ဘဝတန်ဖိုးကိုရှာသော ပုံသေနည်း

ဘဝတန်ဖိုးကိုရှာသော ပုံသေနည်း
Published 22 March 2016
ဘစံကောက်

လူကောင်းများသည် စောစောသေသည့်တိုင် ကျန်ရစ်မှုများစွာ ရှိသော်လည်း ကြင်နာမှုခန်းခြောက်၍ နှလုံးသားမဲ့သူတို့ အတွက်ကား အသက်တစ်ရာ နေရငြားသော်လည်း ဘာတစ်ခုမျှ ကျန်ရစ်ခဲ့သည် မရှိပါ။
ဝု(စ်) ဝစ် (၁၇၇၀-၁၈၅၀)

တစ်နေ့ စာအုပ်အဟောင်းတွေ လှန်ရင်းနဲ့ စာရွက်တွေကြားက “သင်လည်းတစ်နေ့ ဤသို့အိုရအံ့” ဆိုတဲ့ စာသားလေးပါတဲ့ စာရွက်ပိုင်းကလေးတစ်ခု သွားပြီးတွေ့တော့ မကြာခင် ရောက်လာတော့မယ့် “ဇရာ” ရဲ့ သဘောကိုတွေးမိပြီး သံဝေဂရမိတယ်။
ကျွန်တော်တို့အမေ အသက် ၇၀ ကျော်လာတဲ့အခါ “လူများအိုလာရင် စားရတာလဲ မကောင်းတော့ဘူး။ နေရတာလည်း မကောင်းတော့ဘူးလို့” အမြဲညည်းတတ်ပါတယ်။ ဟုတ်မှာပါပဲ။ လူများအရွယ်လွန်ပြီး အိုးမင်းလာပြီဆိုရင် ပြုစုစောင့်ရှောက်တဲ့ သားသမီးတွေကလည်း သိပ်ပြီးအလေး မထားချင်ကြတော့ဘူး။ တစ်ခါတလေ အမြင်မတော်တာလေး တွေ့လို့ဝင်ပြီး ပြောရင်တောင်မှ မကြိုက်ချင်ကြတော့ဘူး။ ငြိုငြင်ချင်လာတတ်ကြတယ်။ ပစ္စည်းဥစ္စာချို့တဲ့ပြီး ဆင်းရဲတဲ့ အဘိုးအို အဘွားအိုများဆို ပိုပြီးတောင် ဒုက္ခရောက်ကြရသေးတယ်။ နောက်ဆုံးနေစရာမရှိ စားစရာ မရှိနဲ့ ခိုကိုးရာမဲ့ဘဝကို ရောက်သွားကြတဲ့သူ တွေတောင်မှ ရှိသေးတယ်။ အများအားဖြင့်တော့ ဟိုချောင်ထိုး ဒီချောင်ထိုးနဲ့ လူပိုကြီး သက်သက် ဖြစ်နေရတာ များပါတယ်။ ဒါနဲ့ ပတ်သက်လို့ ပင်းမြို့ အရှေ့လက်ဂိုဏ်းအုပ် ဆရာတော်ကြီး “ဘဒ္ဒန္တဇာနိက” ပြောတဲ့ စကားလေးတစ်ခွန်းသွားပြီး အမှတ်ရမိတယ်။ ဆရာတော်ကြီးက သက်တော်ကြီးရင့် လာတဲ့အခါ နားကအရမ်း လေးလာတယ်။ ဒီတော့ ကျောင်းမှာရှိတဲ့ ကိုရင်ဦးပဉ္ဇင်းတွေက ဆရာတော်ကြီးနဲ့ စကားပြောတဲ့အခါ တော်ရုံနဲ့ နားမပေါက်နိုင်တာမို့ စိတ်မရှည် ချင်တတ်ကြဘူး။ ဒါကြောင့် ဆရာတော်ကြီးက သိချင်လို့မေးတဲ့အခါ တစ်ခွန်းအပြင် နှစ်ခွန်းပြောနေရရင် ဆောင့်ဆောင့်အောင့်အောင့်နဲ့ ပြန်ဖြေတတ် ကြတယ်။ ဒါကိုမြင်တော့ ဆရာတော်ကြီးက သူ့တပည့်တွေကို “အေး...အေး ငါသေရင် ဇရာတရားတွေကို အကုန်ယူမသွား ပါဘူးကွာ၊ မင်းတို့အတွက်လည်း ချန်ထားခဲ့မှာပါ။ အဲဒီကျ မင်းတို့လည်း သိမှာပါ” လို့ စိတ်မကောင်းစွာနဲ့ ပြောလေ့ရှိတယ်လို့ ဆိုပါတယ်။
လူ့ဘဝမှာ အခက်ခဲဆုံး ရင်ဆိုင်ရတတ်တဲ့ အချိန်နှစ်ချိန် ရှိပါတယ်။ အဲဒီအချိန်တွေကတော့ အမိဝမ်းကကျွတ်ပြီး ဥမမယ် စာမမြောက် လူမမယ်အရွယ်နဲ့ နေဝင်ချိန် နောက်ဆုံးအရွယ်ဖြစ်တဲ့ ဇရာဒုဗ္ဗလ အိုမင်းမစွမ်းရှိတဲ့ အခါတွေပါပဲ။ အဲဒီအချိန်တွေမှာ အကြင်နာထားပြီး ပြုစုစောင့်ရှောက်မယ့်သူတွေ မရှိဘူးဆိုရင် အလွန်ဒုက္ခ ရောက်ရပါတယ်။ ကျွန်တော်ငယ်စဉ် အမေနဲ့ ပေါင်းတည်မြို့ ဘိုးဘွားရိပ်သာကို ရောက်သွားတော့ အဲဒီမှာအလွန် မတန် အိုမင်းနေတဲ့ ဘိုးအို ဘွားအိုတွေကို အများကြီး တစုတဝေးထဲ တွေ့ရတော့ စိတ်ထဲမှာ အတော်ထူးဆန်းသွားတယ်။ ကိုယ့်မိ ကိုယ့်ဘ ကိုယ့်ဆွေမျိုးသားချင်းတွေ မဟုတ်ပါပဲနဲ့ ဒီလောက် အဘိုး အဘွား အများကြီးကို စေတနာထားပြီး ပြုစုစောင့်ရှောက်ဖို့ စိတ်ကူးနိုင်တဲ့ စိတ်ကူးရှိရင်တောင်မှ ကိုယ်ကျိုးစွန့်ပြီး သူတို့ဘဝတွေကို စာနာနားလည်စိတ်နဲ့ ကူညီနိုင်တဲ့ စေတနာရှင်ကိုလည်း စိတ်ထဲမှာ တကယ်ပဲ လေးစားကြည်ညို မိပါတယ်။
အိမ်ပြန်ရောက်လို့ အဲဒီဘိုးဘွားရိပ်သာကို စတင်တည်ထောင်ပြီး ကိုယ်ကျိုးစွန့် ပရဟိတ လုပ်နိုင်စွမ်းသူ ကရုဏာရှင် စေတနာရှင်ဟာ ဘယ်သူပါလဲလို့ မေးကြည့်တဲ့အခါ “ဒေါ်ဦးဇွန်း” ဆိုတဲ့ အမည်ကို စပြီးကြားဖူးတာပါပဲ။ လူသာမန်တို့ ပြုနိုင်ခဲတဲ့ ကောင်းမှုရှင့် ‘ဒေါ်ဦးဇွန်း’ ကို အဘဦးအီ အမိ ဒေါ်မျှင်တို့က ၁၂၃၀ ပြည့်နှစ် ဝါခေါင်လဆန်း ၅ ရက် သောကြာနေ့မှာ ရတနာပုံ နေပြည်တော် (မန္တလေး) မှာ မွေးဖွားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်က အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံကို သိမ်းပိုက်ထားတဲ့ အချိန်ပါပဲ။ ဒေါ်ဦးဇွန်းရဲ့ ဘခင်ဦးအီဟာ ပိုးကုန်သည် တစ်ဦးဖြစ်ပြီး အမရပူရမြို့မှာရှိတဲ့ ရက်ကန်းစင်တွေက ပိုးထည်တွေကိုယူပြီး ရောင်းချရာက ကြီးပွားချမ်းသာ လာသူလည်း ဖြစ်ပါတယ်။ ဒေါ်ဦးဇွန်းက တစ်ဦးတည်းသောသမီးပါ။ သူ့အသက် ၁၆ နှစ်ကို ရောက်တဲ့အခါ ဘခင်ဖြစ်သူ လုပ်ကိုင်ခဲ့တဲ့ ပိုးထည်လုပ်ငန်းကို ဦးစီးပြီး လုပ်ကိုင်ပါတယ်။ ငယ်စဉ်ကတည်းက ဘာသာရေးကို ကိုင်းရှိုင်းသူဖြစ်တဲ့အပြင် အလှူဒါန ပြုလုပ်ရာမှာလည်း လက်မတွန့်သူ ဖြစ်တာမို့ အသက် ၃၀ အရွယ်အရောက်မှာတော့ မန္တလေးမြို့ ပတ္တမြားဆရာတော်ကြီးကို အုတ်ကျောင်းဆောက်လုပ်ပြီး လှူဒါန်းခဲ့ပါတယ်။
မိဘများ ကွယ်လွန်ပြီးတဲ့ နောက်မှာတော့ မိဘများကျန်ရစ်တဲ့ အမွေအနှစ် အားလုံးကိုရရှိပြီး သူရရှိတဲ့ စည်းစိမ်ဥစ္စာများကို အများအကျိုးအတွက် သုံးစွဲဖို့ အာသီသရှိတာကြောင့် အဲဒီအချိန်က ရန်ကုန်မြို့ စတော့ဂိတ်လမ်း (သိမ်ဖြူလမ်း) မှာ ဖွင့်လှစ်ထားရှိပြီး ခရစ်ယာန်သီလရှင်များ တည်ထောင်တဲ့ လူအိုရုံတစ်ရုံကို သွားရောက် လေ့လာခဲ့ပါတယ်။ အဲဒီကနေ မန္တလေးကို ပြန်ရောက်တဲ့ အခါမှာတော့ မင်းကွန်းမှာ ကမ္မဋ္ဌာန်းကျောင်း သုံးကျောင်းဆောက်လုပ်ပြီး အဘိုး-အဘွား သုံးဦးကို ပြုစုစောင့်ရှောက်ရင်းနဲ့ လုပ်ငန်းကို စတင်ခဲ့ရာမှာ ၁၂၈၀ ပြည့်နှစ် အရောက်မှာတော့ ဘိုးဘွား ၂၀ ဦးအထိ လက်ခံစောင့်ရှောက် နိုင်ခဲ့ပါတယ်။
ဒီကနေ့ သူ့လုပ်ငန်းကို တဖြည်းဖြည်းချဲ့ထွင် လုပ်ကိုင်ဖို့ စိတ်အားထက်သန် လာတာနဲ့ ရန်ပုံငွေရှာဖွေခဲ့ရာမှာ အလွန်မွန်မြတ်တဲ့ လုပ်ငန်းဖြစ်တာရယ် သူမကိုယ်တိုင်က မှန်မှန်ကန်ကန်နဲ့ တက်တက်ကြွကြွ လုပ်ဆောင်နိုင်တာရယ်ကြောင့် ရှစ်နှစ်တာ ကာလအတွင်းမှာ ရန်ပုံငွေ များပြားစွာ လက်ခံရရှိပြီး ဘိုးဘွား ၂၅၀ ဦးအထိ လက်ခံပြီး စောင့်ရှောက်ပေးနိုင် လာခဲ့ပါတယ်။ ဒီလို မင်းကွန်းမှာ သူမရဲ့ ပရဟိတလုပ်ငန်း အောင်မြင်လာတဲ့အခါ မြန်မာပြည်အနှံ့မှာရှိတဲ့ ခိုကိုးရာမဲ့ ဘိုးအို ဘွားအို တွေကိုလည်း ပြုစုစောင့်ရှောက် သင့်တယ်လို့ တွေးမြင်လာပြီး အခြားမြို့ကြီးများမှာလည်း လူအိုရုံများ တည်ထောင်နိုင်ရန် အထူးလုံ့လပြု ကြိုးပမ်းပြန်ပါတော့တယ်။
ပထမဆုံး ၁၂၈၉ ခုနှစ်မှာ သူပိုင်တဲ့ငွေကြေးနဲ့ အရင်းပြုမတည်ပြီး သထုံမြသပိတ် တောင်ခြေမှာ ဘိုးဘွားရိပ်သာတစ်ခု စတင်တည်ထောင်ပါတယ်။ ၁၂၉၀ မှာတော့ ပေါင်းတည်မြို့မှာ ဘိုးဘွားရိပ်သာတစ်ခု၊ ၁၂၉၅ ခုနှစ်မှာတော့ ရန်ကုန်မြို့ နှင်းဆီကုန်း၊ ၁၂၉၉ ခုနှစ်မှာတော့ ပခုက္ကူမြို့တွေမှာ ဘိုးဘွားရိပ်သာတွေကို သူကိုယ်တိုင်ဦးစီးပြီး တည်ထောင်ပါတယ်။ ဒါ့အပြင် သူမ ပိုင်ဆိုင်သမျှ ပစ္စည်းအားလုံး စုစုပေါင်း နှစ်သိန်းဖိုးခန့်ကိုလည်း သူမဦးစီး လုပ်ဆောင်နေတဲ့ သူအိုရုံလုပ်ငန်းများထဲမှာ ရက်ရောစွာ ထည့်ဝင်လှူဒါန်း ခဲ့ပါတယ်။
သူကိုယ်တိုင်လည်း အသက် ၆၀ အရွယ်ကို ရောက်တဲ့အခါ ပေါင်းတည်မြို့မှာပဲ လူဝတ်ကြောင်ဘဝကိုစွန့်ပြီး ဘုရားသမီးတော် သီလရှင်ဘဝကို ခံယူပါတယ်။ ဘွဲ့အမည်ကတော့ “ဘွားသုမာလာ” လို့ခေါ်ပါတယ်။ ဒုတိယကမ္ဘာစစ် ဖြစ်တဲ့အခါ “ဒေါ်ဦးဇွန်း” တည် ထောင်တဲ့ လူအိုရုံများ ဖျက်ဆီးခံခဲ့ရပါတယ်။ မင်းကွန်းလူအိုရုံ တစ်ရုံသာ စစ်ဘေးစစ်ဒဏ် လွတ်ခဲ့တာမို့ ရန်ကုန်နှင်းဆီကုန်း ဘိုးဘွားရိပ်သာက ဘိုးဘွားများကို မင်းကွန်းသို့ခေါ်ယူပြီး စောင့်ရှောက်ပေးခဲ့ရပါတယ်။ နောင် စစ်ဘေး စစ်ဒဏ်က လွတ်တဲ့အခါ ဒေါ်ဦးဇွန်း တည်ထောင်ခဲ့တဲ့ ဘိုးဘွားရိပ်သာများကို စေတနာရှင်များက ပြန်လည်ပြုပြင်ပြီး “ဒေါ်ဦးဇွန်း” စတင်လမ်းဖောက်ခဲ့တဲ့ ကရုဏာလမ်းကြောင်းကိုပဲ မွန်မြတ်တဲ့ စိတ်စေတနာ အရင်းခံနဲ့ ဆက်လက် လျှောက်လှမ်းခဲ့ကြရာက ဒီကနေ့ မြန်မာနိုင်ငံမှာ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုများ နားခိုရာ ဘိုးဘွားရိပ်သာ ပရဟိတ လုပ်ငန်းကြီးဟာ ဆက်လက်ရှင်သန်နေတာ တွေ့ရပါတယ်။
လောကမှာ လူသာမန်တို့ပြုနိုင်ခဲတဲ့ ပရဟိတလုပ်ငန်းကြီး တစ်ခုကို ကိုယ်ကျိုးစွန့်ပြီး စတင်လမ်းဖောက်ပေးခဲ့သူ “ဒေါ်ဦးဇွန်း” ဟာ (၁၁.၅.၁၉၄၄) အသက် (၇၆) နှစ်အရွယ် အရောက်မှာတော့ မင်းကွန်းလူအိုရုံမှာ ကွယ်လွန်သွားခဲ့ရှာပါတယ်။
လူရယ်လို့ဖြစ်လာရင် ဇာတိ၊ ဇရာ၊ ဗျာဓိ၊ မရဏဆိုတဲ့ ဆင်းရဲဒုက္ခတွေနဲ့ တစ်ချိန်ချိန်မှာ မလွှဲမရှောင်သာ တွေ့ရကြုံရမှာ မှန်ပေမယ့် တချို့က ဒီတရားတွေနဲ့ ရင်မဆိုင်ရခင်မှာ လောကကို အတ္တအမြင်နဲ့ကြည့်ပြီး သိမ်းပိုက်ဖို့ ကြိုးစားတတ်ကြပါတယ်။ တရားသဖြင့်ရော မတရားသဖြင့်ရော ရှာဖွေရရှိလာတဲ့ ပစ္စည်းဥစ္စာတွေကို ငါပိုင်ငါဆိုင်ထင်ပြီး ကိုယ်ကျိုးအတွက် ပျော်ပျော်ကြီး သုံးစွဲကြပါတယ်။ ဒါပေမဲ့ ဒီပစ္စည်းဥစ္စာတွေဟာ သေရင် ကိုယ့်နောက်မပါတဲ့ သင်္ခါရတရားတွေ ဆိုတာကိုတော့ မေ့လျော့နေတတ် ကြပါတယ်။
အသိဉာဏ်ပညာနဲ့ ပြည့်စုံပြီး လောကကို အမှန်အတိုင်း မြင်တတ်ကြည့်တတ် သူတွေကတော့ ဥစ္စာပစ္စည်းကို ရှာဖွေတဲ့အခါမှာပဲဖြစ်စေ၊ သုံးစွဲတဲ့ အခါမှာပဲဖြစ်စေ ကိုယ်ကျိုးအတွက် ရည်ရွယ်ပြီးလည်း မရှာဖွေကြသလို ကိုယ်တစ်ဦး တစ်ယောက်ချမ်းသာဖို့ အတွက်လည်း မသုံးစွဲကြပါဘူး။ ရလာတဲ့ လူ့ဘ၀ ခဏလေးမှာ အများအတွက် ရည်ရွယ်ပြီး စွန့်လွှတ်ပေးဆပ် သုံးစွဲကြပါတယ်။ သူတို့တွေရဲ့ အသိဉာဏ်ပညာကြွယ်ဝမှု လူလူချင်း ထားရှိတဲ့ စေတနာ၊ မေတ္တာတွေကြောင့်ပဲ လူ့ဘောင်လောကဟာ သာယာချမ်းမြေ့ ကြရပါတယ်။ သူတို့တွေကိုမှီပြီး ဆင်းရဲဒုက္ခတွေလည်း ကင်းဝေးပယ်ပျောက် ရပါတယ်။
လူတစ်ယောက်ရဲ့ တန်ဖိုးကို တိုင်းတာတဲ့အခါ သူလူ့ဘဝမှာ အသက်ဘယ်လောက် ကြာအောင်နေခဲ့ရတယ် ဆိုတာရယ် သူဘယ် လောက်ချမ်းသာတယ်၊ သူ့ရာထူး ဂုဏ်ထူး ဘယ်လောက်ရှိတယ် ဆိုတာရယ်နဲ့ မတိုင်းတာပါဘူး။ သူ လူ့ဘဝမှာ ရှိနေစဉ် လူတွေရဲ့ ကောင်းကျိုးကို ဘယ်လောက်ရွက်ဆောင် နိုင်ခဲ့တယ် ဆိုတာနဲ့ တိုင်းတာပါတယ်။ ဒါကလည်း ပြောရရင် လူဆိုတာ သေမျိုးဖြစ်ပေမယ့် သူတို့ကြိုးစား လုပ်ဆောင်ခဲ့တဲ့ လူသား အကျိုးပြုလုပ်ငန်း တွေကတော့ သူတို့သေဆုံးသွားပြီးတဲ့ နောက်မှာလည်းပဲ လူသားတွေကို အကျိုးပြုဖို့ ဆက်လက်ရှင်သန် ကျန်ရှစ်နေခဲ့ကြလို့ပဲ ဖြစ်တယ်လို့ ဆိုရမှာကြောင့်ပါပဲ။

Most Read

Most Recent