တာမွေမြို့နယ်ရှိ နေအိမ် တစ်အိမ်၌ မူးယစ်ရမ်းကားနေသူ တစ်ဦးအား သက်ဆိုင်ရာက ထိန်းသိမ်းစဉ် ဓားဖြင့် ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရ

တာမွေမြို့နယ်ရှိ နေအိမ် တစ်အိမ်၌ မူးယစ်ရမ်းကားနေသူ တစ်ဦးအား သက်ဆိုင်ရာက ထိန်းသိမ်းစဉ် ဓားဖြင့် ခုခံသဖြင့် သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရ
Published 13 March 2016
မင်းသိန်းနိုင်

တာမွေမြို့နယ်ရှိ နေအိမ် တစ်အိမ်၌ မူးယစ်ရမ်းကားနေသူ တစ်ဦးအား သက်ဆိုင်ရာက ထိန်းသိမ်းစဉ် ဓားဖြင့် ခုခံသဖြင့် အဆိုပါ မူးယစ်ရမ်းကားသူအား သေနတ်ဖြင့် ပစ်ခတ် ဖမ်းဆီးခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ မတ် ၁၃ ရက်တွင် စုံစမ်းသိရသည်။မတ် ၁၂ ရက် ည ၉ နာရီခန့်တွင် တာမွေမြို့နယ်နေ ဦး...... သည် ၎င်း၏ သားဖြစ်သူ ဇင်ကိုကိုလွင်မှာ နေအိမ်အတွင်း မူးယစ်ရမ်းကား ဆူပူ သောင်းကျန်နေသဖြင့် တာမွေမြို့မ ရဲစခန်းသို့ ထိန်းသိမ်းပေးရန် အကြောင်းကြားသဖြင့် ရဲတာဝန်ရှိသူများက ထိန်းသိမ်းပေးရန် သွားရောက်ခဲ့ကြောင်း သိရသည်။သွားရောက်ခဲ့ပြီး နေအိမ်တံခါးအား ဖွင့်စဉ် ဇင်ကိုကိုလွင်မှာ ဓားကိုင် ရန်ပြုသဖြင့် စခန်းမှ လာရောက်သော ရဲတာဝန်ရှိသူများက လှည့်ကင်းယာဉ်ဖြင့် လှည့်ကင်းလှည့်နေသည့် ရဲတာဝန်ရှိသူများအား ဆက်သွယ် အကြောင်းကြားခဲ့ပြီး လှည့်ကင်းမီးတန်းယာဉ် တာဝန်ကျ ရဲတာဝန်ရှိသူများ ထပ်မံ ရောက်ရှိခဲ့ကြောင်း သိရသည်။ယင်းသို့ ရောက်ရှိလာပြီး နေအိမ်တံခါးအား ဖွင့်၍ အခန်းအတွင်းသို့ ဝင်ရောက်စဉ် ဇင်ကိုကိုလွင်မှာ ရဲတာဝန်ရှိသူများအား သနပ်ခါးတုံး၊ ကျောက်ပြင်များဖြင့် ပစ်ပေါက်ခဲ့သဖြင့် ရဲတာဝန်ရှိသူများ တိမ်းရှောင်ခဲ့ရပြီး ဖမ်းဆီး ထိန်းသိမ်းရန် ပြင်စဉ် အရိုးအသွား ၁၁ လက်မရှိ ဓားဦးချွန်ဖြင့် ထိုးသဖြင့် ခြောက်လုံးပြူး သေနတ်ဖြင့် ခြောက်လှန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ပစ်ခတ်ခဲ့သော်လည်း ဇင်ကိုကိုလွင်က ဓားဖြင့် ထပ်မံ ထိုးသဖြင့် သေနတ်ဖြင့် ထပ်မံ ပစ်ခတ်ရာ ဇင်ကိုကိုလွင်၏ လက်မောင်းမှ ကျည်ဖောက်ဝင်ပြီး ယာဘက်ညှပ်ရိုး ထိမှန်ခဲ့သဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် မစိုးရိမ်ရ လူနာအဖြစ် တင်ပို့ကုသလျက်ရှိကြောင်း သိရသည်။အဆိုပါ ဖြစ်စဉ်မှ ရဲတာဝန်ရှိသူများကို ဓားဖြင့် ခုခံသည့် ဇင်ကိုကိုလွင်အား သက်ဆိုင်ရာ တာမွေမြို့မ ရဲစခန်းက(ပ)၂၅၄/၂၀၁၆ ပြစ်မှု ပုဒ်မ ၃၀၇ ဖြင့် အမှုဖွင့်ကာ ဖမ်းဆီး အရေးယူရန် ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent