၂၀၁၆ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများ ယခင်နှစ်ကာလတူထက် ပိုများပြီး တရုတ်သို့ အများဆုံး လူကုန်ကူးခံနေရ

၂၀၁၆ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလအတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများ ယခင်နှစ်ကာလတူထက် ပိုများပြီး တရုတ်သို့ အများဆုံး လူကုန်ကူးခံနေရ
Published 12 March 2016
နှင်းဝေေ၀နွယ်

၂၀၁၆ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီအတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများမှာ ယခင်နှစ်ကာလတူတွင် ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများထက် ပိိုများပြီး တရုတ်နိုင်ငံသို့ အများဆုံး လူကုန်ကူးခံနေရကြောင်း လူကုန်ကူးမှုစာရင်းများအရ သိရသည်။
 
ယခုနှစ် ပထမနှစ်လအတွင်း ဖြစ်ပွားခဲ့သော လူကုန်ကူးမှုများမှာ နှစ်လပေါင်း ၂၄ မှုဖြစ်ပွားခဲ့ပြီး ၂၀၁၅ ခုနှစ် ပထမနှစ်လတွင်မူ နှစ်လပေါင်း ၁၅ မှုသာ ဖြစ်ပွားခဲ့သည်။
 
၂၀၁၆ ခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီ နှစ်လပေါင်း လူကုန်ကူးမှုများတွင် ရန်ကုန်တိုင်းဒေသကြီး၌ လေးမှု၊ မန္တလေးတိုင်း ဒေသကြီးတွင် တစ်မှု၊ စစ်ကိုင်းတိုင်းဒေသကြီးတွင် တစ်မှု၊ တနင်္သာရီတိုင်း ဒေသကြီးတွင် တစ်မှု၊ မကွေးတိုင်းဒေသကြီးတွင် တစ်မှု၊ ဧရာဝတီတိုင်း ဒေသကြီးတွင် တစ်မှု၊ ကရင်ပြည်နယ်တွင် တစ်မှု၊ မွန်ပြည်နယ်တွင် တစ်မှု၊ ရခိုင်ပြည်နယ်တွင် တစ်မှု၊ ကချင်ပြည်နယ်တွင် တစ်မှုနှင့် ရှမ်းပြည်နယ်တွင် ၁၁ မှုဖြစ်ပွားခဲ့သည်။
 
ထို့ပြင် နှစ်နှစ်အတွင်း လူကုန်ကူးမှု ဖြစ်ပွားရာ ဦးတည်နိုင်ငံများမှာ တရုတ်နိုင်ငံသို့ အများဆုံး လူကုန်ကူးခံရပြီး ၂၀၁၆ ခုနှစ်တွင် ၁၇ မှု၊၂၀၁၅ ခုနှစ်တွင် ၁၀ မှုဖြစ်ပွားခဲ့သည်။
 
လူကုန်ကူးမှုများတွင် အဓမ္မလက်ထပ်ခိုင်းစေမှု အများဆုံးဖြစ်ပြီး လူကုန်ကူးပွဲစားများမှတစ်ဆင့် လူကုန်ကူးခြင်းနှင့် တရုတ်နိုင်ငံသား တချို့မှာလည်း မြန်မာနိုင်ငံနယ်စပ်မြို့များအထိ ကိုယ်တိုင်လာရောက်၍ မြန်မာအမျိုးသမီးများကို ဝယ်ယူမှုများ ရှိနေကြောင်း သိရသည်။
 
တရုတ်နိုင်ငံသားများ အနေဖြင့် မြန်မာအမျိုးသမီးများကို တရားမဝင် လက်ထပ်ပေါင်းသင်းခြင်းမှာ ဥပဒေနှင့် မညီညွတ်ကြောင်းနှင့် မြန်မာအမျိုးသမီးများ အနေဖြင့်လည်း တရုတ်နိုင်ငံသို့ တရားမဝင် ရောက်ရှိနေပါက လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေနှင့် အရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent