လမ်းလုပ်သားများ

လမ်းလုပ်သားများ
Published 6 March 2016
ဝဏ္ဏ (မိတ္ထီလာ)

မြန်မာနိုင်ငံရဲ့ နေရာအနှံ့က လမ်းလုပ်သားတွေဟာ လမ်းမတွေထက်မှာ လုပ်ငန်းခွင် ဝင်နေကြပါသည်။ လမ်းလုပ်သား (ဝါ) တစ်နည်းအားဖြင့် လမ်းခင်းကြသူများလို့ နာမည်တပ်လေ့ ရှိပေမယ့် အများစုသော လုပ်ငန်းခွင်မှာ အမျိုးသမီးတွေနဲ့ အရွယ်မရောက်သေးသူ ကလေးသူငယ်တွေများပြီး အမျိုးသား လုပ်သား နည်းပါးကြတာကို သေချာ သတိထားကြည့်ရင် မြင်နိုင်ပါသည်။   “သတိ။ လမ်းပြင်နေသည်။ ဖြည်းဖြည်းမောင်းပါ” “သတိ။ တံတားပြင်နေသည်။ ဖြည်းဖြည်းမောင်းပါ” စတဲ့ ဆိုင်းဘုတ်တွေရဲ့ နောက်က လမ်းလုပ်သားတွေရဲ့ လုပ်ငန်းခွင်ကတော့ ပင်ပန်း ကြမ်းတမ်းလှပါသည်။ မိုးရွာ၊ နေပူ၊လေတိုက်၊ ဖုန်ထူ၊ အမိုးအကာမဲ့ လမ်းပေါ်မှာ လုပ်ရသော လုပ်ငန်းခွင်မို့ သူတို့ရဲ့ လုပ်ငန်းခွင်က တော်ရုံလုပ်သား ရေရှည်လုပ်နိုင်ဖို့ပင် မလွယ်လှပေ။ ထို့သို့ မလွယ်လှသော လုပ်ငန်းခွင်တွင် အဆင်ပြေ သက်သာနိုင်ဖို့  ခေါင်းပေါ်မှာပုဆိုး ဒါမှမဟုတ် တဘက် အဟောင်း တစ်ထည်ကို လုံအောင်ခြုံပြီးတော့ ခမောက်ထူထူ ဆောင်းတာမျိုး၊ အမျိုးသမီး လုပ်သားဆိုလျှင်တော့ သနပ်ခါး အထူကြီး လိမ်းထားပြီး နေဒဏ်၊ လေဒဏ်၊ မိုးဒဏ်ကို  ခံနိုင်အောင် တတ်နိုင်သမျှ ကာကွယ်ကြရလေ့ ရှိကြသည်။ မိုးတွင်းကာလဆိုလျှင် ရန်ကုန်-မန္တလေး အမြန်လမ်းမပေါ်က လမ်းလုပ်သားတွေအဖို့ မိုးဒဏ်ခံနိုင်ဖို့ တစ်ကိုယ်လုံး လွှမ်းခြုံနိုင်သော မိုးကာ ဝတ်ဆင်ကြပြီး တောစီးဘွတ်ဖိနပ် (တွတ်ပီဖိနပ်) မျိုးနဲ့ မိုးထဲလေထဲမှာ ရေရှည်လုပ်ငန်းခွင် ဝင်နိုင်ဖို့ ဝတ်ဆင်ကြရလေ့ ရှိသည်။ မိုးနည်းရပ်ဝန်း ကျွန်တော်တို့ အညာဘက်ဆီမှာတော့ လက်ရှည်ထူထူဝတ်၊ သနပ်ခါး ပါးကွက် အထူသားနဲ့  အပူဒဏ်ကို အံတုနေသော လမ်းလုပ်သားများကို လမ်းတကာမှာ တွေ့နိုင်ပါသည်။ လမ်းဖြတ်သွားရင်း ကျောက်ပန်းတောင်း လမ်းမပေါ်မှာ လမ်းခင်း ကျောက်သယ်နေတဲ့ မိန်းကလေးငယ်ကို မေးကြည့်တော့  သူတို့တွေဟာ ဒီလိုလမ်းဆိုက်တွေမှာ မိသားစုလိုက် လုပ်လေ့ရှိကြောင်း၊ တစ်နေရာမှ တစ်နေရာကူးရင် ဆိုက်ရှင်က ကားလို့ သူတို့ခေါ်လေ့ရှိတဲ့  ထော်လာဂျီ) နဲ့ လိုက်ပို့လေ့ရှိတယ်လို့ ရှင်းပြပါသည်။

လမ်းဘေး တစ်လျှောက်မှာလည်း လမ်းလုပ်သားတွေ နေလေ့ရှိတဲ့  မိုးကာတဲရှည်ကြီးတွေ ထိုးထားပြီး တဲရှေ့ကွင်းပြင်မှာ ကလေးငယ်တချို့ ဖိနပ်မပါပဲ ဆော့နေတာ တွေ့ရသည်။  တောင်ကြီး-မိတ္ထီလာ ကားလမ်းမပေါ်က လမ်းလုပ်သား တချို့ကတော့ သတင်းထောက်ဆိုတာ ဘာမှန်းမသိကြလို့ အမေးအဖြေ အဆင်မပြေ ဖြစ်ကြရဖူးသည်။ “မိုးဟေကို” လို ဂျာနယ်ထဲပါအောင် ထည့်ပေးမယ်ဆိုတော့ လမ်းလုပ်သား အမျိုးသမီး တချို့ကတော့ သဘောတကျ ရယ်မောကြသည်။ ဘာပဲပြောပြော ပင်ပန်းလှတဲ့  လမ်းမပေါ်က လုပ်သားတွေ ရယ်မော ပျော်ရွှင်အောင် ပြောနိုင်ခဲ့လို့ ကျေနပ်ခဲ့ရပါသည်။ သာစည်လမ်းမပေါ်က လမ်းလုပ်သား တချို့ကတော့ သတင်းထောက်ဆိုတဲ့ အဓိပ္ပာယ်လည်း နားလည်ပြီး သူတို့ကြုံခဲ့ရတဲ့ သရဲ တစ္ဆေ ဇာတ်လမ်းများကို ပြောပြလို့ စိတ်ရှည်လက်ရှည် နားထောင်ခဲ့ရသည်။ နေရာအနှံက လမ်းလုပ်သားတွေနဲ့ စကားပြောကြည့် ပြီးရင်တော့ သူတို့လုပ်ငန်းခွင် ပင်ပန်း ကြမ်းတမ်းတာ၊ အနေအစား ဆင်းရဲတာ၊ ကျန်းမာရေး စောင့်ရှောက်မှု မရှိသလောက် နည်းပါးပြီး ငယ်ငယ်ရွယ်ရွယ် အိမ်ထောင်ကျကြတာ၊ သား၊ သမီးများပြားတာနဲ့ ကလေးတွေ ပညာရေး စိတ်မဝင်စားတွေ အများစု တူညီကြတာကို တွေ့ရသည်။ “ခင်ဗျားဗိုက်က နဂိုပူလား အစားမှားလို့ ပူတာလားဗျ” လို့ စကားစကြည့်တော့ အမယ်လေး အသက် (၅၉) နှစ်ရှိပါပြီ။ နဂိုဗိုက်ပူတာပါတော်” လို့ ပြန်ပြောပြပါတယ်။ “ဒါဆို ခင်ဗျားက ကလေးမရှိ အပျိုကြီးပေါ့” လို့ ဆက်ပြောကြည့်တော့ “ကလေးက ကိုးယောက်မွေးပြီးပြီ။ ထပ်မွေးရင် တိုင်းပြည်က နှင်ထုတ်လိမ့်မယ်။ အကြီးဆုံး ကောင်မတောင် အသက် ၂၉ နှစ် ရှိပြီဆိုတော့ ဘေးကအဖော် တစ်သိုက်က တဟားဟား သဘောကျနေကြသည်။ “ခင်ဗျားကကော နေ့တွက် ဘယ်လောက်ရတုန်း” လို့  နောက်တစ်ယောက်ကို မေးကြည့်တော့ ကျွန်မက ကလေးနှစ်ယောက်လို့ ကျောက်ခဲတွေကို ဆန်ခါချနေတဲ့ အမျိုးသမီးက နားကြားလွဲဖြေပါတယ်။ “ကျွန်မတို့ က အင်းပက်လက်က လာလုပ်တာ။ တစ်ရက် ၂၅၀၀ ရတယ်။ နေ့ခင်း ၁၂ နာရီကနေ ၁ နာရီထိ ထမင်းစားနားရတယ်။ ယောကျ်ားလေးဆို ဈေးပိုတယ်။ တစ်ရက် ၃၀၀၀ ရတယ်။ သူတို့နဲ့ ကျွန်မတို့ လုပ်ရတာကျတော့ အတူတူပဲ” လို့ ဖုန်မှုန့်ကျောက်မှုန့်တွေ မဝင်အောင် စစ်တဘက်ဟောင်း တစ်ထည်နဲ့  မျက်နှာကို ဖုန်းထားတဲ့ လမ်းအလုပ်သမလေး မယဉ်မွန်က ဖြေပါသည်။ ဘေးကအဖော် အလုပ်သမ တစ်သိုက်ကတော့ ကျွန်တော်နဲ့ မယဉ်မွန် အမေးအဖြေကို စိတ်ဝင်တစ်စား ငေးမောနေကြသည်။ တစ်ရက်လုပ်အားခ မြန်မာငွေ ၂၅၀၀ ကျပ်ဆိုတော့ အမေရိကန် ဒေါ်လာနဲ့တွက်ရင် တစ်ရက်ကို နှစ်ဒေါ်လာကျော်ရသည့် သဘောဖြစ်သည်။
“လုပ်အားခ ပိုက်ဆံက ငါးရက်တစ်ကြိမ် ရှင်းတယ်။ ကျွန်မတို့ကရွာမှာ အလုပ်မရှိတဲ့ တစ်ခါတစ်ရံမှ လမ်းပေါ်လိုက်လုပ်တာ၊ သူတို့ကတော့  အမြဲတမ်း လမ်းဆိုက်တွေမှာ လိုက်လုပ်တာ၊ ဒီဘက်တစ်ကြော လမ်းဆိုက်တွေတော့ အကုန်လိုက် လုပ်ဖူးတယ်။ လမ်းပေါ် သိပ်မဝေးရင်တော့ ရွာကိုကားနဲ့ လာခေါ်၊ ညနေပြန်ပို့ပေးတယ်။ ဝေးရင်တော့ လမ်းဘေးတဲ ထိုးနေကြတယ်” လို့ မယဉ်မွန်က စကားဆက်ပြောရင်း အလုပ်မပျက်အောင် လမ်းခင်းကျောက် တချို့ကို ဆန်ခါနဲ့ တိုက်ချနေသည်။ ခင်ဗျားမေးတဲ့ နေ့ခင်းနေပူကြီးထဲ ကတ္တရာပုံးမပြီး ချတဲ့လူတွေလည်း ငွေလေးထောင် (အမေရိကန် ဒေါ်လာ သုံးဒေါ်လာကျော်) လောက်ရတာ။ အများကြီး ပိုမရဘူး။ သူတို့က အပေါ်ပူ။ အောက်ပူနဲ့ ပိုပင်ပန်းတယ်” လို့ အဖော်မိန်း ကလေးကလိုတာ ဆက်ထောက်ပေးသည်။ လမ်းမပေါ်မှာတော့ နေပူဒဏ်နဲ့ ကားလမ်းမ ဖြတ်သွားဖြတ်လာ ကားဆိုင်ကယ်တို့ဆီက ဖုန်မှုန့်၊ သဲမှုန့်တို့က မှုန်ဝါးလို့နေသည်။ “ဒီနှစ်အယ်လ်နီညို ဆိုတာကြားတယ်။ ရွာနားက ဖြတ်မယ်လို့လည်း ပြောကြတယ်” လို့လည်း  မလှိုင် -မိတ္ထီလာ လမ်းမပေါ်က လမ်းအလုပ်သမလေး မစုဟန်က ဗဟုသုတဖြစ်ဖွယ် ရှင်းပြသည်။ ဖုန်မှုန့်၊ သဲမှုန့်ဒဏ်ကြောင့် လည်ချောင်းထဲက ယားကျိကျိဖြစ်ရင်း ချောင်းတစ်ဟွတ်ဟွတ် မဆိုးဖြစ်အောင် ထိန်းနေရပေမယ့် လမ်းလုပ်သား တချို့ကတော့ အရယ်အမောတောင် မပြတ် အလုပ်လုပ်နေကြသည်။ မန္တလေး လမ်းဟောင်းပေါ်မှာ ခရီးသွားရင်းတွေ့တဲ့ လမ်းပြင်လုပ်သား တချို့ကို ရေသန့်ဘူးပေးရင်း စကားစမြည် ပြောကြည့်တော့ မနေ့ညက ကြည့်ခဲ့တဲ့ ဇာတ်လမ်းထဲမှာ မင်းသား စွမ်းဇာနည် ဆင်းရဲလို့  သနားစရာ ကောင်းတာကို လမ်းမထက်မှာ ကျောက်ခင်းရင်း ဖွဲ့နွဲ့ပြောကြတာ ကြားရတော့ ငိုရခက်၊ ရယ်ရခက် ဖြစ်ခဲ့ဖူးသည်။ လမ်းတကာ နေပူဒဏ်၊ လေပူဒဏ်တွေအောက်က သူတို့ဘဝလေးတွေ အေးချမ်းဖို့ စက်ကိရိယာ အကူအညီနဲ့ သက်သာဖို့ကတော့ ဒီခေတ် ဒီစနစ်နဲ့တော့ လောလောဆယ် မဖြစ်နိုင်သေးပေ။မြန်မာတွေမို့ ကိုယ်ကူညီနိုင်သလောက် ကူညီကြလေ့ရှိတဲ့ ဓလေ့အတိုင်း သက်သာရာ သက်သာကြောင်း ခရီးဝေး ဘုရားဖူးသွားကြရင်း လမ်းလုပ်သားအုပ်စု တွေ့ကြရင် ရေသန့်ဘူးလို၊ ခေါက်ဆွဲခြောက်လို စားသောက်စရာ ပေးဖို့ ဆောင်ထားလေ့ရှိတဲ့ ခရီးသွား တချို့လည်း ရှိကြပါသည်။ “ကိုယ်တောင် ကားပေါ်ထိုင်ရင်း ခရီးရှည်သွားရတာ ပင်ပန်းနေတာ၊ နေပူကြီးထဲ သူတို့ဘယ်လောက် ပင်ပန်းမလဲ ကိုယ်ချင်းစာတယ်လေ။ ဒါကြောင့် ရေသန့်ဘူးအေးတာ၊ ပန်းသီးအေးတာ ဆောင်ထားပြီး လမ်းပြင်နေတာ တွေ့ရင် ရပ်ပေးခဲ့တယ်။ သူတို့တွေ ဝမ်းသာသွားတာမြင်ရင် ကြည်နူးမိတယ်” လို့ ခရီးမကြာခဏ သွားလေ့ရှိတဲ့  မိတ္ထီလာမြို့က မနီလာဝင်းက ပြောပြပါသည်။ ဘာပဲပြောပြော ခရီးသွားတွေ အဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ဖို့ လမ်းခင်းကြသူများမို့ ဒီလုပ်ငန်းခွင်မှာ ပင်ပန်းပေမယ့် စိတ်ထားတတ်ရင် ကုသိုလ်ရကြမှာပါလို့ ပြောရင်း လမ်းလုပ်သားတိုင်း သဘောတကျ ပြုံးကြပါသည်။