လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ဆန္ဒပြရာတွင် ပါဝင်သည်ဟုဆိုကာ ဒေါက်တာ ဒေါ်မြတ်နုခိုင်အား ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မလေးခုဖြင့် စွဲချက်တင်ကြောင်း ဒဂုံမြို့နယ် တရားရုံးက အမိန့်ချ

လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ဆန္ဒပြရာတွင် ပါဝင်သည်ဟုဆိုကာ ဒေါက်တာ ဒေါ်မြတ်နုခိုင်အား ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မလေးခုဖြင့် စွဲချက်တင်ကြောင်း ဒဂုံမြို့နယ် တရားရုံးက အမိန့်ချ
Published 4 March 2016
ပြည့်ဖြိုးအောင်၊ နေမျိုးဝင်း

ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်အတွင်း လက်ပံတောင်းအရေး တရုတ်သံရုံးရှေ့ ဆန္ဒပြရာတွင် ပါဝင်သည်ဟုဆိုကာ ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မခုနစ်ဖြင့် တရားစွဲခံထားရသည့် ဒေါက်တာ ဒေါ်မြတ်နုခိုင်ကို မတ် ၄ ရက်တွင် ဒဂုံမြို့နယ် တရားရုံးတွင် ဆက်လက်ရုံးထုတ်ခဲ့သည်။ယင်းနေ့တွင် စွပ်စွဲခံထားရသည့် ဒေါက်တာ ဒေါ်မြတ်နုခိုင်အား ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈၊ ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၄၇ တို့ဖြင့် စွဲချက်တင်ကြောင်း ဒဂုံမြို့နယ် တရားသူကြီးက အမိန့်ချမှတ်ခဲ့သည်။“ဒီနေ့က ပုဒ်မခုနစ်ခုနဲ့ တရားစွဲထားတဲ့ အထဲက ပုဒ်မလေးခုနဲ့ စွဲချက်တင်ပါတယ်။ အဲဒီအထဲကမှ ပုဒ်မ ၁၈ နဲ့ပတ်သက်ပြီးတော့ ကိုယ်တိုင်ထွက်ဆိုမှု လုပ်ခဲ့တယ်။ပုဒ်မ ၁၈ နဲ့ကတော့ အန်တီမှာ အပြစ်ရှိတယ်လို့ မထင်ဘူး။ ပုဒ်မ ၁၈ ကလည်း ရှိသင့်တဲ့ပုဒ်မလည်း မဟုတ်ဘူးလေ။ တခြားစွဲချက်တင်တဲ့ ပုဒ်မတွေကို ကျူးလွန်တာ မဟုတ်တဲ့အတွက် အပြစ်မရှိပါဘူး” ဟု ဒေါက်တာ ဒေါ်မြတ်နုခိုင်က တရားရုံးချိန်းအပြီးတွင် ပြောကြားသည်။ထို့ပြင် ပုဒ်မ ၁၈ နှင့်ပတ်သက်၍  ဒေါက်တာ ဒေါ်မြတ်နုခိုင်က တရားရုံးသို့ ကိုယ်တိုင်ထွက်ဆိုမှု ပြုလုပ်ခဲ့ပြီးနောက် ရုံးချိန်းအား မတ် ၉ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ တရားရုံးက စွဲချက်တင်ထားသည့် ပုဒ်မများ ဆက်လက်စစ်ဆေးရန် စွပ်စွဲခံရသူဘက်မှ သက်သေအဖြစ် ကိုနေမျိုးဇင်၊ ဒေါ်နော်အုန်းလှ၊ ကိုတင်ထွဋ်ပိုင်၊ ဦးသန်းဆွေ၊ ဒေါ်စိန်ထွေး၊ ဒေါ်လေးလေးတို့ အပါအဝင် ကိုးဦးကို တရားရုံးသို့ တင်ပြထားကြောင်း သိရသည်။    ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်တွင် တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမည့် ဒေါက်တာ ဒေါ်မြတ်နုခိုင်အား တရုတ်သံရုံးရှေ့တွင် လက်ပံတောင်းအရေး ဆန္ဒပြရာ၌ ပါဝင်ခဲ့သည်ဟုဆိုကာ ဒဂုံမြို့နယ်တရားရုံးတွင် ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈၊ ပုဒ်မ ၁၄၇၊ ပုဒ်မ ၁၄၉၊ ပုဒ်မ ၁၅၂ ၊ ပုဒ်မ ၂၉၄၊ ပုဒ်မ ၃၅၃ တို့ဖြင့် ကနဦး တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။    အဆိုပါ တရားစွဲခံထားရမှုနှင့် ပတ်သက်၍ ဒေါက်တာ ဒေါ်မြတ်နုခိုင်က ၎င်းတွင်အပြစ်မရှိကြောင်း၊ တရုတ်သံရုံးရှေ့၌ ဆန္ဒပြရာတွင် မပါဝင်ခဲ့ဘဲ တရုတ်သံရုံး အရာရှိများ နားလည်အောင် အင်္ဂလိပ်စကားဖြင့် ဘာသာပြန်ပေးခဲ့ခြင်းသာ ဖြစ်သည်ဟု တရားရုံးတွင် ငြင်းဆိုထားကြောင်း မီဒီယာများအား ပြောကြားသည်။၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် ဒေါက်တာ ဒေါ်မြတ်နုခိုင်မှာ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်၌ တစ်သီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ကော်မရှင်၏ ခွင့်ပြုချက်ရရှိကာ ဝင်ရောက်ယှဉ်ပြိုင် အရွေးခံခွင့် ရရှိခဲ့သော်လည်း နိုဝင်ဘာလအတွင်းက ဖြူးမြို့နယ်၌ မဲဆွယ်စည်းရုံးစဉ် ဖမ်းဆီးခံခဲ့ရကာ တရားစွဲဆိုခံခဲ့ရကြောင်း သိရသည်။

Most Read

Most Recent