စစ်အာဏာရှင် စနစ်နဲ့ နိုင်ငံကို အုပ်ချုပ်ခဲ့ကြသူတွေက မိမိပိုင်စိုးထားတဲ့ အာဏာကို အလွဲသုံးစားလုပ်ပြီး ကိုယ်ကျိုးစီးပွား ရှာကြသူတွေဖြစ်လို့ လူလည်းသေ၊ နာမည်လည်း သေ၊ လူမသေသေးပေမယ့် နာမည်သေသွားသူတွေက နာမည်ဆိုး ပိုင်ဆိုင်သွားသူတွေအဖြစ် သတ်မှတ်ခံကြရတယ်။ လူ့ဘဝဆိုတာ မွေးဖွားလာကတည်းက ဦးတည်ချက်က သေဖို့ မွေးဖွားလာတာဖြစ်လို့ သက်ရှိထင်ရှားရှိနေချိန်မှာ နာမည်ကောင်းတစ်လုံး ပိုင်ဆိုင်နိုင်စေဖို့ အရေးကြီးပါတယ်။
လူတစ်ယောက်အနေနဲ့ မကောင်းတာတွေလုပ်ပြီး နာမည်ဆိုးပိုင်ဆိုင်သွားရင် လူတော မတိုးနိုင်ကြတော့ပါ။ လူတွေနဲ့ ကင်းကွာသွားကြရတော့တာဖြစ်တယ်။ အဲဒီနာမည်ကောင်း ပိုင်ဆိုင်မထားဘဲ နာမည်ဆိုးပိုင်ဆိုင် သူက လူတွေအထဲဝင်လာရင် လူတွေရဲ့ နှာခေါင်းရှုံ့တာ ခံကြရတော့တာဖြစ်တယ်။ ဒီကနေ့ခေတ်မှာ အိုင်တီနည်းပညာတွေ တိုးတက်လာနေတာဖြစ်လို့ Facebook ပေါ်ကနေ နာမည်ဆိုးပိုင်ဆိုင်သူတွေကို ရစရာမရှိအောင် ထိုးနှက်တာတွေ တွေ့ရတော့တာ ဖြစ်တယ်။ ကာယကံရှင်တော့ မသိဘူး။ တွေ့ရမြင်ရသူတွေအနေနဲ့တော့ အတော့်ကိုရှက်မိတယ်။ မိမိက လူနည်းစု အကျိုးစီးပွားကိုသာ ကြည့်မှာလား၊ အများပြည်သူတွေရဲ့ အကျိုးစီးပွားကို ကြည့်မှာလားဆိုတဲ့ အချက်အပေါ်မူတည်ပြီး နာမည်ဆိုးနဲ့ နာမည်ကောင်းကို ပိုင်ဆိုင်စေမှာဖြစ်ပါတယ်။ အတ္တများပြီး လူနည်းစုအတွက် ကိုယ်ကျိုးစီးပွား ကာကွယ်ရေး မူဝါဒကို ကျင့်သုံးပြီး လူများစုအကျိုးကို ပေယာလကန် လုပ်မယ်ဆိုရင်တော့ လူအများရဲ့ ဝိုင်းပယ်မှုခံကြရမှာ ဖြစ်တယ်။ အဓိကအားဖြင့် အများအကျိုး သယ်ပိုးလိုစိတ်ရှိမှသာ နာမည်ကောင်း ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်။
ကမ္ဘာနဲ့အဝှမ်းနိုင်ငံတွေမှာ နာမည်ကောင်းရှိသူတွေနဲ့ နာမည်ဆိုးရှိသူတွေက ဒွန်တွဲ ပေါ်ပေါက်လာခဲ့တယ်။
စာရေးသူရဲ့ ဆောင်းပါးတွေကို ဖတ်ရှုရပြီး မိမိရဲ့ အဝိဇ္ဇာဖုံးလွှမ်းခံထားရမှုကို အမှန်သိမြင်လာရင် ဝမ်းသာမိမှာ အမှန်ပါ။ လူတစ်ဦးချင်းက မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထားကြရမှာ ဖြစ်ပေမယ့် မကောင်းမှုတွေဆောင်နေကြပြီး ကောင်းမှုတွေကိုတော့ ရှောင်နေကြတယ်။ လူတွေမှာ ဒီကနေ့ခေတ်မှာ ခေတ်စားလာတဲ့ Corporate Social Responsibility (CSR) ခါ်တဲ့ အဖွဲ့အစည်းပုံစံနဲ့ လူမှုရေးတာဝန်ယူမှုတွေ လုပ်ဆောင်ပေးကြရမှာ ဖြစ်တယ်။ ဒီလိုဖြစ်စေနိုင်ဖို့ Corporate Social Responsibility မှာ နာမည်ကောင်း ကျန်ရစ်စေမယ့် လုပ်ဆောင်ရမယ့် အချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။
■(၁) ကောင်းမွန်တဲ့ အစုအဖွဲ့ နိုင်ငံသား ဖြစ်စေရမယ် (Be Good Corporate Citizen)
ကောင်းမွန်တဲ့ အစုအဖွဲ့ နိုင်ငံသားဖြစ်စေနိုင်ဖို့ နေရာတိုင်းမှာ မေတ္တာရှေ့ထားတဲ့ တာဝန်ယူ ဆောင်ရွက်မှုတွေ ရှိစေရမယ်။ မေတ္တာရှေ့ထား လုပ်ဆောင်မှု ပြုတယ်ဆိုတာက အကျင့်ပျက်ခြစားမှု၊ ကိုယ်ကျိုးရှာမှုတွေ မရှိတော့ဘဲ ပရလို့ခေါ်တဲ့ အများအကျိုးရှေ့တန်းတင် လုပ်ဆောင်မှုတွေ ဖြစ်ပေါ်လာတော့တာ ဖြစ်တယ်။
ဟိုယခင် ပုဂ္ဂိုလ်ကြီးကတော့ လူတွေကို သတိပေးတဲ့အနေနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးတွေမှာ 'င' လေးလုံး ရှောင်ကြဉ်ကြစေဖို့ သြဝါဒပေးထားတဲ့ စာပိုဒ်တွေ ဖတ်ရဖူးတယ်။ ဒါနဲ့ပတ်သက်ပြီး မိတ်ဆွေတစ်ယောက်ကို ပြောပြလိုက်တော့ သူကပြန်ပြောတာက ဟုတ်ပါတယ်။ သူရှောင်ခိုင်းတဲ့ 'င' လေးလုံးက ငါ့အတွက်၊ ငါ့မိန်းမအတွက်၊ ငါ့သားသမီးတွေအတွက်၊ ငါ့ဆွေမျိုးအတွက် မလုပ်ကြပါနဲ့လို့ သြဝါဒပေးခဲ့တယ်။ သူရှောင်ခိုင်းတာက 'င' လေးလုံး။ သို့ပေမဲ့ သူဆောင်သွားတာက ‘င’ ငါးလုံးလို့ပြောတော့ ဘယ်လိုဖြစ်တာလဲ လို့မေးလိုက်တော့ သူဆောင်သွားတဲ့ ‘င’ ငါးလုံးက -
(၁) ငါ့အတွက်
(၂) ငါ့မိန်းမအတွက်
(၃) ငါ့သားသမီးအတွက်
(၄) ငါ့ဆွေမျိုးအတွက်
(၅) ငါ့မြေးအတွက် ဆိုတာကို ရှင်းပြတယ်။
အပြောကတစ်မျိုး၊ အလုပ်ကတစ်မျိုးပါလား။ ဒါကြောင့်လည်း နာမည်ဆိုးကို ပိုင်ဆိုင်သွားတာ ထင်ပါရဲ့လို့ တွေးမိတယ်။ ဒီနာမည်ဆိုးကြောင့်လည်း လူမသေသေးပေမယ့် နာမည် သေသွားရတော့တာဖြစ်တယ်။
■ (၂) လုပ်ဆောင်ဖွယ်ရာတွေကို မှန်မှန်ကန်ကန် သမာသမတ်ရှိရှိနဲ့ ကိုယ်ကျိုးတရား ကောင်းမွန် စွာလုပ်ဆောင်ရမယ်၊ အန္တရာယ်ဖြစ်စေမယ့် အရာတွေကို ရှောင်ကြဉ်ရမယ်။
(Be ethical, obligation to do what is right and Fair.Avoid harm)
ဒါကိုတစ်လုံးတည်းသော အင်္ဂလိပ်စကားလုံးနဲ့ ပြောရရင်တော့ Integrity ဖြစ်ပါတယ်။ ရိုးသားရမယ်။ သမာသမတ်ရှိရမယ်။ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်စေရမှာဖြစ်ပါတယ်။ ဒီနေရာမှာ Warren Buffett က သူ့လုပ်ငန်း အဖွဲ့အစည်းအတွက် ဝန်ထမ်း ရွေးခန့်ထားရမယ်ဆိုရင် အချက်သုံးချက်နဲ့ ဦးစားပေးချင်တယ်လို့ဆိုတယ်။ သူရွေးချယ်တဲ့အဓိကအချက် သုံးချက်ကတော့ -
(၁) Integrity
(၂) Intellectual
(၃) Energetic
တွေဖြစ်ပါတယ်။ ဉာဏ်ရည်တွေ ဘယ်လောက်ထက်မြက်မှုရှိရှိ၊ အလုပ်လုပ်ရာမှာ စိတ်အားထက်သန်မှု ဘယ်လောက်ရှိရှိ နံပါတ်တစ်အချက်ဖြစ်တဲ့ ရိုးသားမှု၊ သမာသမတ်ရှိမှုနဲ့ အပြန်အလှန် ယုံကြည်ရမှု ပေါင်းစည်း ထားတဲ့ Integrity မရှိရင်တော့ အလုပ်မခန့်ဘူးလို့ဆိုတယ်။ တစ်နည်းဆိုရင် Integrity က ရိုးသားမှန်ကန်တဲ့ နာမည်ကောင်း တစ်လုံးကို ထိန်းပြီး အလုပ်လုပ်မယ့်သူကို ရွေးချယ်တာဖြစ်တယ်။ သူကအမှတ်စဉ် (၂) နဲ့ (၃) ကောင်းမွန်နေပေမယ့် အမှတ်စဉ် (၁) မကောင်းရင် မခန့်ဘူးလို့ဆိုတယ်။ သူရွေးချယ်တဲ့ အဓိကအချက် (၃) ချက်စလုံးနဲ့ ပြည့်စုံရင် အကောင်းဆုံးဖြစ်ပြီး လုပ်ငန်းဆောင်ရွက်ရာမှာ အန္တရာယ်ဖြစ်စေမယ့် အရာတွေ ကိုလည်း ရှောင်ရှားနိုင်စေမှာဖြစ်တယ်။
■ (၃) ဥပဒေကို လေးစားလိုက်နာမှုရှိရမယ်။ ဥပဒေဆိုတာက အဖွဲ့အစည်းတွေမှာ အမှားနဲ့ အမှန်ကို ရွေးချယ်ပေးတဲ့ အရာဖြစ်ပါတယ်။
(Obey the Law. Law is Society’s Codification of right and wrong)
ဒီအပိုင်းရဲ့ အဓိကအချက်ကတော့ ဥပဒေတွေကို လေးစားလိုက်နာဖို့ တာဝန်က လူတိုင်းမှာရှိတာ ဖြစ်တယ်။ ဥပဒေစိုးမိုးတဲ့ နိုင်ငံတွေမှာ Rule of Law လို့ခေါ်တဲ့ ဥပဒေအထက်မှာ မည်သူတစ်ဦးတစ်ယောက်မျှ မရှိစေဘဲ လူတိုင်းက ဥပဒေကို လေးစားလိုက်နာစေတာဖြစ်တယ်။ ဥပဒေကို လေးစားလိုက်နာတဲ့အတွက် မဟုတ်တာ မမှန်တာ မလုပ်တော့တဲ့အတွက် နာမည်ဆိုးမဖြစ်စေဘဲ နာမည်ကောင်းတစ်လုံးနဲ့ ဘဝတန်ဖိုးမြင့်မားစေနိုင် တာဖြစ်တယ်။
■ (၄) အခြားသူတွေအားလုံး မှီခိုအားထားရတဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ အကျိုးအမြတ်ဖြစ်ထွန်း စေရမယ်ဆိုတဲ့ အချက်ဖြစ်တယ်။
(Be Profitable. The foundation up which all other rest.)
ဒါကတော့ စီးပွားရေဆိုင်ရာ လုပ်ငန်းတာဝန်ယူမှု အပိုင်းဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေရဲ့ အဆုံးစွန်မျှော်မှန်းချက်က အမြတ်ရရှိရေးဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ဆောင်ရွက်ရာမှာ လူနည်းစုအကျိုးစီးပွားအတွက် မဖြစ်စေဘဲ လူများစုရဲ့ အကျိုးစီးပွား ဖြစ်စေရေးကိုသာ ဦးတည်ရမှာဖြစ်တယ်။ ဒါကြောင့် နိုင်ငံတွေမှာ အများနှင့် မသက်ဆိုင်ရတဲ့ ကုမ္ပဏီလီမိတက်တွေ ထူထောင်လုပ်ကိုင်တာထက် အများနှင့် သက်ဆိုင်တဲ့ ကုမ္ပဏီတွေကို များများတည်ထောင်နိုင်ရမှာဖြစ်တယ်။ စာရေးသူတို့ နိုင်ငံမှာ လူမှန်နေရာမှန် မဖြစ်ခဲ့ဘဲ စစ်အာဏာရှင်ပုံစံ အုပ်ချုပ်ခဲ့တာကြောင့် နိုင်ငံက အောက်ဆုံးအဆင့် ရောက်ရှိသွားခဲ့တယ်။ အုပ်ချုပ်သူတွေရဲ့ လွဲမှားတဲ့စီမံခန့်ခွဲမှုတွေကြောင့် မိမိနိုင်ငံသားတွေကို ကမ္ဘာ့အလယ်မှာ မျက်နှာငယ်ခဲ့ကြရတယ်။ နိုင်ငံအုပ်ချုပ်သူတွေက မိမိနိုင်ငံနဲ့ နိုင်ငံသားတွေအကျိုးကိုသာ ကြည့်ပြီး နာမည်ကောင်းနဲ့ နိုင်ငံကို အုပ်ချုပ်နိုင်စေရမှာ ဖြစ်တယ်။
အဓိက ဆိုချင်တာက လူသာသေသွားပါစေ နာမည်ကောင်းတစ်လုံးကို မသေအောင် ထိန်းထားနိုင်ဖို့သာ အရေးကြီးတယ်လို့ ဆိုချင်ကြောင်းပါ။










