နွေနှင့် ရေကို အန်တုမယ့်သူများ

နွေနှင့် ရေကို အန်တုမယ့်သူများ
Published 6 March 2016
သက်ဝင်းထိန် (ပခုက္ကူ)

အညာသည် ဆောင်းကုန်လို့ နွေဆီကို ပီပီပြင်ပြင် ကူးပြောင်းနေပါပြီ။ ရဲရဲနီနေအောင် ပွင့်နေတဲ့ လက်ပံပင်ထက်ဆီမှာလည်း ဆက်ရက်ငှက်တို့အသံကို ဆူဆူညံကြားရသလို တမာတို့ ထနောင်းတို့ဆီမှာ ရွက်ဟောင်းတွေကြွေလို့ ရွက်သစ်တွေ ဝေနေတာကိုလည်း မြင်နေရပါပြီ။ အညာပတ်ဝန်းကျင်သည် အေးမြမှုတို့ ပျောက်ဆုံးစပြုလာပြီး ပူပြင်းမှုက တစ်နေ့ထက်တစ်နေ့ တစ်ဆထက် တစ်ဆပိုလာပါတယ်။ဒီနှစ်မြန်မာပြည်ဟာ ပူပြင်းခြောက်သွေ့တဲ့ အယ်လ်နီညို ရာသီဥတုဖြစ်စဉ်နဲ့ ကြုံတွေ့မယ်လို့ မိုးလေဝသ ပညာရှင်များ ခန့်မှန်းထားတော့ အညာမြေအတွက် စိန်ခေါ်မှု ပေါင်းစုံကြုံရမယ့်နှစ်။ စိုက်ရေးပျိုးရေး အတွက်လည်း ပူပင်စရာ ရှိပေမယ့် လတ်တလော ပူပန်ရတာ သောက်သုံးရေ။ ပခုက္ကူတစ်နယ်လုံးမှာ တချို့နေရာတွေ ခုထိရေရှားဆဲ။ အထူးသဖြင့် မြိုင်နယ်။ မနှစ်က မိုးကာလမှာ မိုးကောင်းကောင်း မရတော့ ရွာကန်တွေမှာ ရေသိပ်မရလိုက်။
အကျိုးဆက်က နွေကူးစမှာပင် သောက်ရေကန်တွေ ခန်းကုန်သည်။ တချို့ရွာမှာ စက်တွင်းတွေ မြေအောက် ရေမထွက်လို့ ရေခက်ကုန်သည်။ လာမည့်နွေလယ်လတွေဆိုရင် ယခုထက် အခြေအနေဆိုးဖို့ ရှိတော့သည်။ သောက်သုံးရေ ရှားပါးမှုဆိုတဲ့ အခြေအနေ ဆိုးတစ်ရပ်ကို ဒေသခံတွေ ရင်ဆိုင်ဖို့ အသင့်ရှိပြီလားဆိုရင် မရှိသေးပါဘူး။ သို့ပေမဲ့လည်း နွေနဲ့ရေကို  ရင်ဆိုင်ဖို့ ပြင်ဆင်နေသူတွေတော့ ရှိနေပါပြီ။ သူတို့ကတော့ ရေအလှူတော် အဖွဲ့တွေပါ။
ရေအလှူတော် အဖွဲ့တွေ ဆောင်းမကုန် ခင်ကတည်းက ရေသယ်ကားတွေကို ပြင်ဆင်မှုတွေ လုပ်ကြ။ အသစ်ထပ်ဝယ်သူက ဝယ်ကြလုပ်ရင်း ဆောင်းကုန်စမှာပင် ရေကူညီမှုတွေ စနေပါပြီ။ သူတို့လျှောက်ရမယ့် နွေခရီးက ဒီနှစ်ရှည်လျားပါလိမ့်မယ်။ သို့ပေမဲ့ သူတို့ အဆင်သင့် ဖြစ်နေပြီဆိုတာကို ကုန်ခဲ့တဲ့ လအနည်းငယ် ကတည်းက သက်သေထူပြီးပါပြီ။ မြိုင်မြို့နယ် မြေရင့်ကျေးရွာသည် ကန်ရေကခန်း၊ စက်တွင်းက ပျက်နဲ့ ရေရှားတဲ့ ဒုက္ခကြုံရတဲ့ ရွာ။ အဲဒီရွာကို ရက်ပေါင်း ၆၀ လောက် မရပ်မနားသွားပြီး ရေကူညီခဲ့တာ ပခုက္ကူ ရေအလှူ တော် အဖွဲ့။သူတို့ ရေအလှူကားသည် နေ့စဉ်မနက် ၈ နာရီထိုးသည်နှင့် ကားရေထည့်ပြီး မြေရင့်ရွာသို့ သွားကြသည်။ တစ်ရက် ကျွန်တော် သူ့ကားနောက်ကလိုက် ဖြစ်သည်။ ကားသံကြားသည်နှင့် ရွာထဲက အိမ်တွေဆီမှ ထွက်ကြည့်သည်။ ရေသယ်ကားမှန်း သိသည်နှင့်  တစ်အိမ်နှင့် တစ်အိမ် လှမ်းပြောသည်။ “ရေကား လာနေပြီ။ ရေသွားခပ်ရအောင်” ဟု အသံပြုသည်။ “ရေကားလာနေပြီဟေ့” ဟု ပျော်ရွှင်စွာ အော်ဟစ်နေသည့် ကလေးများလည်း တွေ့ရသည်။ရေဝေမည့် နေရာတွင် စီတန်းထားသည့် ရေစည်လှည်းလေးတွေကား တစ်မျှော်တစ်ခေါ်။ အလှည့်ကျဖို့ အတော်စောင့်ရသည်။ တချို့မိဘများက ရေခပ်သွားသည့် သားသမီးများ အတော်နှင့် ပြန်မလာ၍ ဆော့နေသလားဟု လာကြည့်ကြသည်။ ရေနှင့် ပက်သက်လို့ ဒုက္ခများပုံကို “လူကများတော့ စောင့်ခပ်ရတယ်။ တကယ်ခပ်နေတဲ့သူမှ ဘယ်လောက်စောင့်ရတယ်ဆိုတာ သိတာ။ ရန်လည်းဖြစ်ရတယ်။ စိတ်လည်း ညစ်ရတယ်။ ရေကဘယ်လိုမှ မလွယ်တော့ ရေကားလာရင် ပျော်နေတော့တာပါ” ဟု မြေရင့်ရွာမှ မကြည်သန်းက ပြောသည်။ရေလှူကားပေါ်မှ ရေတင်စက်ကိုနှိုးပြီး စာသင်ကျောင်း အတွင်းရှိ ရေကန်ထဲသို့ ရေလှယ်ပေးနေသည်။ ရေခပ်မည့် ကလေးတို့သည်လည်း အစီအရီရှိသော ရေပုံးများ အတွင်းသို့ ကန်၏ရေပိုက်တို့မှ တစ်ဆင့်ရေသွယ်ယူနေသည်။ အဖိတ်အစဉ် နည်းနိုင်သမျှ နည်းအောင် တစ်ဦးက ရေပိုက်ကို ရေပုံးအတွင်းသို့ သေချာထည့်ပေးနေပြီး ရေလှည်းတို့သည် ကျောင်းအတွင်းသို့ ဝင်လိုက် ထွက်လိုက်။
မြေရင့်တစ်ရွာတည်းပင် လူအတွက် နွားအတွက် တစ်နေ့ရေဂါလန် ၈၀၀၀ လောက်လိုသည်။ ရေသယ်ကားက တစ်ခေါက်မှ ရေဂါလန် ၁၂၀၀ လောက်ပဲ ပါသည်။ အဲဒီတော့ ငါးခေါက်လောက် သယ်ပို့လုပ်ရ။ ငါးခေါက်မြောက်ပြီးချိန် နေကဝင်ရုံမဟုတ် အတော်ပင် မှောင်လို့ ညပင်ရောက်နေသည်။ လောင်စာဆီဖိုးကလည်း ငါးခေါက်လောက် အသွားအပြန် သယ်ရတော့ တစ်ရက် ၇၀၀၀၀ လောက် ကုန်သည်။ အိတ်ထဲကတော့ အများကြီး စိုက်မလုပ်နိုင်ကြ။ တတ်နိုင်သလောက် စိုက်လှူ သည်။ မလောက်ရင် အလှူရှင်ရှာရသည်။ တချို့လည်း အင်တာနက် စာမျက်နှာပေါ်ကနေ ဖတ်မိပြီး ချိတ်ဆက်လှူကြတော့ အဆင်တော့ ပြေသွားသည်။“နောက်လှည့်ကြည့် စရာရှိရင် ဒီအလုပ်ကို အဲလောက် မလုပ်နိုင်ဘူး။ မိသားစုတွေက ပံ့ပိုးပေးလို့ ခုလောက်ထိ လုပ်နိုင်တာ။ ရှိတဲ့ အင်အားလေးနဲ့ တစ်ရက်ဆီ လှည့်မောင်းပြီး ရေသွားပို့နေရတာ။ တချို့ရက်တွေ ကျတော့လည်း အရေးပေါ် ရေလိုလို့ ကူညီပါဦးဆိုတဲ့ ဆီကိုသွားပို့ပေးရတယ်။ ကားဆီအတွက် အလှူရှင် မပူရပေမယ့် ကားပျက်တဲ့အခါ ကားပြင်စရိတ်အတွက် ပူရတယ်။ ဘာတွေပဲ အခက်အခဲရှိရှိ။ လာမယ့်နွေအတွက်တော့ ကျွန်တော်တို့ အသင့်ဖြစ်နေပါပြီ” ဟု ပခုက္ကူ  ရေအလှူတော်အဖွဲ့မှ ကိုဇာနည်က ပြောသည်။လာမည့်နွေ ပခုက္ကူတစ်နယ်လုံး ရေရှားပါးနိုင်သည့် ရွာပေါင်း ၄၅ ရွာလောက်ရှိမယ်လို့ ခန့်မှန်းထားကြပါတယ်။ ၄၅ ရွာဆိုတဲ့ အင်အားဟာ အတော်များပါတယ်။ တစ်လှည့်စီ ရေခက်ခဲကြမှာ မဟုတ်ဘဲ နွေကာလမှာ တစ်ပြိုင်တည်းနီးပါးလောက် ရှားကြမှာပါ။ ရေခက်ခဲသူတွေအတွက် ရေလိုသလို ကူညီသူတွေအတွက် ရေကားတွေ လိုအပ်ပါတယ်။ လူမှုရေး အသင်းတွေဘက်က ပြင်ဆင်မှု အားရစရာ ကောင်းပါတယ်။ ပခုက္ကူ ရေအလှူ တော်အသင်း ရေသယ်ယာဉ် တစ်စီးထပ်ဝယ်ပါတယ်။ ကျန်တဲ့ အာယုသုခ ရေအလှူကားကလည်း ကြံ့ခိုင်မှု စစ်ဆေးပြီး ရေစတင် ကူညီနေပါပြီ။
နွေမှာ ရေကိုအန်တုဖို့အတွက် လူမှုရေး အသင်းတွေ အဆင်သင့် ဖြစ်နေပေမယ့် စိုက်ရေးပျိုးရေးကတော့ တောင်သူတွေကို စိန်ခေါ်နေဆဲပါ။ မိုးရွာမှ စိုက်နိုင်ပျိုးနိုင်တာ ဆိုတော့ တောင်သူတွေ သေချာဆုံးဖြတ်ပြီးမှ စိုက်ရပါတော့မယ်။ ၂၀၁၅ စိုက်ရာသီတုန်းက ပခုက္ကူတစ်နယ်လုံး နီးပါး မေလကုန်ခါနီးမှ မိုးဦးကျပါတယ်။ တောင်သူတွေလည်း ပဲတီစိမ်းတွေ စိုက်လိုက်ပါတယ်။ စိုက်ပျိုးလည်း ပြီးရော မိုးကထပ်မရွာတော့ပါ။ အကျိုးဆက်က ပဲတီစိမ်း စိုက်ခင်း အတော်များများ ပျက်သွားပါတယ်။ အတော်အသင့် မိုးခေါင်မှုဒဏ်ကို ခံနိုင်တဲ့ ပဲစင်းငုံပင်တွေလောက်ပဲ ရှင်သန်နိုင်ခဲ့ပါတယ်။ဒီနှစ်က အယ်လ်နီညိုနှစ်ဆိုတော့ မိုးဦးနောက်ကျမယ်။ ပူပြင်းခြောက်သွေ့မှုဒဏ်ကို ပုံမှန်ထက် ပိုခံစားရမယ်လို့ ခန့်မှန်းထားတဲ့ အတွက် အညာကယာ တောင်သူတွေ သေချာစဉ်းစား ဆုံးဖြတ်ပြီးမှ စိုက်ပျိုးရမယ့်နှစ်ပါ။ တာဝန်ရှိသူတွေဘက်ကလည်း အညာအရပ်က ယာမြေစိုက်တောင်သူတွေ အတွက် စိုက်ပျိုးသင့်တဲ့ သီးနှံအမျိုးအစားတွေကို အကြံပေးဖို့ လိုပါလိမ့်မယ်။အဆိုးရွားဆုံး ရာသီဥတု ဖောက်ပြန်မှု လာရာလမ်းကြောင်းက သစ်တောတွေ ပြုန်းတီးသွားတာပါပဲ။ သစ်ပင်က ခုချက်ချင်းစိုက် ခုချက်ချင်းကြီးတဲ့ အမျိုးအစား မဟုတ်တော့ ရာသီဥတု ဖောက်ပြန်မှုကို နောက်လည်းကြုံရဦးမှာပါ။ ရေအလှူတော် အသင်းတွေဟာ လာမည့်နွေကာလအတွက် ပြည်သူက ပြည်သူကို စောင့်ရှောက်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။