တပ်မတော်မှ ဒုတိယသမ္မတလောင်းအဖြစ် ဦးလှဌေးဝင်းနှင့် သူရဦးသက်ဆွေတို့ နှစ်ဦးအနက် တစ်ဦးအား အမည်စာရင်း တင်သွင်းမည်ဟု သတင်းထွက်ပေါ်မှုအပေါ် ကာယကံရှင်များ အတည်မပြု

တပ်မတော်မှ ဒုတိယသမ္မတလောင်းအဖြစ် ဦးလှဌေးဝင်းနှင့် သူရဦးသက်ဆွေတို့ နှစ်ဦးအနက် တစ်ဦးအား အမည်စာရင်း တင်သွင်းမည်ဟု သတင်းထွက်ပေါ်မှုအပေါ် ကာယကံရှင်များ အတည်မပြု
Published 8 March 2016
ကျော်ဇင်ဝင်း

တပ်မတော်မှ ဒုတိယသမ္မတလောင်းအဖြစ် ဗိုလ်ချုပ်ကြီး (ငြိမ်း) များဖြစ်ကြသည့်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်းနှင့် သူရဦးသက်ဆွေတို့ နှစ်ဦးအနက် တစ်ဦးအား အမည်စာရင်း တင်သွင်းမည်ဟု သတင်းထွက်ပေါ်မှုအား ကာယကံရှင်များက အတည်ပြုရန် ငြင်းဆိုခဲ့ကြသည်။
မတ် ၈ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသည့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်းအား မီဒီယာများက တပ်မတော်မှ တင်သွင်းမည့် ဒုတိယသမ္မတလောင်းအဖြစ် သတင်းထွက်ပေါ် အတည်ပြုပေးရန် မေးမြန်းခဲ့ရာ ၎င်းကငြင်းဆိုခဲ့သည်။
"အတည်မပြုနိုင်ပါဘူးဗျာ။ အဲဒါ လျှောက်ပြောနေတာ" ဟု ဦးလှဌေးဝင်းက ပြောကြားသည်။
ထို့ပြင် ထပ်ဆင့်မေးခွန်းအဖြစ် သမ္မတရာထူးပေးပါက လုပ်ဆောင်ရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းမှုအပေါ် ဦးလှဌေးဝင်းက "အဲဒါတော့ အခြေအနေအရပေါ့" ဟု ပြောကြားသည်။
အလားတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးသက်ဆွေကလည်း တပ်မတော်မှ ၎င်းအား ဒုတိယ သမ္မတလောင်းအဖြစ် ကမ်းလှမ်းထားခြင်း မရှိကြောင်းနှင့် မှန်းဆချက်များဖြစ်ပြီး ထွက်ပေါ်နေသည့် သတင်းများအား အတည်မပြုနိုင်ကြောင်း မီဒီယာများ၏ မေးမြန်းမှုအား ဖြေကြားသည်။
"ကမ်းလှမ်းလာတဲ့အခါ ကျတော့လည်း အမျိုးသား အကျိုးစီးပွားအတွက် လုပ်ရမှာပေါ့" ဟု သူရဦးသက်ဆွေက ဆိုသည်။
တပ်မတော်မှ တင်သွင်းမည့် ဒုတိယသမ္မတလောင်းသည် လက်ရှိတပ်မတော်တွင် တာဝန်ထမ်းဆောင် နေသူသာ ဖြစ်မည်ဟု အခြားအတည် မပြုနိုင်သည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေးဝင်းသည် တပ်မတော်တွင် ဗိုလ်ချုပ်ကြီးအဆင့်ဖြင့် တပ်မတော်ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ရာထူးတာဝန်အား ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ကာလအထိ ထမ်းဆောင်ခဲ့ပြီး တပ်မတော်မှ အငြိမ်းစားယူ၍ ရွေးကောက်ပွဲတွင် နေပြည်တော် ဇေယျာသီရိ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။
ထို့အတူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် သူရဦးသက်ဆွေသည်လည်း တပ်မတော်တွင် ဗိုလ်ချုပ်ကြီး အဆင့်ဖြင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် (ရေ) ရာထူး တာဝန်အား ထမ်းဆောင်ခဲ့ပြီး ရွေးကောက်ပွဲမတိုင်မီ တပ်မတော်မှ အငြိမ်းစားယူကာ ရန်ကုန်တိုင်း ကိုကိုးကျွန်း မဲဆန္ဒနယ်တွင်         ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်၍ အနိုင်ရရှိခဲ့သူ ဖြစ်သည်။
နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက် နိုင်ရန်အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အလိုက် အစည်းအဝေးများကို မတ် ၁၀ ရက်မှစ၍ ပြုလုပ်မည်ဖြစ်သည်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲတွင်  ပြည်သူ့လွှတ်တော်တွင် ၂၅၅ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၃၅  နေရာ စုစုပေါင်း နေရာ ၃၉၀ အနိုင်ရရှိထားသဖြင့် နိုင်ငံတော်သမ္မတ ရွေးချယ်ရန် လိုအပ်သည့် သတ်မှတ်နေရာ အရေအတွက်အား ကျော်လွန်အနိုင်ရရှိထားပြီး ဖြစ်သဖြင့် နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ခွင့် ရရှိထားပြီ ဖြစ်သည်။
သို့ဖြစ်၍ တပ်မတော်မှ အမည်စာရင်း တင်သွင်းမည့် ဒုတိယသမ္မတလောင်းမှာ ဒုတိယသမ္မတ တစ်နေရာသာ ရရှိမည်ဖြစ်သည်။                              
 

Most Read

Most Recent