ဖေ၊ ပု၊ ရှိန်အကြောင်း တစေ့တစောင်း

ဖေ၊ ပု၊ ရှိန်အကြောင်း တစေ့တစောင်း
Published 7 March 2016
နီငြိမ်း

(၁)Weekly တွင် တင်ပြရန် ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေ၊ ပု၊ ရှိန်) တို့အကြောင်း ရှာဖွေခဲ့သည်မှာကြာပါပြီ။ ယခုမှအကြောင်းစုံ၍ တင်ပြလိုက်ပါသည်။ ဖေ၊ ပု၊ ရှိန်မှာ မြန်မာ့သမိုင်းတွင် မျိုးချစ်ခေါင်းဆောင်ကြီးများ ဖြစ်ကြပါသည်။ ဦးဘဖေ သည် ဗုဒ္ဓဘာသာ ကလျာဏယု၀ အသင်း YMBA ကို စတင်တည်ထောင်သူဖြစ်၏။ ဦးဘဖေကို ကြို့ပင်ကောက်မြို့တွင် မြူနီစီပယ်လူကြီး ဦးအိုနှင့် ဒေါ်မှင်တို့မှ ၁၈၈၄ ခုနှစ် မေလ ၁၇ ရက်တွင် မွေးဖွားခဲ့သည်။(၂)့YMBA အသင်းပေါ်ခဲ့ခြင်းဦးဘဖေသည် ငယ်စဉ်က RCM ကက်သိုလစ်မစ်ရှင်ကျောင်းတွင် စာသင်ခဲ့ရ၍ အင်္ဂလိပ်စာတော်သည်။ ၁၉၀၆ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ရခဲ့ပါသည်။ ကိုလိုနီခေတ်တွင် လူဖြစ်ခဲ့ရ၍ အင်္ဂလိပ်ကို လွန်စွာမုန်းသည်။ ၁၉၀၆ နေ့တစ်နေ့တွင် ဦးဘဖေ၊ ဆာမောင်ကြီး ဒေါက်တာဘရင်တို့ လမ်းလျှောက်စကားပြောရင်း အမျိုးဘာသာသနာကို စောင့်ရှောက်ရန် အဖွဲ့တစ်ခု ရှိသင့်သည်ဟု တိုင်ပင်ရာမှ YMBA ခေါ် အသင်းကြီးကို ထူထောင်ဖြစ်ခဲ့သည်။
YMBA က လူကြီးလူငယ်တို့၏ မျက်စိကိုဖွင့်ပေးခဲ့သည်။ ဦးဘဖေက လူငယ်များ၊ မြို့ပိုင်၊ နယ်ပိုင် ဖြစ်ရန်မလို၊ အမျိုးဘာသာ၊ သာသနာကို ချစ်ရန်သာလိုသည်ဟု အမြဲ ဟောခဲ့သည်။ ဤသို့ဖြင့် နိုင်ငံတစ်ဝန်း YMBA အသင်းခွဲပေါင်း ၄၀၀ ပေါ်လာခဲ့သည်။ ၁၉၂၀ တွင် ဂျီစီဘီအေ ခေါ် အသင်းချုပ်ကြီးပေါ်ခဲ့၏။ ဂျီစီဘီအေအဖွဲ့ငယ်ပေါင်း ၂၀၀၀ ထိ ရှိလာခဲ့သည်။ ထိုနှစ်မတိုင်မီ ၁၉၁၉ ခုနှစ်တွင် ဖေ၊ ပု၊ ရှိန်တို့ လွတ်လပ်ရေး ဆွေးနွေးရန် အင်္ဂလန်သို့ ထွက်ခွာသွားသည်။ဦးဘဖေအဖွဲ့သည် အင်္ဂလန်တွင် ဆာဘားနစ်ဟောက်တန်အဖွဲ့ နှင့် ဆွေးနွေး၍ မြန်မာနိုင်ငံသို့ပြန်ခဲ့သည်။ ဖေ၊ ပု၊ ရှိန်တို့က မြန်မာနိုင်ငံကို အိန္ဒိယလက်အောက်မှ ခွဲထုတ်ပေးရန် တောင်းဆိုခဲ့၏။ ၁၉၁၁ ခုနှစ်တွင် သူရိယ သတင်းစာပေါ်လာရာ ဦးဘဖေတို့က ဆောင်းပါးများ ရေးပေးသည်။သူရိယသတင်းစာကို စောင်ရေ ၃၀၀၀ အထိ တိုးမြှင့်ထုတ်ဝေခဲ့ရ၏။ ဒိုင်အာခီခေတ် ရောက်သော် ဦးဘဖေသည် သစ်တောရေးနှင့် ပြည်ထဲရေးဝန်ကြီး ဖြစ်လာခဲ့၏။ ၁၉၃၇ ခုနှစ် ဒေါက်တာဘမော်၏ (၉၁) ဌာန အုပ်ချုပ်ရေးခေတ်တွင်လည်း ဖေ၊ ပု၊ ရှိန်မှာ နာမည်ရခဲ့သည်။ ထိုခေတ်တွင် ဦးပုက နန်းရင်းဝန်၊ ဦးထွန်းအောင်ကျော်က ဘဏ္ဍာရေး၊ ဆာပေါ်ထွန်းက အကောက်ခွန်၊ H စီဘူးက သစ်တောရေး၊ စောဘိုးချစ်က ပညာရေး၊ ဦးဘဖေက ပြည်ထဲရေး၊ ဦးထွန်းက ကူးသန်းရောင်းဝယ်ရေး တာဝန်များ ရယူခဲ့သည်။ ၁၉၂၀ ခုနှစ် ဦးဘဖေတို့ အင်္ဂလန်သွား၍ ဘကြီးမှိုင်းက ဤကဲ့သို့ ကဗျာဖြင့် အားပေးခဲ့၏။သြော်...ပြေအမှု့ပေမို့ငွေခရုနဲ့...ဇေယျတုပါကွဲ့။သပြေနုချိန်တင်ရန်ပန်းတွေ ကလဲ များလိုက်ပါဘိသနဲ့...ဖေ၊ ပု၊ ရှိန် အင်္ဂလန်နန်းမြေ သွားတို့ကိုဖြင့် အားမြောက်ဖွယ်ကြံ လွယ်ဖန်လွယ်နဲ့...အန္တရာယ်၊ ရန်စွယ်မောင်းပါလို့မြန်နယ်ကို ပြန်လွယ်ကြောင်းရယ်နှင့်တောင်းဆုကာ ပနာဆင်လို့မို့ စသည်ဖြင့်ရေးခဲ့သည်။(၃)ဦးပုအကြောင်း၁၉၃၉ ခုနှစ်တွင် အယုံအကြည်မရှိ အဆိုတစ်ခုတင်သွင်းရာ ဒေါက်တာဘမော်အဖွဲ့ပြုတ်ကျပြီး ဦးပု ညွန့်ပေါင်းအစိုးရ တက်လာသည်။ ၁၉၃၉ ခုနှစ် ဖေဖော်ဝါရီလတွင် ဘုရင်ခံ အာခီဘောဒေါက်ကလပ်က ညွန့်ပေါင်းအစိုးရအဖွဲ့ကို ဖွဲ့ပေးခဲ့သည်။ အစိုးရအဖွဲ့၊ ငါးပွင့်ဆိုင်အဖွဲ့ ဖြစ်သည်။ စောဖိုးချစ်က ပညာရေး၊ H စီဘူး သစ်တောရေး၊ ဦးထွန်းအောင်ကျော် ဘဏ္ဍာရေး၊ ဦးထွန်း ကုန်သွယ်ရေး၊ ဦးပေါ်ထွန်း အခွန်ဝန်ကြီး၊ ဦးဘဖေ ပြည်ထဲရေးတို့ တာဝန်ယူကြရ၏။
ဦးပုကို ၁၅.၁၂. ၁၈၈၁ ခုနှစ် ရက်နေ့တွင် ရွှေကျင်မြို့၌ သစ်ကုန်သည် ဦးသာဇံ၊ ဒေါ်အိဖြူတို့မှ မွေးသည်။ ၁၉၀၂ ခုနှစ်တွင် B.A ဝိဇ္ဇာဘွဲ့ရသည်။ ၁၉၃၆ ခုနှစ်တွင် ငါးပွင့်ဆိုင် အဖွဲ့အမျိုးသားပါတီ National Party ၏ ခေါင်းဆောင်ကြီး ဖြစ်လာသည်။ နောင်တွင် ဒေါ်ဖွားရင်နှင့် လက်ထပ်ပြီး သားသုံးဦး သမီးနှစ်ဦး ထွန်းကားခဲ့သည်။ ၂၀. ၁. ၁၉၇၅ ခုနှစ်တွင် ဦးပု ကွယ်လွန်သည်။ဦးထွန်းရှိန်အကြောင်းဖေ၊ ပု၊ ရှိန် အင်္ဂလန်မှပြန်လာပြီး မကြာမီပင် ဦးထွန်းရှိန် ကွယ်လွန်ရှာသည်။ ဦးထွန်းရှိန်၏ ဈာပနကို ယိမ်းများ၊ အကများဖြင့် စည်ကားစွာ ကျင်းပခဲ့လေသည်။ ဘကြီးမှိုင်းက ဈာပနကို ဤသို့ဖွဲ့ခဲ့သည်။အလွမ်းရယ်မပြေ...ဖြေမဆည်နိုင်ပေါင်ကွယ်အငိုလွှမ်းချိန် ရောက်ပြီမို့၊မန်းရွှေပြည်ခရိုင်ဗဟိုထွန်းတောက်ပါလို့...ဟိုကျွန်း ပုသိမ်အောက်ဆီက ပေါ်လာပြန်(အိုကွယ်) ကိုထွန်းရှိန် တစ်ယောက်ကိုဖြင့်မဟော်ပမာသဏ္ဌာန်၊ ဒေလီဂိတ်(သြော်) ရွှေပြည်စိတ်အတူတူ...မြန်မာကိုယ်စားလှယ်တို့ ... သတ္တဝါအလိုကွယ် သုံးခုပေါင်းပါလို့ ခမျာမှာ ဟုမ္မရူး Home Rule တောင်းဆိုခဲ့...အသက်မရှေ နှမြောလိုက်ပါဘိ၊မြို့ရွှေရန်ကုန်တစ်ခွင် YMBA အသင်းမင်းပေါင်းစုံ ဈာပနကြီးမှာလ ပြီးမြောက်အောင်ပြာချခဲ့...ဒါတွေကြားလိုက်ပါရဲ့...မှတ်စရာတမူ၊ယောထမီနဲ့ ပင်နီကိုသာသုံး ကြဟဲ့...လို့... ဟူ၍ ဘကြီးဘမှိုင်းက ရေးခဲ့ရာ၊ ယိမ်းသမလေးများက၊ လွမ်းလောက်အောင် သီဆိုကပြ အသုံးတော်ခံခဲ့ကြောင်း၊ ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန်အကြောင်း တစေ့တစောင်း တင်ပြအပ်ပါသည်။ကျမ်းကိုးဘကြီးမှိုင်းလေးချိုးပေါင်းချုပ်၊     ရုပ်ပြနိုင်ငံရေးကျမ်းစာ၊ဦးသန့်၊လာဘ်မိုးဆွေ

Most Read

Most Recent