ခေတ်အဆက်ဆက် ရှင်သန်နေမယ့် လက်မှုပညာ

ခေတ်အဆက်ဆက် ရှင်သန်နေမယ့် လက်မှုပညာ
Published 9 March 2016
သဲသီရိကျော်

ခေတ်ရေစီးကြောင်း ပြောင်းလဲလာတာနဲ့ အညီ ဖက်ရှင်၊ အသုံးအဆောင်တွေကလည်း နေ့စဉ်နဲ့အမျှ မရိုးရအောင် အသစ်အဆန်းတွေ ပေါ်ထွက်လို့ နေပါတယ်။ အဲဒီထဲမှာမှ ပြည်ပက တင်သွင်းတဲ့ Ready Made ပစ္စည်းတွေ အပြင် Handmade ပစ္စည်းတွေလည်း ပြည်တွင်းမှာ ဈေးကွက်တစ်ခုအဖြစ် ရှိနေသလို ပြည်တွင်းဖြစ် လက်မှု ပစ္စည်းတွေကလည်း ဈေးကွက်မှာ နေရာတစ်ခု အခိုင်အမာ ရှိနေဆဲ ဖြစ်ပါတယ်။Handmade ဆိုတာကလည်း ရှိနေတဲ့ ကုန်ကြမ်းပစ္စည်းတွေကို အသုံးပြုပြီး ကိုယ့်ရဲ့ စိတ်ကူးဉာဏ် ကွန့်မြူးနိုင်မှုနဲ့ တီထွင်ဖန်တီးမှု စွမ်းရည်ကို ပေါင်းစပ်ပြီး ကိုယ်တိုင် ပြုလုပ်ရတာကြောင့် Handmade တစ်ခုကို ပြုလုပ်တဲ့ အခါမှာ စိတ်ကူးဉာဏ် ကွန့်မြူးနိုင်မှုနဲ့ စနစ်ကျန သေသပ်တဲ့ ဖန်တီးပြုလုပ်နိုင်မှုအပေါ် မူတည်ပြီး Handmade တစ်ခုချင်းစီရဲ့ အရည်အသွေးနဲ့ တန်ဖိုးက ကွာခြားသွားတတ်ပါတယ်။အိမ်မှာ အသုံး မလိုဘဲ ပိုလျှံနေတဲ့ ပစ္စည်းတွေနဲ့ အပျင်းပြေသဘော ကိုယ့်စိတ်ကူးထဲ ရှိရာကို လုပ်ကြည့်ရင်းနဲ့ အသုံးပြုလို့ရတဲ့ အသုံးအဆောင် အသစ်အဆန်းလေးတွေ၊ အခြားသူတွေကို ပြန်လည် လက်ဆောင်ပေးလို့ တင့်တယ်တဲ့ Handmade လေးတွေ ဖြစ်လာကြသလို အပျော်သဘော ဖန်တီးမှုသက်သက်သာ မကတော့ဘဲ တဖြည်းဖြည်း Handmade ပစ္စည်းတွေကို စီးပွားဖြစ် လုပ်ငန်းတစ်ခု အနေနဲ့ပါ လုပ်ကိုင်လာကြရတဲ့အထိ Handmade ဈေးကွက်တစ်ခု အခိုင်အမာ ဖြစ်တည်လာပါတယ်။
အခုနောက်ပိုင်းမှာဆိုရင် ပြည်တွင်းဖြစ် Handmade အသုံးအဆောင်တွေကို ပြည်ပခရီးသွား ဧည့်သည်တွေ သာမက ပြည်တွင်းမှာရှိတဲ့သူတွေ ကိုယ်တိုင်ကပါ စိတ်ဝင်တစားနဲ့ ဝယ်ယူ အသုံးပြုနေကြပြီပဲ ဖြစ်ပါတယ်။ အိမ်တွေမှာ၊ ရုံးခန်းတွေမှာ၊ ဟိုတယ်တွေမှာ၊ အခမ်းအနားပွဲတွေမှာ အလှထားဖို့၊ အသုံးပြုဖို့၊ မိမိ ချစ်ခင်ရသူတွေ သူငယ်ချင်း မိတ်ဆွေတွေကို အမှတ်တရ လက်ဆောင်ပေးဖို့ အတွက်ပါ Handmade ပစ္စည်းလေးတွေကို တခုတ်တရ တန်ဖိုးထား ဝယ်ယူလာကြပါတယ်။ ကိုယ်တိုင် လိုအပ်တဲ့ ကုန်ကြမ်းတွေ ဝယ်ယူပြီး ဖန်တီးမှုတွေ ရှိလာသလို ကိုယ်လိုချင်တဲ့ ဒီဇိုင်းကို ပြောပြီး Handmade ဆိုင်တွေမှာ အော်ဒါ မှာယူတာမျိုးတွေလည်း အခုနောက်ပိုင်းမှာ အတော်လေး ပြုလုပ်လာကြတာကို တွေ့ရပါတယ်။Handmade ပြုလုပ်တဲ့ အခါမှာ တန်ဖိုးကြီး ကုန်ကြမ်းတွေကို အသုံးပြုမှ မဟုတ်ဘဲ အလွယ်တကူ ရှာဖွေလို့ ရတဲ့ ကုန်ကြမ်းတွေ၊ ကိုယ့်အိမ်မှာ အသုံးမလိုလို့ ပိုလျှံနေတဲ့ စွန့်ပစ် ပစ္စည်းတွေကိုတောင် ကိုယ်သာဖန်တီးတတ်မယ်ဆိုရင် Recycle အနေနဲ့ အသုံးပြုလို့ ရတဲ့ Handmade ပစ္စည်းသစ်တွေ ပြုလုပ်နိုင်မှာပဲ ဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဆိုရင် တိုင်းရင်းသားရိုးရာ အသုံးအဆောင်တွေ၊ တိရစ္ဆာန် အရိုးနဲ့ ပြုလုပ်ထားတဲ့ Handmade တွေကို ဝယ်ယူမှု ပိုမို များပြားလာသလို ကြိမ်၊ ဝါး၊ ကျောက်စိမ်း၊ ပုလဲ၊ ယွန်းထည် စတဲ့ ကုန်ကြမ်းတွေနဲ့ ပြုလုပ် ဖန်တီးထားတဲ့ Handmade ပစ္စည်းတွေကို ပြည်ပသာမက ပြည်တွင်းကပါ စိတ်ဝင်တစား ဝယ်ယူမှု များပြားလျက် ရှိတယ်လို့လည်း သိရပါတယ်။
မြန်မာနိုင်ငံမှာ ရှေးယခင် နှစ်ပေါင်းများစွာ ကတည်းက လက်မှုပညာ Handmade က ရှိနေခဲ့တာကို ရှေးဘုရား၊ ကျောင်းကန်၊ အဆောက်အအုံတွေမှာ ရွှေငွေ ကျောက်သံ ပတ္တမြားတွေနဲ့ စီခြယ်ထားတဲ့ ပန်းချီ၊ ပန်းပု ထွင်းထုထားတာတွေကို ကြည့်ခြင်းအားဖြင့်လည်း သိနိုင်သလို ဒီနေ့အချိန်ထိလည်း Handmade လက်ရာတွေက ရှိနေဆဲပဲ ဖြစ်ပါတယ်။ယွန်းထည်၊ ကြိမ်ထည်၊ ကျောက်စိမ်း၊ ရွှေချည်ငွေချည်ထိုး၊ ပုလဲ၊ ကမာ၊ ကြေးပြား၊ သလင်းကျောက်၊ စေတီကျောက်၊ Crystal၊ မဟူရာ စတဲ့ ပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့ Handmade တွေက ဈေးကွက်ထဲမှာ ပိုမို ရောင်းရသလို ပင်လယ်ပြင်ကနေ အလွယ်တကူ ရနိုင်တဲ့ ခရု၊ ကျောက်စရစ်ခဲ၊ ကမာကောင်ခွံတွေနဲ့ ပြုလုပ်ထားတဲ့ ဆွဲကြိုး၊ လက်ကောက်၊ ဦးထုပ် စတဲ့ အသုံးအဆောင်တွေကလည်း ဝယ်ယူမှု မြင့်တက်လျက် ရှိတယ်လို့ သိရပါတယ်။ကြိမ်နဲ့ ပြုလုပ်တဲ့ ကြိမ်ခြင်း၊ လက်ကိုင်အိတ်၊ ထိုင်ခုံ၊ ခေါင်းအုံး၊ ဦးထုပ်၊ နားကပ်၊ ဆံထိုး၊ ဘီးကုပ်၊ ဖိနပ်၊ ဖုန်းအိတ် စတဲ့ Handmade အသုံးအဆောင်တွေကလည်း အနိမ့်ဆုံးဈေးနှုန်း ကျပ် ၅၀၀ ကနေ ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီးတော့ ဈေးနှုန်း အစားစား ရှိပါတယ်။ ကြိမ်၊ ဝါးနဲ့ ပြုလုပ်တာတွေအပြင် အုန်းမျှင်၊ မြက်၊ ဗေဒါရိုး၊ ကြေးပြား၊ အင်ကြီးကျောက်၊ သလင်းပြား၊ တွင်းထွက်ပစ္စည်း အကြွင်းအကျန်တွေနဲ့ ပြုလုပ်တဲ့ Handmade ပစ္စည်းတွေလည်း များစွာ ရှိပါတယ်။ ယွန်းထည် ပစ္စည်းတွေကိုတော့ ပုဂံဒေသမှာ အများဆုံး တွေ့ရှိနိုင်မှာပဲ ဖြစ်ပြီးတော့ ယွန်းနဲ့ လုပ်ထားတဲ့ ပန်းကန်၊ ဇွန်း၊ ခွက်၊ ကွမ်းအစ်၊ ဆေးလိပ်ခွက်၊ သေတ္တာ စသဖြင့် အသုံးအဆောင် အမျိုးမျိုး ပြုလုပ်ကြတာကိုလည်း တွေ့ရမှာပါ။ ယွန်းထည်တွေကို ပုဂံဒေသမှာသာ မကဘဲ အခုဆိုရင် တခြားနေရာတွေမှာပါ ဝယ်ယူ ရရှိနိုင်နေသလို ပြည်ပ ခရီးသွားတွေနဲ့ ပြည်တွင်းကပါ စိတ်ဝင်တစား ဝယ်ယူနေဆဲ ဖြစ်ပါတယ်။
ကိုယ့်အိမ်မှာပဲ အလွယ်တကူ လုပ်နိုင်မယ့် Handmade တွေအတွက် စက္ကူ၊ ပိုက်၊ အအေးဘူးခွံ၊ ပိတ်စတွေကို အသုံးပြုပြီးတော့လည်း ဖုန်းအိတ်၊ လက်ကိုင်အိတ်၊ အရုပ်ပုံစံ မျိုးစုံ စက္ကူလေးတွေ၊ အသုံးအဆောင်ပစ္စည်း အမျိုးမျိုး၊ မွေးနေ့ကတ်၊ အထိမ်းအမှတ်နေ့တွေအတွက် အထိမ်းအမှတ်ကတ်တွေ အမျိုးမျိုး ပြုလုပ်နိုင်ပါတယ်။ ကိုယ်တိုင် အသုံးပြုဖို့ အတွက်ရော အချင်းချင်း အမှတ်တရ လက်ဆောင်ပေးဖို့ အတွက်ပါ ကိုယ်တိုင်ဖန်တီး တီထွင် ပြုလုပ်တဲ့ Handmade လေးတွေက အသုံးဝင်ပါတယ်။ တကယ်ကို စနစ်တကျ သင်ယူပြီး ပြန်လည် အသုံးချတဲ့သူတွေ အတွက်တော့ အပျော်တမ်း Handmade လေးတွေကနေ စီးပွားဖြစ် အနေနဲ့ပါ လုပ်ဆောင်လာနိုင်မှာပဲ ဖြစ်ပါတယ်။အခုနောက်ပိုင်းမှာဆိုရင် တွင်းထွက် သယံဇာတတွေနဲ့ ပြုလုပ် ဖန်တီးထားတဲ့ ကျောက်စီ ပန်းချီကားတွေကိုလည်း လူအများ စိတ်ဝင်စားမှု ရှိနေပြီး လက်ဆောင်ပေးဖို့နဲ့ အလှထားရှိဖို့အတွက် ဝယ်ယူမှု များပြားနေတယ်လို့လည်း သိရပါတယ်။ ကျောက်စိမ်းလက်မှု ပစ္စည်းတွေကို ကျောက်စိမ်း အရည်အသွေးတွေပေါ် မူတည်ပြီး ဈေးနှုန်း ကွာခြားမှု ရှိပြီး ကျောက်စိမ်းလက်ကောက်၊ လက်စွပ် အသုံးအဆောင်လေးတွေကလည်း ယနေ့အချိန်ထိအောင် အသုံးပြုသူတွေ ရှိနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကံကောင်းခြင်း နိမိတ်အတွက်၊ ချစ်ခင်သူမိတ်ဆွေ ပေါများစေလိုခြင်းအတွက် စတဲ့ ယုံကြည်ချက်တွေနဲ့ ကျောက်စိမ်း အသုံးအဆောင်တွေကို ဝတ်ဆင်ကြသူတွေ၊ အဆောင်တစ်ခု အနေနဲ့ သိမ်းဆည်းထားသူတွေလည်း ရှိပါတယ်။ ကိုယ်တိုင် လက်နဲ့ပြုလုပ် ဖန်တီးရတဲ့ လက်မှုပညာက ခေတ်အဆက်ဆက် ကတည်းက ရှိနေခဲ့သလို ဒီကနေ့ အချိန်ထိလည်း တိမ်မြုပ်ပျောက်ကွယ် မသွားဘဲ ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ကိုယ်တိုင် အပျင်းပြေ အနေနဲ့ စိတ်ကူးထဲရှိရာ ပုံဖော်ချင်လို့ ဖြစ်စေ၊ အခြားသူတွေကို လက်ဆောင်ပေးဖို့အတွက် ဖြစ်စေ Ready made တွေကို ဝယ်ယူပေးတာထက် ကိုယ်ရဲ့အချိန်တွေ ပေးပြီး ကိုယ်တိုင်တီထွင် ဖန်တီးထားတဲ့ Handmade လေးတွေကို လက်ဆောင်ပေးတဲ့အခါ ငွေကြေးအရ တန်ဖိုးနည်းနေစေဦးတော့ စိတ်စေတနာနဲ့ ကိုယ့်ရဲ့ အပင်ပန်းခံပြီး ကြိုးစား ဖန်တီးပေးထားတာ ဖြစ်တဲ့အတွက် ငွေကြေးနဲ့ တန်ဖိုးဖြတ်လို့ မရတဲ့ အရာတစ်ခုအဖြစ် ပိုလို့တောင် တန်ဖိုးရှိနေဦးမှာပဲ ဖြစ်ပါတယ်။
ဘယ်လိုခေတ်တွေပြောင်းလို့ ဘယ်လိုဈေးကြီးတဲ့ အသုံးအဆောင်တွေ ပေါများလာပါစေ၊ ပြည်ပကဝင်တဲ့ Ready made အသုံးအဆောင်တွေ များပြားလာပါစေ၊ စက်နဲ့ အသင့်ပြုလုပ် ဖန်တီးထားတဲ့ အသုံးအဆောင်တွေ များစွာ ဝင်လာနေပါစေ ပြည်တွင်းဖြစ် လက်မှု အသုံးအဆောင်လေးတွေ၊ ကိုယ်တိုင်လုပ်တဲ့ Handmade လေးတွေကလည်း သူ့ရပ်တည်မှုနဲ့သူ ဈေးကွက်မှာ နေရာတစ်ခု ရှိနေဦးမှာ ဖြစ်သလို သူ့တန်ဖိုးနဲ့သူ ပြည်တွင်းပြည်ပက လူအများရဲ့ တန်ဖိုးထား အမြတ်တနိုး ဝယ်ယူစရာ လက်မှုပစ္စည်းလေးတွေအဖြစ် ရှိနေဦးမှာ အသေအချာပါပဲ။

Most Read

Most Recent