၂၀၁၆ ခုနှစ် ဧပြီ ၁ ရက်ဟာ ထူးခြားတဲ့ နေ့တစ်နေ့ပါ။ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရဟောင်း နေရာမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ အဖွဲ့ စတင် တာဝန်ယူမှာ ဖြစ်ပါတယ်။မြန်မာ့ သမိုင်းမှာ ပြည်သူက တင်မြှောက်တဲ့ အရပ်သား အစိုးရသစ်တစ်ရပ် စတင် အုပ်ချုပ်မယ့် အချိန်မှာပဲ ပြည်သူတွေ သုံးစွဲနေတဲ့ ဖုန်းတွေဆီကနေ အစိုးရက ကုန်သွယ်ခွန် စကောက်တော့မှာ ဖြစ်ပါတယ်။ပြီးခဲ့တဲ့ ပထမအကြိမ် ပြည်ထောင်စု လွှတ်တော်က ဧပြီ ၁ ရက်မှာ ဖုန်းခွန်တွေ စကောက်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလို ဖုန်းခွန် စကောက်တာနဲ့ ပတ်သက်လို့ ပြည်သူတွေကတော့ သိပ်ပြီး အစာ မကြေကြပါဘူး။ပြည်ထောင်စု လွှတ်တော်က ဖုန်းခွန်တွေ စကောက်ဖို့ ဆုံးဖြတ်ချက် ချတဲ့အပေါ် ပြည်သူတွေ ကြားမှာ ဝေဖန်မှုတွေ ဆူညံခဲ့ပါတယ်။ဘာပဲဖြစ်ဖြစ် အခုလာမယ့် ၂၀၁၆ ဧပြီ ၁ ရက်မှာတော့ ဖုန်းခွန်တွေကို စကောက်တော့မှာပါ။ ဒါပေမဲ့ ဖုန်းခွန်တွေ စကောက်တာနဲ့ ပတ်သက်လို့ မေးစရာ မေးခွန်းတွေနဲ့ အစိုးရသစ်က ဘယ်လို တာဝန်ယူမှု၊ တာဝန်ခံမှုတွေ ဘယ်လို လုပ်ပေးမလဲ ဆိုတာကို ဆက်လက် စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
■ တန်ဖိုးနည်း ဆင်းမ်ကတ်မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ၂၀၁၃ ခုနှစ် ဧပြီ လဆန်းပိုင်းမှာ ဖုန်းဆင်းမ်ကတ် တစ်ခုကို ငွေကျပ် ၁၅၀၀ နှုန်းနဲ့ ခွဲတမ်းအရ တစ်လ ဆင်းမ်ကတ် ၃၅၀၀၀၀ ကို လစဉ် ရောင်းချပေးခဲ့ပါတယ်။ဒါဟာ ဦးသိန်းစိန်ရဲ့ သမ္မတ သက်တမ်း နှစ်နှစ်ကျော်မှာ သိန်းချီတန်တဲ့ ဖုန်းဆင်းမ်ကတ်ကို ငွေကျပ် ၁၅၀၀ နှုန်းနဲ့ ရောင်းချပေးခဲ့တာပါ။ ဒီလို ဆင်းမ်ကတ်တွေကို ရောင်းချပေးမယ့်လည်း အလွယ်တကူ ဝယ်ယူနိုင်အောင် ရောင်းချပေးခဲ့တာ မဟုတ်ပါဘူး။လစဉ် ခွဲတမ်းနဲ့ ရောင်းချပေးတဲ့အတွက် သက်ဆိုင်ရာ ရပ်ကွက် ရုံးတွေက မဲနှိုက်ပြီး မဲပေါက်တဲ့ သူတွေကို ပေးတာ ဖြစ်ပါတယ်။ ဒါကြောင့် ဆင်းမ်ကတ် တစ်ခုကို ငွေကျပ် ၁၅၀၀ ဆိုပေမယ့် မှောင်ခို ဈေးကွက်မှာတော့ ၈၅၀၀၀ အထိ ဈေးပေါက်ခဲ့ပါတယ်။“အဲဒီတုန်းက အစ်မတို့ ရပ်ကွက်မှာတော့ ဖုန်းကို ခွဲတမ်းနဲ့ ရတယ်။ အဲလို ခွဲတမ်းနဲ့ ရတဲ့ ဖုန်းတွေကို ရပ်ကွက်ရုံးမှာ မဲနှိုက်ပြီးပေးတာ။ တစ်ခါဖောက်မှ ဖုန်းအလုံးရေက ဆယ်ဂဏန်းလောက်ပဲ ဆိုတော့ ရပ်ကွက်မှာ နေတဲ့သူနဲ့ မမျှတဘူးပေါ့။ မဲပေါက်တဲ့ သူကတော့ စောစောစီးစီး ဖုန်းကိုင်ရတာပေါ့။ တစ်ချို့ကျ ပြန်ရောင်းတာတွေ ရှိတယ်။ အဲလို ရောင်းရင် ရှစ်သောင်း ကိုးသောင်းလောက် ရတယ်လို့ ကြားတာပဲ” ဟု လှိုင်မြို့နယ်မှာ နေထိုင်တဲ့ အိမ်ထောင်ရှင် အမျိုးသမီး တစ်ဦးက ပြောပါတယ်။ဖုန်းပေါက်တဲ့ သူတွေ အနေနဲ့ ဖုန်းပေါက်တဲ့နေ့က စလို့ ၁၅ ရက်အတွင်း အသုံးပြုရမှာ ဖြစ်တဲ့အပြင် ဖုန်းခေါ်ဆိုခ အဖြစ် တစ်လ အနည်းဆုံး ငွေကျပ် ၂၅၀၀ သုံးစွဲရမယ်လို့ သတ်မှတ် ထားပါသေးတယ်။ ဒီလိုမှ မသုံးခဲ့ဘူးဆိုရင် ဖုန်းဆင်းမ်ကတ်တွေကို မြန်မာ့ ဆက်သွယ်ရေးက လိုင်းပိတ် လိုက်ပါတယ်။ ဒီစနစ်ကိုတော့ ၂၀၁၄ ခုနှစ် ဧပြီကျမှ မြန်မာ့ ဆက်သွယ်ရေးက ဖျက်သိမ်းလိုက်ပါတယ်။ ဒါကို ကြည့်ရင် ဦးသိန်းစိန် အစိုးရ အနေနဲ့ ဘယ်နိုင်ငံမှာမှ မရှိတဲ့ စနစ်နဲ့ ဖုန်းဆင်းမ်ကတ်တွေကို မြန်မာနိုင်ငံမှာ ဖြန့်ဖြူးပေးခဲ့တာ ဖြစ်ပါတယ်။ဒါ့ပြင် မြန်မာ့ဆက်သွယ်ရေးကနေ၂၀၁၄ ခုနှစ် စက်တင်ဘာ ၁ ရက်က စတင်ကာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၅ ခု အတွင်းရှိ အရောင်းမြှင့်တင်ရေး ဆိုင်တွေမှာ မှတ်ပုံတင် မိတ္တူနဲ့ လိုင်စင်ဓာတ်ပုံ နှစ်ပုံပေးပြီး ဆင်းမ်ကတ် တစ်ခုကို ငွေကျပ် ၁၅၀၀ နှုန်းနဲ့ စတင် ရောင်းချပေးခဲ့ပါတယ်။မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း အနေနဲ့ ၂၀၁၄ ခုနှစ်အထိ မိုဘိုင်းတယ်လီဖုန်း ၈ ဒသမ ၀၅ သန်းကျော် ဖြန့်ဖြူး ရောင်းချပေးခဲ့တဲ့အနက် တန်ဖိုးနည်းဖုန်း စုစုပေါင်း ၄ ဒသမ ၂၅ သန်း ပါဝင်ပြီး CDMA 800 MHz 2150000၊ GSM တယ်လီဖုန်း ၁၅၃၉၇၀၀ နဲ့ WCDMA မိုဘိုင်းဖုန်း ၅၆၀၃၀၀ တို့ကို ဖြန့်ဖြူး ရောင်းချပေးခဲ့ပါတယ်။ဒီလို တန်ဖိုးနည်း ဖုန်းဆင်းမ်ကတ်တွေကို ရောင်းချပေးပေမယ့် အစိုးရ အနေနဲ့ ဖုန်းခေါ်ဆိုခတွေကိုတော့ ဈေးချပေးခဲ့ခြင်း မရှိပါဘူး။ နောက်ပိုင်း နိုင်ငံတကာက အူရီဒူးနဲ့ တယ်လီနောတို့လို ဖုန်းအော်ပရေတာတွေ ဝင်ရောက်လာချိန်မှာတော့ မြန်မာ့ ဆက်သွယ်ရေး အနေနဲ့ ဖုန်းအော်ပရေတာ ဈေးကွက်မှာ လက်ဝါးကြီးအုပ်လို့ မရတော့တဲ့ အတွက် ‘ဆွေသဟာ’ လို ပရိုမိုးရှင်းမျိုးတွေ ပြုလုပ်လာတာကို တွေ့ရပါတယ်။ဘာမှတော့ မထူးပါဘူး။ ‘ဆွေသဟာ’ အစီအစဉ်မှာ ဖုန်းခေါ်ဆိုခတွေကို တစ်မိနစ် ကျပ် ၅၀ ကနေ လျှော့ချခဲ့ပေမယ့် အင်တာနက် အသုံးပြုမှုမှာတော့ တစ်မိနစ် နှစ်ကျပ်ကနေ MB အလိုက် ကောက်ခံတာကြောင့် မသက်သာတဲ့ အပြင် ပိုပြီး အကုန်အကျ များခဲ့ပါတယ်။ဒါကြောင့်လည်း ပြည်သူတွေက ‘ဆွေသဟာ’ အစီအစဉ်ကို ‘ဆော်သဟ’ လို့ နောက်ပြောင် ခေါ်ဝေါ်ခဲ့ကြပါတယ်။
■ ဖုန်းခွန် အစပထမအကြိမ် ပြည်ထောင်စု လွှတ်တော်က ပြည်တွင်းမှာ ရှိတဲ့ ဖုန်းအော်ပရေတာ သုံးခုကနေ ဖုန်းခွန်တွေ ကောက်ဖို့ ဆုံးဖြတ် ခဲ့ပါတယ်။ ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာ သုံးခုဖြစ်တဲ့ MPT၊ တယ်လီနော၊ အူရီဒူးတို့က ၂၀၁၅ ဇွန် ၁ ရက်က စတင်ကာ ငွေဖြည့်ကတ် သုံးစွဲမှုအပေါ် ငါးရာခိုင်နှုန်း အခွန် ကောက်ခံသွားမှာ ဖြစ်ပါတယ်။ပြည်ထောင်စု အခွန်ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ထည့်သွင်း ကောက်ခံမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု အစိုးရ ကိုယ်စား ဖုန်းအော်ပရေတာတွေက သုံးစွဲသူတွေ ထံကနေ ကောက်ခံကာ အစိုးရဆီ ပေးသွင်းသွားရမှာ ဖြစ်ပါတယ်။ဒါကြောင့် ငွေဖြည့်ကတ် ကျပ် ၁၀၀၀ ဖြည့်ပါက အခွန် ၄၈ ကျပ် ကျသင့်မှာဖြစ်ပြီး ၉၅၂ ကျပ်သာ သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။ ကျပ် ၃၀၀၀ ဖြည့်ပါက အခွန် ၁၄၃ ကျပ် ကျသင့်ဖြစ်ပြီး ၂၈၅၇ ကျပ်သာ သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကျပ် ၅၀၀၀ ဖြည့်ပါက အခွန် ၂၃၈ ကျပ် ကျသင့်ကာ ၄၇၆၂ ကျပ် သုံးစွဲခွင့် ရမှာဖြစ်ပြီး ငွေကျပ် ၁၀၀၀၀ ဖြည့်ပါက အခွန် ၄၇၆ ကျပ် ကျသင့်ကာ ၉၅၂၄ ကျပ်သာ သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။
■ အရေးကြီး အဆိုဇွန် ၁ ရက်မှာ စတင် ကောက်ယူမယ်လို့ အစိုးရက ထုတ်ပြန်ထားတဲ့ တယ်လီဖုန်း ပြောခအပေါ် ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ကောက်ခံမယ့် စနစ်ကို လာမယ့် ၂၀၁၅-၂၀၁၆ ဘတ်ဂျက်ကာလ အတွင်းမှာ ကင်းလွတ်ခွင့်ပေးဖို့ ပြည်ထောင်စု လွှတ်တော်မှာ မေ ၂၂ ရက်က အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ပါတယ်။တယ်လီဖုန်း ပြောခအပေါ် ကုန်သွယ်ခွန် ငါးရာခိုင်နှုန်း ကောက်ခံမယ့် စနစ်ကို လာမယ့် ၂၀၁၅-၂၀၁၆ ဘက်ဂျက်ကာလ အတွင်းမှာ ကင်းလွတ်ခွင့်ပေးဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက တင်ခဲ့တာပါ။
■ ဆိုင်းငံ့ လိုက်ပြီဖုန်း အသုံးပြုရင် ပေးရမယ့် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်း ဆိုင်းငံ့ထားဖို့နဲ့ ပတ်သက်ပြီး ၂၀၁၅ မေ ၂၇ ရက်က ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဆွေးနွေး ခဲ့ကြပါတယ်။ဒီအပေါ်မှာ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာ ဝန်ကြီးဌာန ဝန်ကြီးနဲ့ ဒုတိယ ဝန်ကြီးတို့ လာရောက် ရှင်းလင်းခဲ့ကြပါတယ်။ အဲဒီနောက် ပြည်ထောင်စု လွှတ်တော်ရဲ့ သဘောဆန္ဒအရ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှာ ဆိုင်းငံ့ထားဖို့ အဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။ဒီလို ဆိုင်းငံ့ထားတဲ့ အစီအစဉ်ကို လာမယ့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်စ ဧပြီလက စတင် ကောက်ခံနိုင်မယ့် ဥပဒေကြမ်း တစ်ရပ်ကို ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ဒီဇင်ဘာ ၁၅ ရက်က ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်ထံ တင်သွင်းခဲ့ပါတယ်။၂၀၁၆-၂၀၁၇ အခွန်အကောက် ဥပဒေကြမ်းကို ပြည်ထောင်စု အစိုးရအဖွဲ့ ကိုယ်စား ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စု လွှတ်တော်ထံ တင်သွင်းရာမှာ ဖုန်းငွေဖြည့်ကတ်ကနေ အခွန်ငွေ ငါးရာခိုင်နှုန်း ကောက်ခံနိုင်ဖို့ ထည့်သွင်းထားတယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ဒီကုန်သွယ်ခွန်ကနေ ကောက်ခံငွေကျပ် ၈၀ ဘီလျံခန့် ရရှိနိုင်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး ဦးဝင်းရှိန်က ဆိုပါတယ်။“ပြီးခဲ့တဲ့ ဆိုင်းငံ့ တယ်လီဖုန်း ပြောဆိုခ ကြိုတင်ငွေဖြည့်ကတ်အပေါ် ကျသင့်တဲ့ ကုန်သွယ်လုပ်ငန်းခွန် ကောက်ခံဖို့ အတွက်က ကျပ် ၈၀ ဘီလျံခန့် လျာထားချက် ပါဝင်ပါကြောင်း တင်ပြအပ်ပါတယ်” လို့ သူက ပြောပါတယ်။ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်တွင်းအခွန်များ ဦးစီးဌာန အနေနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ဘဏ္ဍာရေးနဲ့ နည်းပညာ အကူအညီ ရယူပြီး တစ်နိုင်ငံလုံး ပါဝင် ဆောင်ရွက်နိုင်မယ့် အခွန်စနစ် (တန်ဖိုးပြည့် ကောက်ခံတဲ့ စနစ်) ကို လုပ်ဖို့ ဆောင်ရွက်လျက် ရှိတယ်လို့ သူက ဆက်ပြောပါတယ်။ထို့ပြင် အခွန်စည်းကြပ် ကောက်ခံတဲ့ စနစ်ကနေ အခွန်ထမ်း ကိုယ်တိုင် အခွန်စည်းကြပ်မှု ခံယူတဲ့ စနစ်ကို ပြောင်းလဲ ကျင့်သုံးနိုင်မှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။၂၀၁၆-၂၀၁၇ ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေ မူကြမ်းကို ပြည်ထောင်စု လွှတ်တော်ဥပဒေ၊ နည်းဥပေဒတွေနဲ့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက,က အသိပေး ကြေညာခဲ့ပါတယ်။
■ ဘာကြောင့်လဲမြန်မာနိုင်ငံမှာ ဖုန်းသုံးစွဲမှုကို ကြည့်ရင် အပိုင်း သုံးပိုင်းကို တွေ့ရမှာ ဖြစ်ပါတယ်။ ဖုန်းတစ်လုံးကို သိန်းဆယ်ချီ တန်တဲ့ အချိန် ဗိုလ်ချုပ်တွေနဲ့ ခရိုနီတွေသာ ကိုင်နိုင်တဲ့ ခေတ်ကာလ၊ ငွေကျပ် ငါးသိန်းနဲ့ နှစ်သိန်းခွဲတန် ဖုန်းတွေကို ကိုင်ခဲ့ကြတဲ့ ခေတ်ကာလနဲ့ တန်းဖိုးနည်း ဆင်းမ်ကတ်တွေကို လူတိုင်း ကိုင်လာနိုင်တဲ့ ခေတ်ကာလဆိုပြီး အပိုင်း သုံးပိုင်းကို တွေ့ရပါတယ်။ဖုန်းတစ်လုံးကို သိန်းဆယ်ချီပြီး တန်တဲ့ ခေတ်တုန်းကလည်း ဖုန်းခွန်တွေကို မကောက်ခဲ့ပါဘူး။ ငါးသိန်းနဲ့ နှစ်သိန်းခွဲတန် ဖုန်းတွေ ကိုင်ကြတုန်းကလည်း ဖုန်းခွန်တွေ မကောက်ခဲ့ပါဘူး။ ခုလို အခြေခံ လူတန်းစားတွေ အများစု ဖုန်းကိုင်လာနိုင်တဲ့ အချိန်မှ ဖုန်းခွန်ကောက်တာဟာ ဦးသိန်းစိန် အစိုးရအဖွဲ့ အနေနဲ့ အခြေခံ ပြည်သူတွေဆီက အခွန်ကောက်ဖို့အတွက် နည်းလမ်းတစ်ခု အဖြစ် ဖုန်းဆင်းမ်ကတ်တွေကို ဈေးချပေးတာလားလို့တောင် သံသယ ဖြစ်စရာ ကောင်းလှပါတယ်။ဘာလို့ ဒီလို ပြောရလဲဆိုရင် ၂၀၁၄ ခုနှစ် သြဂုတ်ကနေ ၂၀၁၅ ခုနှစ် ဧပြီလအတွင်း ဆက်သွယ်ရေး အော်ပရေတာ သုံးခုက ဆင်းမ်ကတ်ပေါင်း ၁၈ သန်းကျော် ရောင်းချခဲ့ပြီးပြီးလို့ သိရပါတယ်။ကုန်သွယ်ခွန် ငါးရာခိုင်နှုန်းကို ကောက်ခံငွေကျပ် ၈၀ ဘီလျံခန့် ရရှိနိုင်မယ်လို့ ဘဏ္ဍာရေး ဝန်ကြီး ဦးဝင်းရှိန် ခန့်မှန်ချက်အရ အစိုးရ ရရှိမယ့် အခွန်ငွေက မနည်းပါဘူး။အစိုးရ အနေနဲ့ ပြည်ထောင်စု အခွန်ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကောက်မယ်ဆိုရင် အခြားသော လုပ်ငန်းရှင်တွေဆီကရော ကောက်ရမယ့် အခွန်တွေကို ဥပဒေအတိုင်း ကောက်ခံမှုတွေ လုပ်နေလား ဆိုတာကို မေးစရာ ရှိလာပါတယ်။“ဖုန်းငွေဖြည့်ရင် ကြိုတင် ဖြည့်တဲ့ ငွေထဲကနေ ကုန်သွယ်ခွန် ငါးရာခိုင်နှုန်းကို ဖြတ်မယ်ဆိုတော့ ဒါက ချည်ပြီး တုပ်ပြီး လုပ်တာပဲ။ ဥပဒေအရ ကောက်တာ ဆိုလည်း ဘာမှတော့ မပြောလိုပါဘူး။ ဒါပေမဲ့ တကယ့် အခွန်ဆောင်ရမယ့် လုပ်ငန်းရှင်ကြီးတွေဆီက အခွန်တွေကိုရော ဥပဒေအတိုင်း တိတိကျကျ ကောက်ရဲ့လား ဆိုတာကို ဦးအနေနဲ့ အစိုးရကို မေးချင်ပါတယ်။ အဲလို လုပ်ငန်းရှင်ကြီးတွေဆီက အခွန်တွေကို တိတိကျကျ မကောက်ခဲ့ဘူး ဆိုရင်တော့ အခုကောက်တဲ့ ဖုန်းခွန်က အခြေခံ လူတန်းစားတွေအပေါ် တစ်ဖက်သတ် ဖိနှိပ်သလိုကြီး ဖြစ်နေတယ်လို့ပဲ ပြောပါရစေ” ဟု တရားလွှတ်တော်ရှေ့နေ ဦးထွန်းအောင်က ပြောပါတယ်။
■ ဖုန်းခွန်နဲ့ ညံ့ဖျင်းတဲ့ ဝန်ဆောင်မှုဖုန်းခွန် ကောက်မယ် ဆိုပေမယ့် ဖုန်းသုံးစွဲသူတွေ အနေနဲ့ စိတ်ကျေနပ်ဖွယ်ရာ ဝန်ဆောင်မှုတွေ မရရှိသေးပါဘူး။ ဖုန်းလိုင်း မမိတာ၊ အင်တာနက်လိုင်း မကောင်းတာ စတဲ့ ကိစ္စတွေကို ဖုန်းသုံးနေတဲ့ လူတိုင်း နေ့စဉ် ကြုံတွေ့နေတုန်းပါပဲ။ဒီလို ဆက်သွယ်ရေး အော်ပရေတာတွေက ဝန်ဆောင်မှု ညံ့ဖျင်းနေမှုအပေါ် ပြည်သူတွေက ဝေဖန်မှုတွေ မြင့်တက်နေပေမယ့် ဒီနေ့ အချိန်ထိတော့ ပြောင်းလဲပေးနိုင်ခြင်း မရှိသေးပါဘူး။“နိုင်ငံတကာမှာလည်း အခွန်တွေ ပေးနေရပေမယ့် အခွန်ဆောင်သူတွေအတွက် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေကို ပြန်လည် လုပ်ဆောင်ပေးတာကြောင့် အခွန်ထမ်း ပြည်သူတွေ အနေနဲ့ အခွန်ထမ်းတဲ့ အပေါ်မှာ ကြည်ဖြူစွာ ပေးဆောင်ကြတယ်လို့ နိုင်ငံခြားမှာ သွားရောက် အလုပ်လုပ်ကိုင်ဖူးတဲ့ ကိုမျိုးကျော်က ဆိုပါတယ်။“သူများ နိုင်ငံတွေမှာလည်း အခွန် ထမ်းရတာပဲ။ ဒါပေမဲ့ အခွန်ထမ်းတဲ့ ပြည်သူတွေအပေါ် ကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ ပြန်ပေးတော့ အခွန်ထမ်းသူတွေက ကြည်ကြည်ဖြူဖြူ အခွန်ထမ်းကြတယ်။ အခွန်ဆိုတာ တိုင်းပြည်အတွက် မရှိမဖြစ် ဝင်ငွေပါပဲ။ အဲဒီ ရလာတဲ့ အခွန်တွေကို အစိုးရက တိုင်းပြည် လိုအပ်ချက်တွေမှာ ပြန်သုံးရတာဆိုတော့ ဘာပဲဖြစ်ဖြစ် အစိုးရသစ် လက်ထက်မှာတော့ ပြည်သူတွေက ပေးဆောင်တဲ့ အခွန်တွေကို လိုအပ်တဲ့ နေရာတွေမှာ သုံးပြီး အခွန်ထမ်း ပြည်သူတွေကို အကောင်းဆုံး ဝန်ဆောင်မှုတွေ ပြန်ပေးစေချင်တယ်” လို့ ကိုမျိုးကျော်က ပြောပါတယ်။မိုဘိုင်းဖုန်း အသုံးပြုနေသူ တစ်ဦးကို တွေ့ရစဉ်
အိမ်နီးချင်း အာဆီယံနိုင်ငံများမှ စပြီး အမေရိကန် ပြည်ထောင်စုလို နိုင်ငံမျိုးအထိ ဖုန်းခွန်တွေကို ကောက်ခံကြပါတယ်။ လာအို၊ ကမ္ဘောဒီးယားတို့ အပါအဝင် အာဆီယံနိုင်ငံ အများစုမှာ ၁၀ ရာခိုင်နှုန်းနဲ့အထက် ကောက်ခံကြပါတယ်။ အမေရိကန် ပြည်ထောင်စုမှာတော့ ပြည်နယ်အလိုက် ၁၇ ရာခိုင်နှုန်းကနေ ၂၅ ရာခိုင်နှုန်းအထိ မြင့်မားစွာ ကောက်ခံပါတယ်။ဒီလို နိုင်ငံတကာမှာ ဖုန်းခွန် ကောက်ခံမှုတွေ ရှိတဲ့ အပေါ် ဦးသိန်းစိန် အစိုးရ အဖွဲ့က နှိုင်းယှဉ်ပြီး ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရ အဖွဲ့ဟာ နိုင်ငံတကာလို ဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးတာတွေ မရှိတဲ့အတွက် ပြည်သူတွေက ဒီအပေါ်မှာ စိတ်ပျက်ခဲ့ကြပါတယ်။“နိုင်ငံတကာနဲ့ ယှဉ်ပြောရင် နိုင်ငံတကာလိုမျိုး ဝန်ဆောင်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုတွေ လိုတာပေါ့။ လက်ရှိ အနေအထားအရ ပြည်သူတွေ အပေါ်မှာ ဘာမှ ကောင်းမွန်အောင် လုပ်ဆောင်ပေးထားတာ မရှိဘူး။ ဦးတို့နိုင်ငံမှာ စားသုံးသူ အခွင့်အရေး ပျောက်ဆုံးနေတယ်။ ဖုန်းလိုင်းတွေ မမိဘူး။ အင်တာနက် လိုင်းတွေ ကျနေတယ်။ အဝိုင်းလေး လည်နေတာကို ကြည့်ရင်းနဲ့ လူက တရားစခန်း သွားစရာတောင် မလိုတော့ဘူး။ ဒီလို ဟာတွေကို အရင်ဆုံး လုပ်ဆောင်ပေးသင့်တယ်။ အခုဟာက ဘာလာလာ ပြည်သူက အခံဘက်က ချည်းပဲ” လို့ တရားလွှတ်တော် ရှေ့နေ ဦးထွန်းအောင်က ပြောပါတယ်။
■ ဝင်ငွေနဲ့ ဖုန်းခွန်မြန်မာနိုင်ငံမှာ အနိမ့်ဆုံး လုပ်ခလစာကို ၂၀၁၅ ခုနှစ် စက်တင်ဘာ ၁ ရက်က စလို့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တစ်ရက် လုပ်ခ ၃၆၀၀ အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။ဒီလို အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်နိုင်ဖို့က လွယ်လွယ်ကူကူ ဖြစ်ခဲ့တာ မဟုတ်ပါဘူး။ အဖိနှိပ် ခံနေရတဲ့ အလုပ်သမားတွေ စုပေါင်းပြီး လမ်းပေါ်ထွက် ဆန္ဒပြခဲ့ရာက နောက်ဆုံးမှာ ရလာတဲ့ ရလဒ်တစ်ခု ဖြစ်ပါတယ်။ ဒီရလဒ် ရရှိဖို့ အတွက် အလုပ်သမားတွေမှာ ထောင်ကျခံပြီး ဘဝတွေ ပျက်ခဲ့ရတာပါ။ ဒါတောင် တချို့ ကုမ္ပဏီတွေက အနိမ့်ဆုံး လုပ်ခလစာ မပေးလို့ ပြဿနာ တွေ ဖြစ်နေဆဲပါပဲ။မြန်မာနိုင်ငံမှာ လူဦးရေ ၅၁ ဒသမ ၄ သန်းရှိပြီး ပျမ်းမျှ တစ်ဦးချင်း တစ်နှစ်ဝင်ငွေ (Per Capital GDP) ဒေါ်လာ ၁၂၀၀ ဝန်းကျင်သာ ရှိတာကြောင့် ဒေသတွင်း နိုင်ငံတွေမှာ ဝင်ငွေနိမ့်ကျတဲ့ နိုင်ငံ တစ်နိုင်ငံံ ဖြစ်နေပါတယ်။ဒီလို ဝင်ငွေ နည်းပေမယ့်လည်း မရှိမဖြစ် လူ့အသုံးအဆောင် ပစ္စည်း ဖြစ်တဲ့ ဖုန်းတွေကို အလုပ်သမားတွေက ရှိစုမဲ့စုလေး ခြစ်ခြုပ်စုပြီး ကိုင်လာကြပါတယ်။ ခုဆိုရင် လူတော်တော်များများဟာ ဖုန်းတွေကို ကိုင်လာနိုင်ကြပါပြီ။ဒါပေမဲ့ ဖုန်းပဲ ကိုင်တာ ဖြစ်ပါတယ်။ ဖုန်းဘေလ်ကိုတော့ အခြေခံ လူတန်းစားတွေ အနေနဲ့ ခဏခဏ မထည့်နိုင်ပါဘူး။“ဖုန်းတော့ ကိုင်ရတာပေါ့။ အလုပ်ကိစ္စပဲ ဖြစ်ဖြစ်၊ အိမ်ကိစ္စပဲ ဖြစ်ဖြစ် ဖုန်းလေးရှိရင် အရေးကြီးရင် ကြီးသလို ဆက်သွယ်နိုင်တာပေါ့။ ဘေလ်ကတော့ ခဏခဏ မထည့်နိုင်ပါဘူး။ ဒီလိုပဲ မှေးသုံးရင်း တစ်ခါတလေ ကိုယ့်ဖုန်းထဲမှာ ဘေလ်က တစ်ပြားမှ မရှိဘူး။ အဲလို အချိန်ဆို အဝင်ကောပဲ လက်ခံတာပေါ့။ ဖုန်ခွန် ကောက်မယ် ဆိုတာတော့ သိတယ်။ ကောက်တော့လည်း ပေးရမှာပေါ့ဗျာ။ ဘယ်တတ်နိုင်ပါ့မလဲ” လို့ အလုပ်သမား တစ်ဦးက ဆိုပါတယ်။
■ ဆောင်ရတော့မှာပဲလာမယ့် ဧပြီ ၁ ရက်မှာ ပြည်ထောင်စု အခွန် ဥပဒေအရ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကို ပြည်တွင်းမှာ ရှိတဲ့ ဖုန်းအော်ပရေတာ သုံးခုကနေ ဖုန်းခွန်တွေ စကောက်တော့မှာပါ။ ပြည်တွင်း ဆက်သွယ်ရေး အော်ပရေတာ သုံးခုဖြစ်တဲ့ MPT၊ တယ်လီနော၊ အူရီဒူးတို့က ၂၀၁၅ ဇွန် ၁ ရက်က စတင်ကာ ငွေဖြည့်ကတ် သုံးစွဲမှုအပေါ် ငါးရာခိုင်နှုန်း အခွန်ကောက်ခံသွားမှာ ဖြစ်ပါတယ်။ဒါပေမဲ့ ဆက်သွယ်ရေး အော်ပရေတာတွေက ဘယ်လို ပုံစံမျိုးနဲ့ ကောက်ခံရမလဲ ဆိုတာကို သေချာစွာ မသိရသေးဘဲ ဆွေးနွေးနေဆဲ ဖြစ်တယ်လို့ အူရီဒူး မြန်မာမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။“ဒီနှစ်မှာ စကောက်ဖို့ အတည်ပြုထားပြီး ဆိုတော့ စကောက်ဖို့ ရှိတယ်။ ဒါပေမဲ့ ဘယ်လို ပုံစံနဲ့ ကောက်ခံမလဲ ဆိုတာ ဆွေးနွေးနေဆဲပါ။ အသေးစိတ် သိရရင်တော့ ထုတ်ပြန်ပေးသွားမှာပါ” လို့ သူက ဆိုပါတယ်။ဆက်သွယ်ရေး ကဏ္ဍမှာ ဆောင်ရွက်နေတဲ့ ကုမ္ပဏီတွေ အနေနဲ့ အခွန် ကောက်ခံရမယ့် နည်းလမ်းတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ ဆွေးနွေးလျက် ရှိပြီး မိုဘိုင်း ဝန်ဆောင်မှု သုံးစွဲသူတွေအတွက် အခွန်ကိစ္စနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မကြာမီ အသိပေး အကြောင်းကြားသွားမှာ ဖြစ်တယ်လို့ တယ်လီနော မြန်မာမှ သိရပါတယ်။ဘာပဲဖြစ်ဖြစ် အခွန်က ဆောင်ရတော့မှာပါပဲ။ ငွေဖြည့်ကတ် ကျပ် ၁၀၀၀ ဖြည့်ပါက အခွန် ၄၈ ကျပ် ကျသင့်မှာဖြစ်ပြီး ၉၅၂ ကျပ်သာ သုံးစွဲခွင့် ရတော့မှာပါ။ ကျပ် ၃၀၀၀ ဖြည့်ပါက အခွန် ၁၄၃ ကျပ် ကျသင့်မှာ ဖြစ်ပြီး ၂၈၅၇ ကျပ်သာ သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။ ငွေကျပ် ၅၀၀၀ ဖြည့်ပါက အခွန် ၂၃၈ ကျပ် ကျသင့်ကာ ၄၇၆၂ ကျပ် သုံးစွဲခွင့် ရမှာဖြစ်ပြီး ငွေကျပ် ၁၀၀၀၀ ဖြည့်ပါက အခွန် ၄၇၆ ကျပ် ကျသင့်ကာ ၉၅၂၄ ကျပ်သာ သုံးစွဲခွင့်ရမှာ ဖြစ်ပါတယ်။ပြည်သူတွေကတော့ ဖုန်းခွန်ဆောင်ဆိုလည်း ဆောင်မှာပါပဲ။ ဖုန်းလိုင်းမကောင်းလည်း သုံးနေဦးမှာပါပဲ။ အင်တာနက် အဝိုင်းလေး လည်နေတာကိုလည်း ကြည့်နေကြဦးမှာပါပဲ။ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးဟောင်း အဖွဲ့ကတော့ ဒီကိစ္စတွေနဲ့ ပတ်သက်လို့ တာဝန်ယူမှု၊ တာဝန်ခံမှု ဘာမှ မရှိခဲ့ပါဘူး။အခု လာမယ့် ဧပြီ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD အစိုးရသစ်က စတင် အုပ်ချုပ်တော့မှာ ဖြစ်ပါတယ်။ အစိုးရသစ် အနေနဲ့ ပြည်သူတွေဆီက အခွန်တွေ ကောက်ပြီး ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဘယ်လောက်အထိ ပြန်လည် ဖြည့်ဆည်းပေးမလဲ ဆိုတာ စောင့်ကြည့်ရတော့မှာပါ။အစိုးရဟောင်းပဲ ဖြစ်ဖြစ်၊ အစိုးရသစ်ပဲ ဖြစ်ဖြစ် ဖုန်းသုံးနေတဲ့ ပြည်သူတွေကတော့ ဧပြီ ၁ ရက်က စတင်ကာ ဖုန်းခွန်ကို ဆောင်ရတော့မှာ ဖြစ်ပါတယ်။ ပြည်သူတွေကလည်း ဆောင်မှာပဲ။ ဒီကိစ္စနဲ့ ပတ်သက်လို့ ပြည်သူတွေက အစိုးရသစ်ရဲ့ အခြေအနေကို မျက်ခြည်မပြတ် စောင့်ကြည့်နေကတော့ ဧကန်မုချ မလွဲပါပဲ။“ဦးတို့ ပြည်သူတွေက အင်မတန်မှ သဘောကောင်းပါတယ်။ နှစ်ပေါင်း ၅၀ ကျော်လုံးလုံး ဖိနှိပ်ချုပ်ချယ် ခံခဲ့ရတာတောင် ခွင့်လွှတ်နိုင်စွမ်း ကြီးမားကြတယ်။ အခု အစိုးရသစ် လက်ထက်မှာလည်း အရင် အစိုးဟောင်းထက် စာရင် အကောင်းဆုံးတွေကိုပဲ မျှော်လင့်နေကြတယ်။ ဒါက ဘာလဲဆိုတော့ ဒီ ဖိနှိပ်ခံ ဘဝကနေ လွတ်ချင်နေကြတာ။ နိုင်ငံတကာနဲ့ ယှဉ်ရင် အောက်မကျချင်တာ။ ဒါတွေကို အစိုးရသစ်က နားလည်ပြီး အောက်ကျနောက်ကျ နိုင်ခဲ့ရတဲ့ ပြည်သူတွေရဲ့ ဘဝကို ပြန်လည် ဆွဲတင်ပေးစေချင်တယ်။ အခွန် ကိစ္စလည်း ဒီအတိုင်းပဲ။ အခွန် ကောက်ပြီးရင်တော့ ပြည်သူတွေအတွက် တကယ် လိုအပ်တဲ့ နေရာတွေမှာ ပြန်သုံးပေးပြီး တိုင်းပြည်ကို ပြန်လည် ထူထောင်ကြတာ အကောင်းဆုံးပါပဲ” လို့ တရားလွှတ်တော် ရှေ့နေ ဦးထွန်းအောင်က ဆိုပါတယ်။










