ရန်ကုန်ဆေးရုံကြီးအနီးရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေတွင် ပုဂ္ဂလိကဆေးရုံ ဆောက်လုပ်ရန် နှစ်ရှည်ငှားရမ်းလုပ်ကိုင်ခွင့် ပေးလိုက်ခြင်းအား လုံးဝဖျက်သိမ်းပေးပါရန် မကွေးဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ကာ တောင်းဆိုထားကြောင်း သိရသည်။အဆိုပါ ထုတ်ပြန်ချက်တွင် “ရန်ကုန်မြို့ ဗိုလ်ချုပ်လမ်းနှင့် ပြည်လမ်းထောင့်တွင် တည်ရှိသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆောက်လုပ်ရန် လျာထားသည့်မြေနေရာကို စင်ကာပူနိုင်ငံမှ Parkway Group အပါအဝင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များကို နှစ်ပေါင်း ၅၀ ကြာ ငှားရမ်းလုပ်ကိုင်ခွင့် ပေးလိုက်ကြောင်း သိရပါသည်။ အဆိုပါ မြေနေရာမှာ ပြည်သူ့ဆေးရုံသစ် တိုးချဲ့ဆောက်လုပ်ရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဆွေးနွေးထားခဲ့ပါသည်။ သို့သော် ယခုလက်ရှိ တာဝန်ထမ်းဆောင်နေဆဲ အစိုးရက အာဏာမလွှဲပြောင်းခင် ကြားကာလတွင် ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များကို ယခုကဲ့သို့ ငှားရမ်းလုပ်ကိုင်ခွင့် ပေးလိုက်ခြင်းအတွက် မြန်မာပြည်သူများ မှီခိုအားထားရသည့် ပြည်သူ့ဆေးရုံ ဖြစ်မလာနိုင်တော့ပါ။ ယင်းကြောင့် ယခုလက်ရှိအစိုးရ၏ ပွင့်လင်းမြင်သာမှုမရှိသည့် လုပ်ရပ်ကို မကွေးဆေးတက္ကသိုလ် ကျောင်းသားသမဂ္ဂက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါသည်။ ယင်းအတွက်ကြောင့် မကွေးဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး မကွေးဆေးတက္ကသိုလ် အတန်းအသီးသီးတွင် ကန့်ကွက်လက်မှတ်များ ကောက်ခံခဲ့ပါသည်။ ရရှိလာသည့် ကန့်ကွက်လက်မှတ်များကို ကျန်းမာရေးမိသားစုများနှင့် ချိတ်ဆက်ပြီး လွှတ်တော်သုံးရပ် ဥက္ကဋ္ဌများ၊ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ နိုင်ငံတော်သမ္မတ၊ ကျန်းမာရေးဝန်ကြီး၊ ဥပဒေရေးရာ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကျန်းမာရေးကော်မတီဥက္ကဋ္ဌတို့ထံ ပေးပို့ခဲ့ပါသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တိုးချဲ့ဆောက်လုပ်ရန် လျာထားသည့်မြေနေရာကို ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များအတွက် နှစ်ပေါင်း ၅၀ ကြာ ငှားရမ်းလုပ်ကိုင်ခွင့် ပေးလိုက်ခြင်းအား လုံးဝဖျက်သိမ်းပေးပါရန် မကွေးဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂမှ တောင်းဆိုလိုက်ပါကြောင်း” ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ကျန်းမာရေးဝန်ကြီးဌာနပိုင် မြေကွက်တွင် ပုဂ္ဂလိကဆေးရုံ ဆောက်လုပ်ရန် နှစ်ရှည်ငှားရမ်းမှုအပေါ် အပြီးသတ်ရပ်ဆိုင်းပေးရန် ပါမောက္ခဆရာဝန်ကြီးများ၊ ဖဲကြိုးနက်ဆရာဝန်များ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ စုပေါင်းကန့်ကွက်ထားသည့် လက်မှတ်များကို သက်ဆိုင်ရာဌာနများထံ ဖေဖော်ဝါရီ ၂၇ရက်က တင်ပြခဲ့ပြီး ဖြစ်သည်။ကန့်ကွက်လက်မှတ်များကို နေရာဒေသအသီးသီးရှိ ကျန်းမာရေးဝန်ထမ်းများက လက်မှတ်ရေးထိုး ကန့်ကွက်ခဲ့ရာ ပါမောက္ခဆရာဝန်ကြီးများ၊ ဆရာဝန်၊ သူနာပြု၊ သားဖွား၊ ဆေးကျောင်းသား/သူများ စသည်တို့ ပါဝင်ကြောင်းနှင့် ကန့်ကွက်လက်မှတ် ၁၀၀၀ ခန့် ပါဝင်ကြောင်းလည်း သိရသည်။ကန့်ကွက်လက်မှတ်များကို နိုင်ငံတော်သမ္မတ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သက်ဆိုင်ရာ မြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျန်းမာရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်များ အပါအဝင် နေရာ ၂၂ နေရာသို့ တင်ပြခဲ့ကြောင်း သိရသည်။
ရန်ကုန်ဆေးရုံကြီးအနီးရှိ ကျန်းမာရေးဝန်ကြီးဌာနပိုင်မြေတွင် ပုဂ္ဂလိကဆေးရုံ ဆောက်လုပ်ရန် နှစ်ရှည်ငှားရမ်း လုပ်ကိုင်ခွင့်ပေးလိုက်ခြင်းအား လုံးဝဖျက်သိမ်းပေးပါရန် မကွေးဆေးတက္ကသိုလ်ကျောင်းသားသမဂ္ဂက တောင်းဆို















