တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မြန်မာ-တရုတ် ဆက်ဆံရေးအပေါ် ယုံကြည်မှုရှိကြောင်း မတ် ၈ ရက်တွင် ပြောကြားခဲ့ပြီး ခင်မင်ရင်းနှီးမှုသည် ခိုင်မာပြီး နိုးကြားရှင်သန်မှုရှိကြောင်း မှတ်ချက်ပြုခဲ့သည်ဟု တရုတ် ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။
နှစ်စဉ်ကျင်းပသော အမျိုးသားပြည် သူ့ကွန်ဂရက် အစည်းအဝေးနှင့် ဆက်နွှယ်သော သတင်းစာ ရှင်းလင်းပွဲတွင် ၎င်းက နှစ်နိုင်ငံအကြား ဆက်ဆံရေးမှာ မြန်မာနိုင်ငံတွင်း ပြည်တွင်းရေး အခြေအနေ ပြောင်းလဲမှုများကြောင့် အားနည်းသွားမည် မဟုတ်ကြောင်း ပြောကြားသည်။
မြန်မာနိုင်ငံတွင် အစိုးရသစ်က ယခုလကုန်ပိုင်း၌ ကျမ်းသစ္စာ ကျိန်ဆိုမည်ဖြစ်ရာ ယင်းအပေါ် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်နှင့် စပ်လျဉ်း၍ မေးမြန်းမှုအပေါ် ဝမ်ယီက မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တရုတ်နိုင်ငံနှင့် ရင်းနှီးဖော်ရွေသော ဆက်ဆံမှု ရှိဆဲဖြစ်ကြောင်း ဖြေကြားသည်။
"ကျွန်တော်တို့ရဲ့ အပြန်အလှန် နားလည်မှုနဲ့ ယုံကြည်မှုဟာ တိုးတက်လာနေပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံရဲ့ အနာဂတ်နဲ့ ပတ်သက်လို့ အလွန်ယုံကြည်မှု ရှိပါတယ်" ဟု ၎င်းက ပြောကြားသည်။
မြန်မာနိုင်ငံတွင် မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုများအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပူးပေါင်းဆောင်ရွက်မှု အပိုင်းတွင် အခက်အခဲ အချို့ရှိကြောင်း ဝန်ခံခဲ့ပြီး အဆိုပါ အခက်အခဲများသည် နာကြည်းမှုများ ကြီးထွားလာစေသည်ဟူသည့် အချက်ကိုမူ ပယ်ချခဲ့သည်။
မြစ်ဆုံရေအားလျှပ်စစ် စီမံကိန်းကို ၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် အစိုးရက ရပ်ဆိုင်းခဲ့သည်။
မြစ်ဆုံဆည်သည် လုပ်ငန်းစဉ်အားလုံးကို အတည်ပြုထားပြီးဖြစ်သည့် စီးပွားရေး စီမံကိန်းတစ်ခု ဖြစ်ကြောင်း ဝမ်ယီက ပြောကြားသည်။
"နှစ်ဖက်စလုံးက သင့်တော်တဲ့နည်းလမ်းနဲ့ ဆက်လက်စီမံသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အနေနဲ့လည်း နှစ်နိုင်ငံကြား အကျိုးတူ ပူးပေါင်းဆောင်ရွက်မှုအပေါ် အလွန်ယုံကြည်မှု ရှိပါတယ်" ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ပြောကြားသည်။
မြန်မာနိုင်ငံနှင့် ဆက်ဆံရေးအပေါ် ယုံကြည်မှုရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ပြောကြား
Most Read
Most Recent
16 hours ago















