ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိနေပြီး တာမွေမြို့နယ်တွင် ကျပ်သိန်း ၆၀ ကျော်တန်ဖိုးရှိ ဆေးပြားများ ထပ်မံဖမ်းမိ

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိနေပြီး တာမွေမြို့နယ်တွင် ကျပ်သိန်း ၆၀ ကျော်တန်ဖိုးရှိ ဆေးပြားများ ထပ်မံဖမ်းမိ
Published 5 March 2016
သီဟအောင်

ယခုရက်ပိုင်းအတွင်း ရန်ကုန်တိုင်း ဒေသကြီး၌ စိတ်ကြွရူးသွပ်ဆေးပြားများ ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိနေပြီး တာမွေမြို့နယ်တွင် မတ် ၄ ရက်က ကျပ်သိန်း ၆၀ ကျော်တန်ဖိုးရှိ ဆေးပြားများ ထပ်မံဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။မတ် ၄ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က မူးယစ်တပ်စုမှ ရဲအရာရှိများနှင့် တာမွေမြို့မရဲစခန်းမှ ရဲအရာရှိများ ပူးပေါင်း၍ တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် မဂ္ဂင်လမ်းနှင့် စိတ္တသုခလမ်းထောင့်တွင် စောင့်ဆိုင်းနေစဉ် သတင်းရရှိထားသည့် မဝတ်မှုံကျော် (ခ) မှုံကြီး (၄၁ နှစ်) နှင့် စည်သူဇော်ဝင်း (၃၅ နှစ်) တို့နှစ်ဦးအား တွေ့ရသဖြင့် ၎င်းတို့နှစ်ဦးအား ရှာဖွေစစ်ဆေးရာ မဝတ်မှုံကျော် (ခ) မှုံကြီး၏ ယာဘက်လက် အတွင်းမှ အနက်ရောင်ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ ပြား၊ အစိမ်းရောင်နှစ်ပြား စုစုပေါင်း ၂၀၀ ပြားစီပါ သုံးထုပ်ကိုလည်းကောင်း၊ စည်သူဇော်ဝင်းထံမှ လက်ကိုင်ဖုန်း တစ်လုံးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ဖမ်းဆီးရမိသူနှစ်ဦးအား ဆက်လက်စစ်ဆေးရာ ၎င်းတို့နေထိုင်သည့် တာမွေမြို့နယ် ကျားကွက်သစ်ရပ်ကွက် ဘယသုဒ္ဓိလမ်းရှိ နေအိမ်တွင် မူးယစ်ဆေးဝါးများ ကျန်ရှိနေကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။အဆိုပါ နေအိမ်သို့ သက်ဆိုင်ရာ တာဝန်ရှိသူများ သွားရောက်ရှာဖွေစစ်ဆေးရာ ယင်းနေအိမ်အတွင်းမှ အာလူးကြော်ထည့်သည့် စက္ကူဘူးဝိုင်းရှည်အတွင်းမှ အကြည်ရောင် ကပ်ခွာအိတ်ဖြင့်ထည့်လျက် ၈၈ တစ်ဖက်တွင် ၁ စာတမ်းပါ နီညိုရောင် စိတ်ကြွဆေးပြား ၂၉၀၊ အကြည်ရောင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၃၈၀၊ အကြည်ရောင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် WY စာတမ်းပါ လိမ္မော်ရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၈ ပြား၊ အစိမ်းရောင်နှစ်ပြား စုစုပေါင်း ၂၀၀ စီပါ လေးထုပ်နှင့် စည်သူဇော်ဝင်း အမည်ပါ မှတ်ပုံတင်တစ်ခုကို တွေ့ရှိခဲ့ရကြောင်း သိရသည်။ထို့နောက် ၎င်းတို့အား ဆက်လက်စစ်ဆေးရာ ဖမ်းဆီးရမိခဲ့သည့် စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်း ၂၀၇၀ အားဘရွှေဆိုသည့် အမျိုးသားတစ်ဦးထံမှ ဆေးပြားတစ်ပြားလျှင် ကျပ် ၃၀၀၀ နှုန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရပြီး စိတ်ကြွရူးသွပ်ဆေးပြား စုစုပေါင်းတန်ဖိုးကျပ် ၆၂၁၀၀၀၀ ဖြစ်ကြောင်း သိရသည်။“အခုအချိန်မှာတော့ ဖမ်းမိတဲ့သူတွေကို စစ်ဆေးနေပါတယ်။ အခြားကွင်းဆက်တွေကိုလည်း ဖမ်းဆီးရမိဖို့ ဆောင်ရွက်နေပါတယ်” ဟု ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။ဖမ်းဆီးရမိသည့် မဝတ်မှုံကျော် (ခ) မှုံကြီးနှင့် စည်သူဇော်ဝင်းတို့အား တာမွေမြို့မရဲစခန်းက (ပ) ၉/၂၀၁၆၊ မူး/စိတ် ပုဒ်မ ၁၅/၁၉ (က)/၂၁ တို့ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။မတ် ၂ ရက်က တောင်ဥက္ကလာပမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြား ၁၇၄၀၊ စုစုပေါင်း တန်ဖိုးကျပ် ၈၇ သိန်းတို့အပြင် အနက်ရောင် ကြွပ်ကြွပ်အိတ်အတွင်းမှ ဆေး ခြောက်ဟုယူဆရသည့် အရိုး၊ အရွက်ရောရော ၂၄ ဂရမ်ပါ တစ်ထုပ်၊ တန်ဖိုးကျပ် ၇၂၀၀ တို့အား ဖမ်းဆီးရမိကြောင်း သိရသည်။ထို့ပြင် မတ် ၃ ရက်တွင် တောင်ဥက္ကလာပမြို့နယ် (၁၃) ရပ်ကွက် (၃၈) လမ်းအတွင်းရှိ နိုင်ထွန်းဝင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နိုင်ထွန်းဝင်းနှင့်အတူ ထွန်းထွန်းဝင်းတို့အား တွေ့ရှိခဲ့ပြီး နိုင်ထွန်းဝင်းအိပ်သည့် အိပ်ခန်းအတွင်းမှ WY စာတမ်းပါ ပန်းနုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀၊ တန်ဖိုးကျပ် ၇၀၀၀၀၀ ခန့်၊ အကြည်ရောင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် ICE ဟုယူဆရသည့် အကြည်ရောင် အခဲငယ် သုည ဒသမ ၅ ဂရမ် တစ်ထုပ်၊ တန်ဖိုးကျပ် ၅၀၀၀၀ တို့ထပ်မံဖမ်းဆီး ရမိခဲ့သည်။ယင်းနေ့၌ပင် ဒဂုံမြောက်မြို့နယ်တွင်လည်း စိတ်ကြွရူးသွပ်ဆေးပြား ပြန်လည်ရောင်းချနေသူ တစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ထို့ပြင် မတ် ၃ ရက် ည ၁၀ နာရီခန့်က မရမ်းကုန်းမြို့နယ် အမှတ် (၂) ရပ်ကွက် မုဒိတာ အိမ်ရာဝင်းအတွင်း ဗဟိုလမ်း စီ/၂၀၈ ဆောင်ရှိ ပထမတိုက်ခန်းတွင် နေထိုင်သည့် အမျိုးသားငါးဦးနှင့် အမျိုးသမီးတစ်ဦးတို့ထံမှ  ကျပ်သိန်းပေါင်း ၃၀၀၀၀ ကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

Most Read

Most Recent