ခြေလက်ရယ် မပါသော်လည်း . . . . တက္ကသိုလ်ဝင်တန်းပင်လယ်ကို ကျော်ဖြတ်နေတဲ့ မထူးထူးမွန်

ခြေလက်ရယ် မပါသော်လည်း . . . . တက္ကသိုလ်ဝင်တန်းပင်လယ်ကို ကျော်ဖြတ်နေတဲ့ မထူးထူးမွန်
Published 13 March 2016
အောင်သူထွန်း(ကလေး)

“သမီးလေး ထူးထူးမွန် အလယ်တန်းရောက်တော့ ပတ်ဝန်းကျင်က ကျွန်မကို ပြောကြတယ်။ အတိုလေးကို ဘာကြောင့် ကျောင်းထားမှာလဲ။ အတိုလေးကို ကျောင်းထားပေးလို့ ဘာအကျိုးရှိမှာလဲ၊ ဘာအလုပ်ရမှာလဲဆိုပြီးတော့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်မက ဒီခေတ်ထဲမှာ ပညာတတ်လို့ရှိရင် ဘာပဲလုပ်စားစား ဆိုပြီး သမီးအပေါ်ကို မေတ္တာမပျက် ကျောင်းထားပေးခဲ့ပါတယ်။ သူကလည်း စာကို ကြိုးစားပါတယ်။ တခြားသားသမီးတွေကလည်း အိမ်ထောင်ခွဲတွေဆိုတော့ ဂရုစိုက်စရာ သူ့ပဲရှိတာလေ။ တကယ်တော့ ဆရာ့အကူအညီ ပါလို့သာ ကျောင်းထားပေးနိုင်တာပါ။ ကျွန်မတို့ချည်းသာပဲဆိုရင် ကျောင်းထားဖို့ဆိုတာ မလွယ်ဘူးလေ ”လို့ မထူးထူးမွန် ရဲ့ မိခင်ဖြစ်သူ ဒေါ်စက်ငွေက သူ့သမီးလေးကို လှမ်းငေးရင်း ပြောပြပါတယ်။မထူးထူးမွန်ကို ဘေးပတ်ဝန်းကျင်က ခေါ်သလိုပဲ “အတိုလေး” လို့ သူမအမေက လိုက်ခေါ်လိုက်ပေမယ့် မိခင်တစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်လောက်ခံစားရရှာလေမလဲ။ တကယ်တော့ မထူးထူးမွန်ကလည်း မွေးရာပါကိုက လက်ဆိုရင် တံတောင်ဆစ် အထက်ဘက်ပဲပါသလို ခြေထောက်ဆိုရင်လည်း ဒူးဆစ် အထက်ပိုင်းပဲပါတယ်လေ။ ပုံမှန် မိန်းကလေးတစ်ဦးရဲ့အရပ်လိုမဟုတ်ဘဲ ကလေးတစ်ယောက်လို ဖြစ်နေပေမယ့် သူ့ကိုယ်တိုင် ဒူးဆစ်အထိပဲရှိတဲ့ သူရဲ့ခြေထောက်လေးနဲ့ လမ်းလျှောက်နိုင်သလို ပလတ်စတစ် ကုလားထိုင်ပေါ်ကိုလည်း အကူအညီမပါဘဲ တက်ထိုင်နိုင်ပါတယ် ။မထူးထူးမွန်အကြောင်းကို ကြားဖူးတာကြာပါပြီ။ ဒါပေမဲ့ သူမအကြောင်း ရေးမယ် စိတ်ကူးထားပေမယ့် မဖြစ်လာ။ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွေ ဖြေကြတဲ့အချိန်ရောက်တော့မှ မိတ်ဆွေ ကိုကျော်သူစိုးက သူမ စာမေးပွဲဖြေမယ့်အကြောင်းလေး ပြောပြလို့ သူမနေထိုင်ရာ ဘော်ဒါကို လာခဲ့ကြတာပါ။ကျွန်တော်တို့ ရောက်သွားအချိန်မှာတော့ အင်္ဂလိပ်ဘာသာဖြေမယ့်နေ့ မနက်စောစော။ ပညာတံခွန်ဘော်ဒါအတွင်း ကျွန်တော်တို့ ရောက်သွားတော့ ဘော်ဒါပိုင်ရှင် ကိုခင်မောင်ဆွေနဲ့ အရင်တွေ့ရပါတယ်။ သူမ ဘယ်မှာရှိတယ်ဆိုတာ လက်ညှိုးညွှန်ပြပေမယ့် ကျွန်တော်မမြင်ရ။ ကျွန်တော့်မျက်လုံး က ၁၀ တန်း ကျောင်းသူကြီးဆိုတဲ့အကြည့်နဲ့  လိုက်ရှာနေတာကိုး။ တကယ်တော့ သူမ က ဒူးဆစ်အထက်ထိပဲ ခြေထောက်ပါတယ် ဆိုတော့ ကလေးငယ်လေး တစ်ယောက်လို။ ကျွန်တော်တို့ ဓာတ်ပုံရိုက်ဖို့အတွက် သူမက ပလတ်စတစ်ကုလားထိုင်ပေါ်မှာ ထိုင်ပေးတယ် ။ ပွင့်ပွင့်လင်းလင်းပြောရရင် စာမေးပွဲဖြေဆိုနေချိန် ကာလအတွင်းမှာ မေးခွန်းတွေကို အများကြီး သိပ်မမေးချင်ပါ။ ကျွန်တော့် မေးခွန်းတစ်ခုအတွက် သူမစိတ်မှာ ညှိုးငယ်သွားမှာကို ကျွန်တော်မလိုလား။ ဒါကြောင့် သူမကို ပေါ့ပေါ့ပါးပါး မေးခွန်းလေးတွေကိုပဲ တစ်ခဏတာ အချိန်လေးလောက်ပဲ မေးဖြစ်ပါတယ်။ သူမရဲ့ ရွှင်ပြတက်ကြွနေသော အဖြေများက သူမရဲ့ ပြည့်ဝနေသော ယုံကြည်ချက်ကို ပြသနေပါတယ်။
“သမီးက တက္ကသိုလ်ဝင်တန်းဖြေနေတာ ဖြေနိုင်ပါတယ်။ တက္ကသိုလ်ဝင်တန်းကိုလည်း အောင်အောင်မြင်မြင် ဖြေဆိုနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ သမီးကျောင်းတက်ခဲ့တဲ့ အထက(၃) ကလေးမြို့ကျောင်းမှာပဲ ပြန်ဖြေရပါတယ်။ စာမေးပွဲဖြေဆိုနေတဲ့အချိန်မှာ အဓိက အခက်အခဲက စာရေးတဲ့အခါမှာ လက်နာတယ်။ တစ်နာရီခွဲလောက်ကို ကြိုးစားပြီး ရေးရတယ်။ စာမေးပွဲဖြေဖို့အတွက် သမီးကို ကူညီရန်အတွက် လူစားလည်း ပေးထားပါတယ်။ စာမေးပွဲကို ဂုဏ်ထူးတွေနဲ့ အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာရေးကောင်းသလို စာတွေလည်း ကျက်နိုင်ပါတယ်” လို့ မထူးထူးမွန်က ပြောပါတယ်။ နောက်တော့ သူမရဲ့အမေက သူမကို အောင်သပြေပန်းလေးကို ခေါင်းလေးမှာ ပန်ဆင်ပေးနေပါတယ် ။ မိဘဆိုတာ ကိုယ့်သားသမီးဆိုရင် ဖြူတာလေးပဲဖြစ်ဖြစ်၊ မဲတာလေးပဲ ဖြစ်ဖြစ်၊ ခြေလက်အင်္ဂါ မပြည့်စုံသည်ဖြစ်စေ၊ ပြည့်စုံသည်ဖြစ်စေ၊ သားသမီးဆိုတာနဲ့တင် ကို ချစ်နေကြရတာ မဟုတ်ပါလား ။ ခြေလက်အင်္ဂါ မသန်စွမ်းတဲ့ သူတစ်ယောက်ဆိုတော့ မိဘက အချစ်ပိုရှာပြီလေ။မထူးထူးမွန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ကျွန်းလှမြို့နယ် သဖန်းဆိပ်ရွာ ဇာတိဖြစ်ပြီး မွေးချင်းသုံးယောက်အနက် အငယ်ဆုံးဖြစ်ပါတယ် ။ သူမက ကလေးမြို့ ကို တက္ကသိုလ်ဝင်တန်းတက်မှ ရောက်လာတာပါ။ ငယ်ငယ်က မူလတန်းကနေ နဝမတန်းအထိ သဖန်းဆိပ်ရွာ၊ ရွာသီရွာနဲ့ ကျွန်းလှမြို့နယ်တို့မှာ ပညာသင်ကြားခဲ့တာပါ။ “ မထူးထူးမွန်  ခုနစ်တန်းအောင်တော့ ပညာဆက်လက်သင်ကြားပေးဖို့ အခက်အခဲရှိနေတယ်ဆိုတာကို  အင်တာနက်ဖေ့စ်ဘုတ်ပေါ်က နေပြီးတော့ ဓာတ်ပုံနဲ့တကွ တွေ့ခဲ့တာပါ။ အဲဒီတုန်းက ကျွန်တော်က စင်ကာပူနိုင်ငံမှာ အလုပ်လုပ်နေတာပါ။ သူမက ကျောင်းဆက်နေချင်တယ်ပေါ့ တကယ်လို့ စေတနာရှင်ရှိတယ်ဆိုရင်တော့ ကျောင်းဆက်နေချင်တယ်လို့ ပါတယ်။ ကျွန်တော်ကလည်း စဉ်းစားတယ်ဗျာ ။သူများတွေ ကိုယ်တို့ အပိုသုံးတွေရှိတယ် အဲဒီငွေတွေကိုစုပြီး သူ့ကို ထောက်ပံ့လိုက်ရင် အကျိုးရှိနိုင်ပါတယ် တွေးမိလို့ပါ ။ ထူးထူးမွန်ကို ခုနစ်တန်းအောင်ပြီး   ရှစ်တန်းကတည်းကစပြီး ပညာရေးကို စောင့်ရှောက်ဖို့အတွက် စတင်ဆက်သွယ်ပြီး ထောက်ပံ့ခဲ့ပါတယ် ။ နောက်တော့ ကိုးတန်း၊ အခု ၁၀ တန်းရောက်တော့ သူ့ကို အနီးကပ်ပြုစုပျိုးထောင်ဖို့အတွက် ဘော်ဒါ ဖွင့်လိုက်တယ်။ ထူးထူးမွန်ကိုလည်း ကလေးမြို့ကိုလာဖို့ လှမ်းခေါ်လိုက်ပါတယ်။ သူမတစ်ယောက်တည်း နေမယ်ဆိုရင်လည်း  သူမရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကူညီဖို့အတွက် လူတစ်ယောက်ငှားပေးမယ်ဆိုပြီးလည်း ပြောလိုက်တယ်။ ဒါပေမဲ့ သူမအမေကိုယ်တိုင် လိုက်လာပြီး သူမကိုပြုစုမယ်ဆိုတော့ အဆင်ပြေသွားပါတယ်။ သူတို့ ရွာက တစ်ယောက်က ကလေးမြို့ကို လိုက်ပို့တာပါ။ သားအမိနှစ်ယောက်စလုံးကို ကျွန်တော့်ဘော်ဒါမှာ ထားပြီး စားဝတ်နေရေးကအစ လိုလေသေးမရှိ ထားပေးပါတယ်။ သူမကို ကျွန်တော်က ၁၀ တန်းအောင်သည်အထိ ပညာသင်ပေးမယ်လို့ ကတိပေးထားတဲ့အတွက်ပါ။ တက္ကသိုလ်ဝင်တန်းဖြေဆိုပြီး သွားရင်တော့ သူမတို့ဇာတိကို ပြန်ကြမယ်လေ။ အဲဒီအခါကျတော့ သူမအတွက် လှူပေးတာတွေကို စာရင်းနဲ့ ဘဏ်စာအုပ် လုပ်ပေးထားပါတယ်။ ဇာတိကို ပြန်မယ်ဆိုရင် ဘဏ်စာအုပ်နဲ့အတူ နောက်ထပ်ငွေပါ ထပ်ပေးလိုက်ဦးမှာပါ။ ကျွန်တော့်အတွက်ကတော့ ရေစက်ပါလာလို့ ကုသိုလ်ထူးတစ်ခုကို ပြုလိုက်ရတယ်လို့ သဘောထားပါတယ် ”ဟု မထူးထူးမွန်ကို အနီးကပ်ပြုစုပျိုးထောင် စောင့်ရှောက်ပေးနေသူ ပညာတံခွန်ဘော်ဒါဆောင် တည်ထောင်သူ ဆရာဦးခင်မောင်ဆွေ က ပြောပြပါတယ်။ သံသရာမှာ ရေစက်ပါလို့ ဆုံရတဲ့ ကံကြမ္မာတွေရဲ့ ဆန်းကြယ်လှပုံကို တွေးရင်းပြောပြနေတဲ့ ဆရာ့မျက်နှာကို ငေးနေမိပါတယ်။
စာမေးပွဲဖြေဆိုမယ့် ကျောင်းသားကျောင်းသူတွေက စာအုပ်ကိုယ်စီနဲ့ စာကျက်နေကြပါတယ်။ အားလုံးဟာ မျှော်လင့်ချက်ကိုယ်စီနဲ့  မထူးထူးမွန်ကလည်း သူမရဲ့ မသန်စွမ်းတဲ့ လက်ကလေးနဲ့ စာအုပ်ကလေးတွေကို လှန်လို့ ဘောလ်ပင်လေးကိုလည်း တံတောင်ဆစ်အထိပဲပါတဲ့ သူမရဲ့လက်ကလေး နှစ်ဖက်နဲ့ ညှပ်ပြီး ကျက်ပြီးသားစာတွေ မမေ့အောင် ပြန်လည်လေ့ကျင့်နေပါတယ်။ စာမေးပွဲမှာ သူမကို ကူညီစာမေးပွဲဖြေဆိုမယ့် သူ့ထက်အတန်း တစ်တန်းနိမ့်တဲ့ ကျောင်းသူလေးကလည်း နံဘေးမှာကူညီလို့။ ကျွန်တော်က သူမ စာအုပ်လေးတွေကို သေသေချာချာကြည့်တော့ တကယ့် သပ်သပ်ရပ်ရပ်၊ မြန်မာစာ စာလုံးလေးတွေက ဝိုင်းဝိုင်းစက်စက်၊ အင်္ဂလိပ်စာလက်ရေးက ရှင်းရှင်းလင်းလင်း ရှိလှပါတယ်။ ခြေမပါ လက်မပါ ကျောင်းသူတစ်ဦး လက်ရေးက ခြေရောလက်ပါ သန်စွမ်းတဲ့ ကျောင်းသားတချို့ရဲ့ လက်ရေးထက်တောင် ပိုပြီး လှပသေသပ်လှပါတယ်။“တကယ်တော့ ထူးထူးမွန် စာမေးပွဲဖြေဆိုတဲ့အခါ နံဘေးက အကူအညီတစ်ယောက် ထည့်ပေးဖို့အတွက် အဆင့်ဆင့်ကို စာနဲ့တင်ပြီး ခွင့်တောင်းခဲ့ရတာပါ။ သူတို့က အချိန်တိုးပေးချင်တာ။ လူမပေးချင်ဘူး။ ဒါပေမဲ့ ထူးထူးမွန်က အချိန်တစ်နာရီခွဲလောက် ဖြေပြီးရင် လက်က နာနေပြီ ။ လက်နာနေတဲ့သူကို အချိန်ပိုပေးတယ်ဆိုလည်း စာမေးပွဲခန်းထဲ ထိုင်နေရတာပဲ အဖတ်တင်မှာပဲလေ။ ဒါ့ကြောင့် ကူညီမယ့် ကျောင်းသူတောင်းပေးရတာပါ။ အကူအညီပေးခဲ့တဲ့ သူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ အခုဆိုရင် သူမ စာမေးပွဲဖြေဆိုဖို့အတွက် ချောချောမောမော ဖြစ်ခဲ့တယ်လေ ”လို့ ဆရာဦးခင်မောင်ဆွေက ပြောပြပါတယ်။စာမေးပွဲဖြေတော့မယ့် အချိန်နီးတော့ ကျောင်းကို ဆရာဦးခင်မောင်ဆွေက လိုက်ပို့ပါတယ်။ တစ်နှစ်ပတ်လုံးလည်း ဒီလို လိုက်ပို့ပါတယ်။ သူမကို ဆိုင်ကယ်နဲ့ ပို့မယ်ဆိုရင် သူမနဲ့အတူ နောက်ထပ် ကျောင်းသူတစ်ယောက် လိုအပ်ပါတယ်။ ဆိုင်ကယ်စီးသူ နောက်က မထူးထူးမွန်လိုက်ပေမယ့် ရှေ့က စီးမယ့်သူကို ကိုင်တွယ်ဖို့ ဟန်ချက်ညီအောင် ထိုင်ဖို့က သူမမှာ အဆင်မှမပြေတာ။ ဒါ့ကြောင့် နောက်ကတစ်ယောက်က သူမကို ထိန်းပေးရတာပါ။ ပညာတံခွန်ဘော်ဒါနဲ့ အထက(၃)နဲ့ကလည်း သိပ်ကြီးအဝေးကြီး မဟုတ်လို့ တော်ပါသေးတယ်။ လမ်းမပေါ်မှာလည်း ကျောင်းပို့တဲ့ကားတွေ၊ ဆိုင်ကယ်တွေကလည်း အများသား။အထက(၃) ကျောင်းရှေ့ရောက်တော့ ကျောင်းသား ကျောင်းသူတွေက စာမေးပွဲခန်းဝင်ဖို့အတွက် ကျောင်းသား ကျောင်းသူတွေက စနစ်တကျ တန်းစီနေပါတယ်။ အဲဒီတန်းစီကြားထဲကနေမှ မထူးထူးမွန်ပါတဲ့ ဆိုင်ကယ်လေးက စီသွားပြီး ဆရာ ၊ ဆရာမတွေရဲ့ စစ်ဆေးရေးနေရာ ရောက်တော့ သူမရဲ့အတန်းပိုင်ဆရာ  ဦးမျိုးဇော်နိုင်က ပွေ့ချီသွားပြီး စာမေးပွဲဖြေဆိုရာ အခန်းဆီသို့ ခေါ်ဆောင်သွားပါတယ်။ ကျွန်တော်လည်း ကျောင်းပေါက်ဝကနေ လှမ်းကြည့်ပြီး ဂုဏ်ထူးထွက်အောင်သာ ဖြေဆိုနိုင်ခဲ့ပါစေလို့ ဆုတောင်းနေမိပါတယ်။ 

Most Read

Most Recent