■ နှစ် ၁၄၀
တပေါင်းလ၏ နောက်ဆုံးရက်ဖြစ်သော လပြည့်ကျော် ၁၄ ရက်နေ့သည် မြန်မာနိုင်ငံအတွက် ဂုဏ်ယူကြရမည့် တော်လှန်ရေး စာဆိုတော်ကြီး သခင်ကိုယ်တော်မှိုင်း၏ မွေးဖွားခဲ့သော လဖြစ်လေ၏။
ဆရာကြီးသည် ၁၂၃၇ ခုနှစ် တပေါင်းလပြည့်ကျော် ၁၄ ရက် (၁၈၇၆ မတ်လ ၂၄ ရက်) ကြာသပတေးနေ့တွင် မွေးဖွားခဲ့ရာ ယခု ၂၀၁၆ မတ်လ ၂၄ ရက်နေ့ဆိုလျှင် နှစ် ၁၄၀ ရှိသွားလေ၏။
■ ဆန့်ကျင်တိုက်ခိုက်
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ရိုးရိုးစာပေသမား တစ်ယောက်မဟုတ်။ ကိုယ်ပိုင်ခံယူချက်ရှိသော အဘိဓမ္မာရှင်တစ်ဦး ဖြစ်လေ၏။
ဆရာကြီးသည် လူတစ်မျိုးက လူတစ်မျိုးအား နိုင်ထက်စီးနင်းလုပ်ရပ်ကို လွန်စွာမှ ရွံမုန်းလေ၏။
လူတန်းစားက အခြားလူတန်းစားအပေါ် ကြီးနိုင်ငယ်ညှဉ်း တရားမဲ့မှုမှန်သမျှကို စက်ဆုပ်လေ၏။
တိုင်းရင်းသားလူမျိုးတိုင်း၏ လွတ်လပ်ရေး၊ တန်းတူရေး၊ တရားမျှတမှုအပေါ် အခြေခံသော တစ်မျိုးသားလုံး သွေးစည်းညီညွတ်ရေးအတွက် အချိန်နှင့်အမျှ မလစ်သောသတိဖြင့် အစဉ်ဆော်သြ တိုက်တွန်းခဲ့လေ၏။
လွတ်လပ်ရေး၏ ရန်သူဟူသမျှကိုလည်း အညှာတာမဲ့စွာ ပြစ်တင်ရှုတ်ချ၍ ပြင်းပြင်းထန်ထန် ဆန့်ကျင်တိုက်ခိုက်ခဲ့လေ၏။
■ လေးစားကြည်ညို
ထို့ကြောင့် ဆရာကြီးသည် မြန်မာ့သမိုင်းစာမျက်နှာတွင် ၂၀ ရာစုနှစ်၏ လွန်စွာမှ အထင်ရှားဆုံးသော မျိုးချစ်စာဆိုတော်ကြီး၊ လွတ်လပ်ရေးတမန်တော်ကြီး၊ ငြိမ်းချမ်းရေး၏ ဖခင်ကြီးအဖြစ် တစ်စုံတစ်ယောက်ကမျှ အငြင်းပွားမှုမရှိအောင် ထူးမြတ်သော ပုဂ္ဂိုလ်ကြီးတစ်ယောက်အဖြစ် တစ်မျိုးသားလုံး၏ လေးစားကြည်ညိုခြင်း ခံရလေ၏။
■ အသိအမှတ်ပြု
အမှန်စင်စစ် ဆရာကြီး၏အမည်နာမနှင့် ဂုဏ်ဒြပ်သည် မြန်မာနိုင်ငံလွတ်လပ်ရေးသမိုင်းနှင့် မည်သို့မျှ ခွဲခြားထား၍မရနိုင်သည်သာမက ကမ္ဘာ့အတိုင်းအတာအရ ငြိမ်းချမ်းရေး တိုက်ပွဲသမိုင်းတွင်လည်း တညီတညွတ်တည်း အသိအမှတ်ပြုကြကုန်လေ၏။
■ ဗမာသူရဲကောင်း
၁၉၅၅ ခုနှစ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် နိုင်ငံတကာ ငြိမ်းချမ်းရေး စတာလင်ဆုကို ပေးအပ်ချီးမြှင့်ခြင်း ခံခဲ့ရသည်အထိ ကမ္ဘာတွင် လွန်စွာမှ ထင်ရှားခဲ့ဖူးလေ၏။
ထိုဆုပေးပွဲအခမ်းအနားတွင် ထင်ပေါ်ကျော်ကြားသော စာရေးဆရာကြီး ဆိုဗီယက် ငြိမ်းချမ်းရေးကော်မတီဥက္ကဋ္ဌ နီကိုလိုင်တီခိုနော့က ဆရာကြီးသခင်ကိုယ်တော်မှိုင်းအား အောက်ပါအတိုင်း ဂုဏ်ပြုသည်မှာကား
“ချစ်ခင်ကြည်ညိုအပ်သော ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ဗမာပြည်ရဲ့ ထင်ရှားကျော်ကြားလှသော သားကောင်းရတနာကြီးတစ်ဦး ဖြစ်ပါတယ်။”
ပြည်သူတွေအတွက် အကျိုးပြုရေး၊ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စုအချင်းချင်း ချစ်ကြည်ရင်းနှီးရေးကိုသာ ရှေးရှုသော၊ စိတ်အား တက်ကြွဖွယ်ရာ အာဇာနည်ပီသသော စွမ်းဆောင်ချက်များကို မချီးမွမ်း မအံ့သြဘဲ မည်သူမျှ နေနိုင်ကြမည်မဟုတ်ပါ။
ဗမာပြည်သူအပေါင်းတို့ရဲ့ လွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ခဲ့သမျှသော တိုက်ပွဲတိုင်းမှာ ပြည်သူတွေဘက်မှာသာ အစဉ်ရပ်တည်နေတဲ့ သူရဲကောင်းကြီးတစ်ဦး ဖြစ်ပါတယ်။”ဟူ၍ ဖြစ်လေ၏။
■ ဂါရဝပြု
ထိုကဲ့သို့ မြန်မာနိုင်ငံတွင်မကပဲ ကမ္ဘာသို့တိုင်အောင် ထင်ရှားကျော်ကြားခဲ့ဖူးသော မြန်မာတစ်မျိုးသားလုံးက မော်ကြွား ဂုဏ်ယူနိုင်စရာ ကောင်းလောက်အောင် ထူးမြတ်သော ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ နှစ် (၁၄၀) ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဂါရဝပြု ရေးသားလိုက်ပါသည်။










