Music Director တစ်ဦးအဖြစ် ပရိသတ် အသိအမှတ်ပြု အားပေးခံရသူ လူငယ်ဒါရိုက်တာ အောင်မြတ်၏ ငယ်ဘ၀ ဖြတ်သန်းရာ

Music Director တစ်ဦးအဖြစ် ပရိသတ် အသိအမှတ်ပြု အားပေးခံရသူ လူငယ်ဒါရိုက်တာ အောင်မြတ်၏ ငယ်ဘ၀ ဖြတ်သန်းရာ
Published 10 March 2016
လင်းလင်းခိုင်

ဒီတစ်ပတ်ရဲ့ ငယ်ဘဝဖြတ်သန်းမှု ကဏ္ဍမှာတော့ အောင်မြင်တဲ့ တေးသီချင်းတွေကို လိုက်ဖက်တဲ့ Story ၊ ကွဲပြားထူးခြားတဲ့ စိတ်ကူးစိတ်သန်းတွေနဲ့ ဖန်တီးပုံဖော်လေ့ရှိပြီး Music Director တစ်ယောက်အဖြစ် ပရိသတ် လက်ခံအားပေးမှုရရှိထားတဲ့ လူငယ်ဒါရိုက်တာ အောင်မြတ်ရဲ့ငယ်ဘ၀ ဖြတ်သန်းမှုတွေကို ဖော်ပြပေးချင်ပါတယ်။ဒါရိုက်တာအောင်မြတ်ကို ဇန်နဝါရီ ၇ ရက် ၁၉၉၀ ပြည့်နှစ်မှာ မွေးဖွားခဲ့ပြီး နာမည်အရင်းကလည်း အောင်မြတ်ပဲဖြစ်ပါတယ်။ အသက် ၉ နှစ်ခန့်ကွာတဲ့ မွေးချင်းညီတစ်ယောက်ရှိတဲ့ အောင်မြတ်ရဲ့ဇာတိကတော့ စစ်ကိုင်းမြို့ပဲ ဖြစ်ပါတယ်။ စစ်ကိုင်းမြို့မှာ မွေးဖွားခဲ့ပြီးတဲ့နောက် ငယ်စဉ်ဘ၀ တစ်လျှောက်မှာတော့ တောင်ကြီးမြို့မှာ ဖြတ်သန်းကြီးပြင်းခဲ့သူပါ။
"ကျွန်တော် ငယ်ငယ်က ပုံဆွဲ အရမ်း ဝါသနာပါတယ်။ မှတ်မှတ်ရရအနေနဲ့တော့ ကျွန်တော် ၅ နှစ်သားလောက်မှာ ပုံဆွဲနေတာကို အမေတို့ကလာကြည့်တော့ ခက်ရင်းခွ နှစ်ခုကိုမိုးပေါ်ထောင်ဆွဲထားတာကို ဘာပုံဆွဲနေတာလဲလို့ မေးတယ်။ အဲဒီတော့ ကျွန်တော်က ငှက်ပုံ ပြောင်းပြန်ဆွဲနေတာဆိုပြီးတော့ လှည့်ပြလိုက်တယ်တဲ့။ အဲဒါလေးကတော့ အမှတ်တရပါပဲ။ ငယ်ငယ်က ညီကလည်း မမွေးသေးတော့ တစ်ယောက်တည်း ဆော့ရတာများတယ်။ ကာတွန်းဖတ်ရတာကိုလည်း အရမ်းစွဲလန်းတယ်။ ရွှေသွေးတို့ တေဇတို့ မိုးသောက်ပန်းတို့ဆိုရင် လပေးနဲ့ မှာထားတော့ စာအုပ် တော်တော်များများကို အလွတ်တောင်ရတဲ့ အထိဖတ်ဖြစ်ခဲ့တယ်" လို့ အောင်မြတ်က ပြောပြခဲ့ပါတယ်။

ကျောင်းနေစဉ်တစ်လျှောက် အတွေ့အကြုံတွေနဲ့ ပတ်သက်လို့လည်း အောင်မြတ် က "ကျောင်းစတက်တော့ ကျွန်တော်က ပေါင်းသင်း ဆက်ဆံရေး သိပ်မကောင်းတော့ သူငယ်ချင်းသိပ်မရှိဘူး။ အတန်းအားချိန်မှာလည်း အပြင်ထွက်ကစားတာထက် ပုံဆွဲစာအုပ်ထဲမှာပဲ တစ်ယောက်တည်း ပုံဆွဲနေတာ များတယ်။ နောက်တော့ သူငယ်ချင်းတွေက သတိထားမိပြီး သူတို့ကိုလည်း ပုံဆွဲပေးဖို့ ပြောတော့ ကျွန်တော်ကဆွဲပေးတယ်။ ဆွဲခိုင်းတဲ့လူ များလာတော့ သူတို့ကို တန်းစီခိုင်းပြီး တစ်ယောက်တစ်လှည့်စီ ဆွဲပေးတယ်။ အဲဒီနောက်ပိုင်းအားလပ်ချိန်ဆို ကျွန်တော့်နားမှာ ဝိုင်းအုံနေတဲ့သူငယ်ချင်းတွေအတွက် ပုံဆွဲပေးရင်း အချိန်ကုန်တာများတယ်။ အဲဒါတွေကတော့ အမှတ်တရပါပဲ" လို့ ရယ်မောရင်းဆိုပါတယ်။
ဒါရိုက်တာအောင်မြတ်က တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ ရန်ကုန်ကို တစ်ယောက်တည်း ရောက်ရှိလာခဲ့ပြီး သင်ယူလိုတဲ့ ဘာသာရပ်တွေအတွက် သင်တန်းတွေ တက်ရောက် ဖြစ်ခဲ့ပါတယ်။ အဲဒီနောက် စင်ကာပူနိုင်ငံက Singapore Republic Polytechnic ဝင်ခွင့်စာမေးပွဲ အောင်မြင်ခဲ့ပြီး Diploma in New Media ကို ၂ နှစ် တက်ရောက်ခဲ့ပါတယ်။ ရန်ကုန် ပြန်လည် ရောက်ရှိလာချိန်မှာ Diploma in Arts ကို ထပ်မံဆည်းပူးခဲ့ပြီး သင်တန်းတက်နေရင်းနဲ့ပဲ ဘိုဘိုအင်တာတိန်းမန့်မှာ Graphic Designer နဲ့ Music Video Director အလုပ်တွေကို ဝင်ရောက်လုပ်ကိုင်ဖြစ်ခဲ့ပါတယ်။

ဒါရိုက်တာအောင်မြတ်ရဲ့ ပထမဆုံး အနုပညာ ဖန်တီးမှုကတော့ အဆိုတော်နိုင်းဝမ်းရဲ့ 'ကမ္ဘာငယ်လေး' Music Video ကို ရိုက်ကူးခွင့်ရရှိခဲ့ခြင်းပါ။ ၂၀၁၂ ခုနှစ်မှာ ဘန်နီဖြိုးရဲ့ 'ချစ်တယ်ဟုတ်' ဒီဗွီဒီအယ်လ်ဘမ်၊ လွှမ်းပိုင်နဲ့ Bobby Soxer တို့ရဲ့ 'ဒုံးပျံ' ဒီဗွီဒီအယ်လ်ဘမ်တွေရဲ့ Music Video တွေကတစ်ဆင့် ဒါရိုက်တာအောင်မြတ်ကို ပရိသတ်များ သိရှိလာစေခဲ့ပါတယ်။ ဒီနောက်မှာတော့ Music Video များစွာနဲ့ တီဗွီကြော်ငြာများစွာကို ရိုက်ကူးခွင့် ရရှိစေခဲ့ပါတယ်။ လတ်တလော ထွက်ရှိထားတဲ့ အဆိုတော်လွှမ်းပိုင်ရဲ့ 'ဂီတစာဆို လွှမ်းပိုင်' ဒီဗွီဒီမှာ ပါဝင်ထားတဲ့ တေးသီချင်းအများစုရဲ့ Music Video တွေကို ဒါရိုက်တာအောင်မြတ်က ဖန်တီးပေးထားပြီး ပရိသတ် နှစ်သက် အားပေးခဲ့ကြပါတယ်။
ဒါရိုက်တာအောင်မြတ်က Asean Rok Fly 2013 မှာလည်း မြန်မာနိုင်ငံကိုယ်စားပြု ဒါရိုက်တာတစ်ဦးအဖြစ် တက်ရောက်ခွင့် ရခဲ့ပါတယ်။ Asean Film Market နဲ့ Asean Film Industry တွေမှာ လက်ရှိရိုက်ကူး ဖြန့်ချိနေတဲ့စနစ်တွေကို ကိုရီးယားနိုင်ငံ ဘူဆန်မြို့၊ ထိုင်းနိုင်ငံနဲ့ ဂျပန်နိုင်ငံတို့မှာ လက်တွေ့ လေ့လာ သင်ယူခွင့်စတဲ့ ဒါရိုက်တာ တစ်ယောက်အတွက် လိုအပ်တဲ့ ဝမ်းစာ ဖြည့်ဆည်းမှု အခွင့်အရေးတွေကို ရရှိခဲ့ပါတယ်။

ဒါရိုက်တာအောင်မြတ်က ၂၀၁၅ နှစ်လယ်လောက်မှာတော့ စာရေးဆရာမပုညခင်ရဲ့ 'အနမ်းဝိုင်' ဝတ္ထုကို စိန်ဌေး ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်ဖို့အတွက် ဒါရိုက်တာတစ်ယောက်အနေနဲ့ ကမ်းလှမ်းခံခဲ့ရပါတယ်။ ဒီဇာတ်ကားကို တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော်မှာ ပထမဆုံး စတင်ရိုက်ကူးခဲ့ပြီး တောင်ကြီးမြို့၊ ညောင်ရွှေ၊ ပအိုဝ်းရွာ၊ စပျစ်ခြံစတဲ့ ရှမ်းပြည်တောင်ပိုင်းက နေရာဒေသတွေမှာ အခြေခံ ရိုက်ကူးခဲ့တာပါ။
ဖြတ်သန်းခဲ့တဲ့ အနုပညာလမ်းကြောင်းနဲ့ ပတ်သက်လို့ ဒါရိုက်တာအောင်မြတ်က "ဒါရိုက်တာ ပညာအတွက် ခေတ်အဆက်ဆက် အောင်မြင်ထွန်းတောက်ခဲ့တဲ့ ဒါရိုက်တာကြီးတွေရဲ့ ဆုံးမစကားတွေ၊ သူတို့ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံ ဗဟုသုတတွေကို ရှာဖတ်ရင်းနဲ့ ကိုယ်လုပ်တဲ့ အလုပ်ကို ပိုကောင်းလာအောင် ကြိုးစားရတာပါပဲ။ ကိုယ်လုပ်ခဲ့တဲ့ အလုပ်တိုင်းကို အကောင်းဆုံးဖြစ်အောင် အာရုံစိုက်လုပ်ကိုင်ခဲ့ပေမယ့် လုပ်ပြီးလို့ ပြန်ကြည့်တဲ့အခါ လိုအပ်ချက်တွေ အများကြီးတွေ့နေရတဲ့အခါ နောက်အလုပ်တွေမှာ အဲဒီလိုအပ်ချက်တွေကို ဖြည့်ပြီး ပိုကောင်းတဲ့ နောက်အလုပ်တစ်ခုကို ထပ်လုပ်ဖို့ ပြင်ဆင်ရပါတယ်။ ကျွန်တော်ကတော့ ယုံကြည်စွာနဲ့ ကိုယ်လျှောက်ခဲ့တဲ့လမ်းကို ကိုယ်စွမ်းဉာဏ်စွမ်း ရှိသမျှ ကြိုးစားပြီးတော့ ပရိသတ်တွေ အသိအမှတ်ပြုတဲ့ ရုပ်ရှင် ဒါရိုက်တာ တစ်ယောက်ဖြစ်အောင် ကြိုးစားသွားပါမယ်"လို့ ပြောပြခဲ့ပါတယ်။

လူငယ်ဒါရိုက်တာ အောင်မြတ်ရဲ့ ငယ်ဘ၀ ဖြတ်သန်းမှုပုံရိပ်တွေမှာ လူငယ်လေးတစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်ထဲက ဖြစ်လိုတဲ့ ဆန္ဒတွေကို ဇွဲလုံ့လ ဝီရိယ ဖြည့်စွက် အားထုတ်မှုတွေ ပေါင်းစပ်ရာမှာ မျှော်လင့်ထားတဲ့ ပန်းတိုင်ကို ဖြည်းဖြည်းချင်း ရယူပိုင်ဆိုင် နိုင်တယ်ဆိုတာကို တွေ့ရှိရမယ်လို့ ယုံကြည်ပါတယ်။

Most Read

Most Recent