ခရီးသည်ကို ဓားထောက်ခြိမ်းခြောက်ပြီး ငွေလုယက်သွားသည့် အငှားယာဉ်မောင်းနှင့် အပေါင်းပါတစ်ဦးအား ဖမ်းမိ

ခရီးသည်ကို ဓားထောက်ခြိမ်းခြောက်ပြီး ငွေလုယက်သွားသည့် အငှားယာဉ်မောင်းနှင့် အပေါင်းပါတစ်ဦးအား ဖမ်းမိ
Published 1 March 2016
သန့်ဇင်ကျော်

မရမ်းကုန်းမြို့နယ်တွင် ခရီးသည်အား ဓားထောက်ခြိမ်းခြောက်ပြီး ငွေလုယက်သွားသည့် အငှားယာဉ်မောင်းနှင့် အပေါင်းအပါ တစ်ဦးတို့အား ဖမ်းဆီးရမိပြီဖြစ်ကြောင်း သက်ဆိုင်ရာ ရဲစခန်းမှ မတ် ၁ ရက်တွင် စုံစမ်းသိရှိရသည်။ဖေဖော်ဝါရီ ၂၉ ရက် နံနက် ၂ နာရီ အချိန်ခန့်က သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏ၊ (၂၃)ရပ်ကွက်နေ ဦးခွန်မိုင်းမိုင်းနောင် (၅၈ နှစ်) သည် ၎င်း၏ သူငယ်ချင်းသုံးဦးနှင့်အတူ အလုံလမ်းမှ သမိုင်းဘူတာရုံလမ်းသို့ အငှားယာဉ်တစ်စီးအား ငှားရမ်းစီးနင်းခဲ့ပြီး အဆိုပါ အငှားယာဉ်၏ နောက်ဖုံးအတွင်း၌ အခြားအမျိုးသားတစ်ဦး လိုက်ပါလာခဲ့ကြောင်း သိရသည်။ငှားရမ်းစီးနင်းလာပြီး ဦးခွန်မိုင်းမိုင်းနောင်၏ သူငယ်ချင်းတစ်ဦးမှာ သမိုင်းဘူတာရုံလမ်းတွင်လည်းကောင်း၊ ကျန်တစ်ဦးမှာ လှိုင်မြို့နယ် အောင်ဓမ္မရိပ်သာလမ်းတွင်လည်းကောင်း အသီးသီးအငှားယာဉ်ပေါ်မှ ဆင်းသွားခဲ့ကြပြီး ကျန်တစ်ဦးအား မြောက်ဥက္ကလာပမြို့နယ်၊ သန္တာလမ်းထိပ်သို့လိုက်ပါ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ထိုသို့ လိုက်ပါပို့ဆောင်ပေးပြီးနောက် ၎င်းမှသုဝဏ္ဏဘက်သို့ အဆိုပါအငှားယာဉ်အား ဆက်လက်ငှားရမ်းခဲ့ပြီး ကားမှာ သုဝဏ္ဏဘက်သို့မမောင်းဘဲ ဘုန်းကြီးလမ်းဘက်သို့ ချိုးကွေ့လိုက်သဖြင့် ဦးခွန်မိုင်းမိုင်းနောင်က “ဘယ်သွားတာလဲ” ဟု မေးမြန်းရာ ယာဉ်မောင်းက စံပြဈေးဘက်မှ သွားမည်ဖြစ်ကြောင်းပြောသဖြင့်  ပုံမှန်လမ်းအတိုင်း မောင်းသွားရန် ပြန်ပြောခဲ့ကြောင်း သိရသည်။ယင်းသို့ပြောသဖြင့် ယာဉ်မောင်းက သံသုမာလမ်းဘက်မှ ဂန္ဓမာလမ်းဘက်သို့ ပြန်လည်ချိုးကွေ့ မောင်းနှင်ခဲ့ပြီး တောင်ဥက္ကလာပဂေါက်ကွင်းအနီး အမှောင်ရိပ်အရောက်တွင် ကားအားအရှိန်လျှော့မောင်းခဲ့ကြောင်း၊ ယင်းနောက် ယာဉ်မောင်းက ဓားအတိုတစ်ချောင်း ကိုင်ပြီး ဦးခွန်မိုင်းမိုင်းနောင်ကို ခြိမ်းခြောက်၍ ငွေကျပ် ၃၀၀၀၀၀ ကျော်နှင့် လက်ကိုင်ဖုန်းတို့အား လုယူခဲ့ကြောင်း သိရသည်။လုယူနေစဉ် ယာဉ်မောင်းက ယာဉ်နောက်ဖုံးတွင်လိုက်ပါလာသည့် လူငယ်ကို “ဟ့ကောင် ကြိုးနဲ့ချည်လိုက်”ဟုပြောစဉ် ယာဉ်၏ယာဘက်အရှေ့ခြမ်းမှာ ကန်စွန်းမြောင်းထဲသို့ကျသွားခဲ့ပြီး ယာဉ်တံခါးပွင့်ကာ ယာဉ်မောင်းမှာ ယာဉ်၏အပြင်သို့ လွင့်ကျ သွားခဲ့ကြောင်း သိရသည်။ထိုသို့ ယာဉ်မောင်းအပြင်သို့ လွင့်ကျသွားစဉ် ဦးခွန်မိုင်းမိုင်း နောင်မှာ ရုန်းကန်၍ ယာဉ်အပြင်သို့ပြေးထွက်ကာ ပတ်ဝန်းကျင်သို့ အကူအညီတောင်းခံခဲ့ပြီး ရဲစခန်းသို့ ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သိရသည်။“ကားအရှိန်လျှော့လိုက်တဲ့အချိန်မှာ ယာဉ်မောင်းဘက်ကအခြမ်းက ကန်စွန်းမြောင်းထဲကို ကျသွားတယ်။ အဲဒီအချိန်မှာ ယာဉ်မောင်းဘက်ကတံခါးက ပွင့်ပြီးတော့ ယာဉ်မောင်းက ကားထဲက ထွက်ကျသွားတာဖြစ်ပါတယ်။ လုယက်မှုကျူးလွန်တဲ့ယာဉ်မောင်းနဲ့ အပေါင်းပါတစ်ဦးကိုတော့ အခင်းဖြစ်တဲ့နေရာမှာပဲ ဖမ်းမိပါတယ် ” ဟု မရမ်းကုန်းမြို့ မရဲစခန်းမှ စခန်းမှူးဒုရဲမှူးဇော်ထွန်းက ပြောကြားသည်။ဖမ်းဆီးရမိခဲ့သည့် ကျူးလွန်သူနှစ်ဦးအားစစ်ဆေးရာ ယာဉ်မောင်းမှာ တာမွေမြို့ နယ်၊ မေတ္တာညွန့်ရပ်ကွက်နေ လှဝင်း (ခေါ်) တရုတ်နှင့် သင်္ဃန်းကျွန်းမြို့နယ်၊ ငမိုးရိပ်ရပ်ကွက်နေ မြတ်လင်းအောင် (၁၉ နှစ်) တို့ဖြစ်ကြောင်းသိရပြီး ၎င်းတို့အား မရမ်းကုန်းမြို့မ ရဲစခန်းက (ပ)၂၄၈/၁၆ ပြစ်မှုပုဒ်မ ၃၈၂/ ၁၁၄ ဖြင့် အမှုဖွင့်ကာဖမ်းဆီး၍ ဆက်လက်စစ်ဆေးလျက်ရှိကြောင်း သိရသည်။      

Most Read

Most Recent