တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်တို့တွင် တစ်ရက်တည်း စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
မတ် ၃ ရက် ညနေ ၄ နာရီခန့်တွင် မူးယစ်တပ်စုမှ ရဲအရာရှိများနှင့် တောင်ဥက္ကလာပ မြို့မရဲစခန်းမှ ရဲအရာရှိများသည် မူးယစ်ဆေးဝါး နေအိမ်ဝင်ရောက်ရှာဖွေ ဖမ်းဆီးခွင့် ဝရမ်းဖြင့် တောင်ဥက္ကလာပမြို့နယ် ၁၃ ရပ်ကွက် ၃၈ လမ်းအတွင်းရှိ နိုင်ထွန်းဝင်း၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ နိုင်ထွန်းဝင်းနှင့်အတူ ထွန်းထွန်းဝင်းတို့အား တွေ့ရှိခဲ့ပြီး နိုင်ထွန်းဝင်းအိပ်သည့် အိပ်ခန်းအတွင်းမှ WY စာတမ်းပါ ပန်းနုရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၄၀ တန်ဖိုး ကျပ် ၇၀၀၀၀၀ ခန့် အကြည်ရောင် ကပ်ခွာအိတ်ဖြင့် ထည့်ထားသည့် ICE ဟု ယူဆရသည့် အကြည်ရောင် အခဲငယ် ၀ ဒသမ ၅ ဂရမ်တစ်ထုပ် တန်ဖိုး ကျပ် ၅၀၀၀၀၊ မီးကျွမ်းခဲပြားနှစ်ခု၊ ကော်ဘူး တစ်ဘူးအား ပိုက်နှစ်ချောင်းတပ်လျက် တစ်ခုနှင့် လက်ကိုင်ဖုန်းတစ်လုံး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် နိုင်ထွန်းဝင်းနှင့် ထွန်းထွန်းဝင်းတို့အား စစ်ဆေးရာ လွန်ခဲ့သည့် ငါးရက်ခန့်က ဒဂုံမြောက်မြို့နယ် အတွင်း၌ နေထိုင်သည့် ဆန်းလင်း (ခ) ဖက်တီးထံမှ စိတ်ကြွဆေးပြား ၂၀၀ ပါ တစ်ထုပ်အား ကျပ် ၂၅၀၀၀၀ ဖြင့်လည်းကောင်း၊ ICE တစ်ဂရမ်အား ကျပ် ၅၀၀၀၀ ဖြင့်လည်းကောင်း ဝယ်ယူခဲ့ကြောင်း သိရသည်။
အဆိုပါ ဖြစ်စဉ်မှ ဖမ်းဆီးရမိသည့် နိုင်ထွန်းဝင်းနှင့် ထွန်းထွန်းဝင်းတို့အား တောင်ဥက္ကလာပ မြို့မရဲစခန်းက မယ(ပ)၄/၂၀၁၆ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/ ၂၁ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ထို့နောက် ဆန်းလင်း (ခ) ဖက်တီးအား ဒဂုံမြောက်မြို့နယ် (၄၉) ရပ်ကွက် ရွှေနှင်းဆီ (၅) လမ်းရှိ ၎င်း၏နေအိမ်တွင် ရောက်ရှိနေသူ ကောင်းမြတ်ကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဆန်းလင်း (ခ) ဖက်တီး၏ နေအိမ်မှ WY စာတမ်းပါ ပန်းနုရောင် စိတ်ကြွရူးသွပ်ဆေးပြား ငါးပြား၊ ICE ဟုယူဆရသည့် အခဲငယ် အလေးချိန် ၀ ဒသမ ၁၅ ဂရမ်၊ မူးယစ်ဆေးဝါး သုံးစွဲလက်စ မီးကျွန်းခဲပြားရှည်တစ်ခု၊ စိတ်ကြွဆေးပြား အသုံးပြုရာတွင် အသုံးပြုသည့် ပိုက်တပ်ရေသန့်ဘူးငယ် တစ်ဘူးနှင့် မီးခြစ်တစ်လုံး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဆန်းလင်း (ခ) ဖက်တီးအား စစ်ဆေးရာ လွန်ခဲ့သည့် သုံးရက်ခန့်က ၎င်းသည် တာမွေမြို့နယ်တွင် နေထိုင်သည့် လင်မယား နှစ်ဦးထံမှ ဝယ်ယူလာခြင်း ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိရပြီး ယင်းလင်မယား နှစ်ဦးအား ဖမ်းဆီးရမိရန် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်မှ ဆန်းလင်း (ခ) ဖက်တီးနှင့် ကောင်းမြတ်ကျော်အား ဒဂုံမြောက်မြို့မ ရဲစခန်းက မယ (ပ) ၇/၂၀၁၆ မူး/စိတ်ပုဒ်မ ၁၅/၁၆ (ဂ)/၂၁ ဖြင့် အမှုဖွင့်ထားသည်။