ထက်မြက်တဲ့ ကလေးငယ်များ ပြုစုမွေးဖွားနိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

Most Read

Most Recent