ကချင်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ (ပက်ဂျဆန်) နှင့် ဘိန်းစိုက်သူများ အခင်းဖြစ်ပွားမှု စုံခုံဖွဲ့ စစ်ဆေးနေ

ကချင်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ (ပက်ဂျဆန်) နှင့် ဘိန်းစိုက်သူများ အခင်းဖြစ်ပွားမှု စုံခုံဖွဲ့ စစ်ဆေးနေ
Published 2 March 2016
ထွန်းလင်းအောင်

ကချင်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ (ပက်ဂျဆန်)နှင့် ဘိန်းစိုက်သူများ အခင်းဖြစ်ပွားမှု မြစ်ကြီးနားမြို့ ပြည်နယ်ရဲတပ်ဖွဲ့တွင် မတ် ၁ ရက်မှ စတင်ကာ စုံခုံဖွဲ့ စစ်ဆေးနေကြောင်း သတင်းရရှိသည်။ယင်းစုံခုံဖွဲ့ စစ်ဆေးနေမှုကို ပြည်နယ် ရဲတပ်ဖွဲ့မှ ရဲမှူးကြီးက ဦးဆောင်ပြီး မီးသတ်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ လူဝင်မှု ကြီးကြပ်ရေး ဦးစီးဌာနတို့ စုပေါင်းကာ ကချင်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေးအဖွဲ့ (ပက်ဂျဆန်) နှင့် ဘိန်းခင်းစိုက်သူများကြား ဖြစ်ပွားခဲ့သော ပဋိပက္ခ ဖြစ်စဉ်အမှန် ပေါ်ပေါက်နိုင်ရေးအတွက် စစ်ဆေးနေခြင်း ဖြစ်ကြောင်း သိရသည်။ပြည်နယ်ရဲတပ်ဖွဲ့ရုံးမှ ပထမတန်း ရဲမှူးကြီး မြင့်ထူးက “အခု ပက်ဂျဆန်က ခေါင်းဆောင်တွေဖြစ်တဲ့ လူကိုးဦးကို ခေါ်ယူမေးမြန်း နေပါတယ်။ အရေးယူဖို့ မဟုတ်ပါဘူး။ ဖြစ်စဉ်အမှန် ပေါ်ပေါက်ရေးပါ။ စစ်ဆေးရမှာက ရွာသားဘက်က မျက်မြင်သက်သေတွေ၊ အုပ်ချုပ်ရေးပိုင်းက ပုဂ္ဂိုလ်တွေ၊ နောက်ပြီး ပြည်သူစစ် အဖွဲ့ဝင်တွေလည်း ပါပါတယ်။ ပြည်သူ့စစ်တွေကို စစ်ဆေးဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုလည်း ခွင့်ပြုချက် တောင်းထားပါတယ်” ဟု ပြောကြားသည်။ယနေ့ စစ်ဆေးမှုတွင် ပက်ဂျဆန် အဖွဲ့ဝင်များဖြစ်သည့် ခေါင်းဆောင် လေးဦးကို စစ်ဆေးခဲ့ကြောင်း သိရသည်။ ကချင်လူထု မူးယစ်တိုက်ဖျက်ရေး အဖွဲ့ဝင် ဦးဆိုင်းလီက “ဝေမိုးကျေးရွာမှာဖြစ်တဲ့ ပြဿနာကို ပါဝင်တဲ့ ခေါင်းဆောင်တွေ အားလုံးကို ခေါ်စစ်တာပါ။ ဒီနေ့မှာ လေးဦး လာပါတယ်။ မနက်ပိုင်း တိုက်ခိုက်ခံရတာက ရိုက်နှက်ခံရသူတွေပဲ ရှိတယ်။ ကူညီတဲ့ အဖွဲ့တွေက လမ်းမှာကို ခဲတွေ၊ သေနတ်တွေ၊ မိုင်းတွေနဲ့ တိုက်ခိုက်ခံရတာပါ” ဟု ပြောကြားသည်။ဖေဖော်ဝါရီ ၂၅ ရက်တွင် ဘိန်းခင်းများ ဖျက်ဆီးရန် သွားရောက်သည့် ပက်ဂျဆန် အဖွဲ့ကို ဘိန်းခင်းစိုက်သူများနှင့် ဒေသခံများက တူမီးသေနတ်၊ လက်လုပ်မိုင်းများဖြင့် တိုက်ခိုက်ခံခဲ့ရသည်။ ယင်းနံနက်ပိုင်းတွင် ဒဏ်ရာ မရရှိကြသော်လည်း နေလယ်ပိုင်းတွင် ယင်းတိုက်ခိုက်ခံရသည့် အဖွဲ့အား ကူညီရန် သွားရောက်သည့် ပက်ဂျဆန်အဖွဲ့မှ ကားများကို ကန်ပိုက်တီး လမ်းမပေါ်ရှိ ဝေမိုးကျေးရွာ အနီးတွင် တိုက်ခိုက်ခံရပြီး လူ ၃၀ ဒဏ်ရာ ရရှိခဲ့သည်။ ညနေပိုင်းတွင် ကန်ပိုက်တီး လမ်းမပေါ်ရှိ ဝေမိုးကျေးရွာတွင် ဘိန်းခင်းဖျက်သွားရာတွင် မောင်းထုတ်ရာမှ ပြန်လည်ရောက်ရှိခဲ့သော ပက်ဂျဆန်အဖွဲ့နှင့် နောက်ထပ်ရောက်လာသော ပက်ဂျဆန် အဖွဲ့များနှင့် ဒေသခံများ ပဋိပက္ခအသွင် ဖြစ်ပွားခဲ့သည်။ နှစ်ဖက် ပစ်ခတ်မှုများတွင် နေအိမ်တစ်လုံး၊ ကားလေးစီး၊ ဆိုင်ကယ်ငါးစီး မီးလောင်ပြီး ဆိုင်ကယ် အစီး ၂၀ ဖျက်ဆီးခံရကြောင်း သိရသည်။ဖေဖော်ဝါရီ ၂၅ ရက်တွင် ဖြစ်ပွားခဲ့သော ပဋိပက္ခနှင့် ပတ်သက်၍ ကချင်လူထု အခြေပြု မူးယစ်တိုက်ဖျက်ရေး အဖွဲ့က မိုင်းခွဲတိုက်ခိုက် ဒဏ်ရာ ရရှိမှု၊ လူစုလူဝေးဖြင့် ခြိမ်းခြောက် ရိုက်နှက်မှု၊ ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ မီးရှို့ဖျက်ဆီးမှု စသည့် အမှုသုံးမှုဖြင့် အမှုဖွင့်ထားပြီး ဒေသခံများက ပက်ဂျဆန် အဖွဲ့အား နေအိမ်မီးရှို့မှု၊ ပြည်သူ့စစ် အဖွဲ့ဝင် တစ်ဦးအား ဖမ်းဆီးရိုက်နှက်မှု အမှုနှစ်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။   

Most Read

Most Recent