ပုံဖျက်ခံလိုက်ရသော အမှန်တရားများနှင့် Facebook ကျိန်စာ

ပုံဖျက်ခံလိုက်ရသော အမှန်တရားများနှင့် Facebook ကျိန်စာ
Published 28 February 2016
နရီမင်း

၂၀၁၅ ခုနှစ် စက်တင်ဘာ ၂၆ ရက်တုန်း က ဂျာမနီဝန်ကြီးချုပ် အင်ဂျလာမာကယ်နဲ့ Facebook စီအီးအို မက်ဇက်ကာဘတ်တို့ဟာ ကုလသမဂ္ဂဆွေးနွေးပွဲနဲ့ ဆက်နွှယ်ပြီးပြုလုပ်တဲ့ နယူးယောက်က နေ့လယ်စာ စားပွဲတစ်ခုမှာ တွေ့ကြပါတယ်။ အဲ့ဒီမှာ ဥရောပခေါင်းဆောင် မာကယ်က အမုန်းတရားကို လှုံ့ဆော်တဲ့ပို့စ်တွေ Facebook ကနေတစ်ဆင့် ဖြန့်ချိနေတာနဲ့ ပတ်သက်ပြီး ဇက်ကာဘတ်ကို ဖိအားပေးခဲ့ပါတယ်။ လူမျိုးရေးခွဲခြားတဲ့ပို့စ်တွေ ဖြန့်ချိနေတဲ့ကိစ္စကို ဂျာမနီက ဆန့်ကျင်ပြီး ဖိအားပေးတာကို ရည်ညွှန်းလို့ ဇက်ကာဘတ်က “ကျွန်တော်တို့ တချို့ကိစ္စတွေ လုပ်ဖို့လိုပါတယ်”လို့ ပြောခဲ့ပါတယ်။ဂျာမနီနိုင်ငံက ဆီးရီးယားဒုက္ခသည်တွေ အများကြီးကို လက်ခံလိုက်တဲ့ ကာလအတွင်း မှာ ဂျာမနီနိုင်ငံအတွင်း ရွှေ့ပြောင်းအခြေချလာသူတွေကို ဆန့်ကျင်တဲ့ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကို တွေ့နေရတဲ့ မာကယ်က “မင်း ဒီကိစ္စနဲ့ပတ်သက်ပြီး လုပ်မှာလား”လို့ ထပ်မေးပါတယ်။ အဲဒီနေ့က စပီကာကနေ လာတဲ့အသံက သူတို့စကားတွေကို မကြားရတော့အောင် ဖုံးမသွားခင် ဇက်ကာဘတ်က “ဟုတ်ကဲ့”လို့  ပြန်ဖြေသံကိုတော့ ကြားလိုက်ရတယ်လို့ ဆိုကြပါတယ်။နောက်တော့ Facebook ကုမ္ပဏီက ပြောရေးဆိုခွင့်ရှိသူ ဒက်ဘီဖရော့စ်က “ဒီ အရေးကြီးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဂျာမနီအစိုးရနဲ့ ရင်းရင်းနှီးနှီး လက်တွဲဆောင်ရွက်သွားမယ်”လို့ Bloomberg မီဒီယာကို ပြောခဲ့ပါတယ်။မာကယ်ရဲ့ဆန္ဒကတော့ Facebook  ပေါ်က အချက်အလက်တွေနဲ့ ပတ်သက်ပြီး Facebook ကုမ္ပဏီကို ပိုပြီးထိန်းချုပ်မှုတွေ လုပ်ဖို့လိုလားတာပါ။ မာကယ်ဟာ အရင်ကလည်း တင်းမာမှုတွေ အကြမ်းဖက်မှုတွေ ဖြစ်ပွားမှုဟာ ဇက်ကာဘတ်ရဲ့ Facebook  နဲ့ ပတ်သက်နေတယ်လို့ ထောက်ပြခဲ့ဖူးပါတယ်။အဲဒီမတိုင်ခင်က မာကယ်ဟာ “လူတွေက သူတို့နာမည်အမှန်ကို အသုံးပြုပြီး လူမှုကွန်ရက်တွေပေါ်မှာ အကြည်ညိုပျက်စေမှုတွေ လှုံ့ဆော်တဲ့အခါ ဒါကို အရေးယူဖို့ နိုင်ငံတော်မှာပဲ တာဝန်ရှိတာမဟုတ်ဘူး။ Facebook  ဟာ ကုမ္ပဏီတစ်ခုအနေနဲ့ ဒီကိစ္စတွေကို တိုက်ဖျက်ဖို့ တစ်စုံတစ်ရာ လုပ်ဆောင်သင့်ပါတယ်”လို့  Rheinische Post သတင်းဌာနကို ပြောခဲ့တယ်။ဂျာမနီဟာ နည်းပညာကုမ္ပဏီ အများအပြား အခြေစိုက်တဲ့ အမေရိကန်ထက်စာရင် လွတ်လပ်စွာ ပြောဆိုခွင့်နဲ့ ပတ်သက်တဲ့ ဥပဒေအပေါ် အများကြီးပိုလို့ တင်းကျပ်ထားခဲ့တယ်။ ဥပမာပြောရရင် နာဇီသင်္ကေတတွေ နဲ့ တခြားဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့မညီတဲ့ အဖွဲ့တွေရဲ့ သင်္ကေတတွေကို ပိတ်ပင်ထားခဲ့တယ်။မာကယ်နဲ့ ဇက်ကာဘတ်တို့ တွေ့ဆုံခဲ့ပြီးတဲ့နောက်ပိုင်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှာတော့ ဝါရှင်တန်ပို့စ်က ဆောင်းပါးတစ်စောင်ကို တွေ့လာရတယ်။ သူက ဇက်ကာဘတ်ဟာ ဒေါ်လာ ၄၅ ဘီလျံလောက် လှူချင်တယ်လို့ ကြေညာခဲ့တဲ့အတွက် အဲဒီဆောင်းပါးရှင် အန်နီအက်ပဲဘမ်းက အဲဒီငွေတွေကို ဘယ်လို သုံးသင့်သလဲဆိုပြီး အကြံပြုထားတာပါ။ သူက ကမ္ဘာတစ်လွှားမှာ Facebook နဲ့ တခြားလူမှုမီဒီယာ ပုံသဏ္ဌာန်အမျိုးမျိုးကြောင့်ဖြစ်ရတဲ့ ကြောက်ခမန်းလိလိ ထိခိုက်မှုတွေကို ဖော်ထုတ်ဖို့ ဒီမိုကရေစီနည်းကျငြင်းခုံပွဲတွေ၊ အရပ်ဘက်ဆိုင်ရာ ဆွေးနွေးပွဲတွေ လုပ်ရာမှာ ဇက်ကာဘတ်ရဲ့ငွေတွေကို သုံးသင့်တယ်လို့ အကြံပြုထားတာပါ။ဒီမိုကရေစီအားနည်းတဲ့န နိုင်ငံတွေဟာ Facebook  ရဲ့ကျိန်စာကို အခံရဆုံး နိုင်ငံတွေပါပဲ။ ဒီမိုကရေစီအားနည်းတဲ့ နိုင်ငံတွေမှာ အစိုးရဝါဒဖြန့်ချိရေးမီဒီယာတွေကလွဲပြီး ပင်မရေစီးမီဒီယာတွေဟာ လုံး၀ အားမကောင်းပါဘူး။ တချို့နိုင်ငံတွေမှာဆို လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာရယ်လို့ လုံးလုံးကို မရှိပါဘူး။ မြန်မာနိုင်ငံမှာ မကြာသေးမီက စာပေစိစစ်ရေးကို ဖယ်ရှားပြီး အထိုက်အလျောက် လွတ်လပ်ခွင့်ပေးခဲ့တယ် ဆိုပေမယ့် လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာတစ်ခုဟာ နိုင်ငံရေးအကျပ်အတည်းတွေနဲ့ စီးပွားရေးအကျပ်အတည်းတွေကြားမှာ မလူးသာမလွန့်သာအောင် ညှပ်ပိတ်ခံထားရမှာပါ။ပင်မရေစီးမီဒီယာတွေ အားမကောင်းတဲ့အခါ အစိုးရဝါဒဖြန့်ချိရေး မီဒီယာတွေကိုလည်း ငြီးငွေ့စိတ်ကုန်နေတဲ့ လူတွေဟာ Facebook  လို လူမှုမီဒီယာတွေကို အားပြုလာပါတယ်။ အဲဒီမှာ အမုန်းတရားကို လှုံ့ဆော်မှုတွေအပြင် သတင်းတွေကို တမင်ပုံဖျက် ဖော်ပြမှုတွေကို မူမမှန်တဲ့ ရည်ရွယ်ချက်တွေနဲ့ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လာကြတယ်။ ဒီတော့ ဒီလိုအနေအထားမျိုးမှာ နိုင်ငံတစ်နိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးကို တည်ဆောက်ဖို့ဆိုတာ လုံးဝခက်ခဲသွားပါပြီ။ဆင်းရဲတဲ့ ဒီမိုကရေစီနိုင်ငံတွေဟာလည်း အလားတူ အကျိုးဆက်တွေကို ခံကြရပါတယ်။ ဆင်းရဲတဲ့နိုင်ငံတွေမှာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာတွေ ရပ်တည်ဖို့ ခက်ခဲပါတယ်။ အဲဒီလို မီဒီယာတွေလုပ်ဖို့ဆိုတာ ငွေရင်းငွေနှီး များလွန်းလှတဲ့အပြင် အင်တာနက်ကလည်း ကြော်ငြာဈေးကွက်ကို ဖျက်ပစ်ခဲ့ပါတယ်။ ဒီကြားထဲ မူမမှန်တဲ့ အစိုးရတွေက ပွင့်လင်းမြင်သာမှုကို မလိုလားတာမို့ မီဒီယာတွေအပေါ် ဖိအားအမျိုးမျိုးကလည်း ပေးသေးတယ်။ တကယ်တော့ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ မီဒီယာတွေပျောက်ဆုံးခြင်းဟာ ပြည်သူတွေရဲ့အသံတွေ ပျောက်ဆုံးသွားခြင်းပါပဲ။ အမှန်တရား ပျောက်ဆုံးသွားခြင်းပါပဲ။အဲဒီလို ပျောက်ဆုံးသွားတဲ့အခါ အမှန်တရားကို ပုံဖျက်ထားတဲ့ မူကွဲအမျိုးမျိုးတွေက လူမှုမီဒီယာတွေပေါ် ဟိုကဒီကနေ တက်လာကြပါလေရော။ မနေ့က အမှန်တကယ်ဖြစ်ခဲ့တာက ဘာလဲဆိုတာ လူတွေသိဖို့ ခက်ခဲသွားတဲ့အခါ၊ နောက်ကွယ်က မသမာသူ လက်မည်းကြီးတွေ ကျောထောက်နောက်ခံ ပြုပေးထားတဲ့ သတင်းဆိုက်တွေကနေ အတုအယောင် သတင်းတွေ၊  လုပ်ကြံဖန်တီးထားတဲ့ သတင်းတွေနဲ့ လိမ်လည်လှည့်ဖျားထားတဲ့ သတင်းတွေ၊ အွန်လိုင်းမှာ ပေါ်လာတဲ့အခါ လျှို့ဝှက် ပူးပေါင်းကြံစည်မှုတွေဟာ တကယ့်အမှန်တရားတွေလို ဖြစ်လာပါလိမ့်မယ်။ ကလိမ်ကကျစ် နိုင်ငံရေးသမားတွေကိုလည်း သူတို့က လက်ခုပ်တီးပေးဖို့ ငှားထားတဲ့လူတွေက ဝိုင်းဝန်းထောက်ခံလို့ ကျောထောက်နောက်ခံ ပြုပေးကြပါလိမ့်မယ်။ဒီလို လုပ်ကြံဖန်တီးမှုတွေ လုပ်ကြသူ အများအပြားဟာ ဒေါ်နယ်ထရန့်က ရွေးကောက်ပွဲ မဲဆွယ်ဖို့လုပ်တာမျိုး ဒါမှမဟုတ် IS အဖွဲ့က လူသစ်စုဆောင်းဖို့ လုပ်တာမျိုးတွေလို နိုင်ငံရေးရည်ရွယ်ချက်တွေနဲ့ လုပ်ကြတာပါ။ ဒီလို သတင်းအချက်အလက် အမှန်တွေကို ပုံဖျက်ပစ်လိုက်တာမျိုးဟာ ရေရှည်မှာ ပိုလို့တောင်ဆိုးရွားတဲ့ သက်ရောက်မှုတွေ ရှိလာပါတယ်။ ဒါတွေကြောင့် အရာရာကို အဆိုးမြင်ခြင်းနဲ့ ဘာကိုမှ စိတ်ဝင်စားမှုမရှိတော့ခြင်းတွေက လူတွေကို လွှမ်းမိုးသွားပါတယ်။ ဘယ်သူတွေကမှ ဘာကိုမှ မယုံကြည်တော့တဲ့ အနေအထားတစ်ရပ်ကို ဆိုက်ရောက်သွားနိုင်ပါတယ်။ လူတွေဟာ သူတို့ ဖတ်ရသမျှ ဘာကိုမှ မယုံကြည်ကြတော့တဲ့ အတွက် ဒေါ်နယ်ထရန့်ရဲ့ မုသားတွေ၊ ဗလာ ဒီမာပူတင်ရဲ့ မုသားတွေနဲ့ IS အဖွဲ့ရဲ့ မုသားတွေ အစရှိတာတွေဟာ ဘာမှအကြောင်းမဟုတ်တော့ဘူးလို့တော့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ လူမှုမီဒီယာတွေပေါ်မှာ အမှိုက်သရိုက် သတင်းအချက်အလက်တွေသာ များပြားလွန်းလှတာမို့ ဘယ်အရာက အမှန်တရားလဲလို့ မသိနိုင်တော့ခြင်းဟာ လူတွေရဲ့ မျက်စိတွေ နားတွေကို ပိတ်ပစ်လိုက်ခြင်းနဲ့ အတူတူပါပဲ။ဒါနဲ့ပတ်သက်ပြီး ဘာလုပ်ရမယ်ဆိုတာ ဘယ်သူမှ မသိသေးပါဘူး။ ဒါတွေဒီလို ဖြစ်နေတယ်ဆိုတာနဲ့ ဒါတွေကြောင့် ဘယ်လိုသက်ရောက်မှုတွေ ရှိနေတယ်ဆိုတာတောင်  သိကြတဲ့သူ နည်းပါတယ်။ ဂျာနယ်လစ်တွေ၊ ပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံရေးသမားတွေအနေနဲ့ လူထုငြင်းခုံမှုတွေဆီ အမှန်တရားကို ဘယ်လိုပြန်ပြီး ဆောင်ကြဉ်းပေးမလဲဆိုတာကို ဆွေးနွေးဖော်ထုတ်နိုင်ဖို့ အားပေးတိုက်တွန်းမှုတွေ လိုပါတယ်။ ကျောင်းတွေမှာ မီဒီယာတွေနဲ့ ပတ်သက်ပြီး အသိပညာပေးမှုတွေ လိုအပ်နိုင်ပါတယ်။ သတင်းဝက်ဘ်ဆိုက်တွေနဲ့ ပတ်သက်ပြီး တိကျမှုအညွှန်းကိန်း ထုတ်ပြန်မှုတွေကို လွတ်လပ်တဲ့အဖွဲ့အစည်းတွေက လုပ်ဆောင်နိုင်ဖို့လည်း လိုအပ်ပါတယ်။ လျှို့ဝှက်ပူးပေါင်းကြံစည်သူတွေရဲ့ သဘောထားတွေကို နားလည်ဖို့နဲ့ ဖော်ထုတ်နိုင်ဖို့လည်း လိုအပ်ပါလိမ့်မယ်။