ညောင်တုန်းမြို့ ပန်းလှိုင်မြစ်နှင့် ဧရာဝတီမြစ်ဆုံရာနေရာတွင် သဘာဝအလျောက် ဖြစ်ပေါ်နေသည့် သောင်ပြင်နေရာတွင် နှစ်စဉ် မြစ်ရေကျချိန်တိုင်း တည်ဆောက်ဖွင့်လှစ်ထားသည့် ညောင်ချောင်းသာ (ရန်ကင်းသာ) ကမ်းခြေကို ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မြစ်ရေကြီးမှုဖြစ်စဉ်များ ဖြစ်ပေါ်လာပါက အရေးပေါ်ဆောင်ရွက်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားလျက်ရှိကြောင်း သတင်းရရှိသည်။နှစ်စဉ် အပန်းဖြေစခန်း ဖွင့်လှစ်ချိန်တိုင်း ခရီးသွားအပန်းဖြေသူ အများအပြား လာရောက်လေ့ရှိသည့် ညောင်ချောင်းသာ ကမ်းခြေကို ဖွင့်ပွဲအဖြစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း၊ ဖွင့်ပွဲနေ့တွင် ကမ်းခြေတွင် ဖွင့်လှစ်ထားသည့် ဈေးဆိုင်များမှ လာရောက်အပန်းဖြေသူများကို အမှတ်တရ လက်ဆောင်များပေးခြင်း၊ ညောင်တုန်းမြို့ခံ လူငယ်များက ခေတ်ပေါ်တီးဝိုင်းအဖွဲ့များဖြင့် တစ်နေကုန် ဧည့်ခံဖျော်ဖြေခြင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ရာသီဥတု ဖောက်ပြန်မှုကြောင့် အချိန်အခါမဟုတ် မြစ်ရေကြီးခြင်းဖြစ်စဉ်များ ဖြစ်ပေါ်လာပါကလည်း အရေးပေါ်ဆောင်ရွက်နိုင်ရန် မြို့နယ်မီးသတ်တပ်ဖွဲ့မှ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ထားပြီးဖြစ်ကြောင်း သိရသည်။“ဖွင့်ပွဲကိုတော့ မနက်ပိုင်းကတည်းက လုပ်မှာဗျ။ ဆိုင်တွေက ဖွင့်ပွဲနေ့မှာလာတဲ့ ဧည့်သည်တွေကို သော့ချိတ်လိုမျိုး အမှတ်တရ လက်ဆောင်ပေးတာကို လုပ်မယ်။ မြို့ခံပရဟိတ လူငယ်တွေကလဲ တီးဝိုင်းတွေနဲ့ တစ်နေကုန်ဧည့်ခံမယ်။ အခု မြန်မာနိုင်ငံ အထက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မြစ်ရေကြီးမှုဖြစ်စဉ်တွေအတွက် ကြိုတင်ပြင်ဆင်ထားတယ်။ မြစ်ရေကြီးမှုဖြစ်စဉ်တွေကို ကျွန်တော်တို့ တွက်ချက်ကြည့်တော့ ဖွင့်ပွဲနေ့မှာတော့ ဘာမှဖြစ်လာနိုင်စရာမရှိဘူး။ မြစ်ရေက ဇလွန်ဟင်္သာတကို သုံးပေကနေ လေးပေတက်မယ်ဆိုတော့ ကျွန်တော်တို့ ညောင်တုန်းကို ပြန်ကျရင် နှစ်ပေလောက်ကျနိုင်မယ်လို့ မှန်းထားတယ်။အဲဒီလိုဖြစ်လာရင် နှစ်ပေအနိမ့်လောက်မှာရှိတဲ့ နေရာတွေကို အရေးပေါ် သတိပေးချက်လုပ်ပြီးတော့ လိုအပ်ပစ္စည်းတွေ ရွှေ့ပြောင်းဖို့ လုပ်ပေးမယ်။ ကူညီရေး ကယ်ဆယ်ရေးတွေပါ လုပ်ဆောင်နိုင်အောင် ပြင်ဆင်ထားပါတယ်”ဟု ညောင်တုန်းမြို့နယ် မီးသတ်ဦးစီးမှူး ဦးသန့်ဇင်ဝင်းက ဆိုသည်။ညောင်ချောင်းသာ (ရန်ကင်းသာ) ကမ်းခြေမှာ ဧရာဝတီမြစ်နှင့် ပန်းလှိုင်မြစ်ဆုံရာ သောင်ပြင်နေရာတွင် တည်ထားသော ကမ်းခြေတစ်ခုဖြစ်သောကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သည့် မြစ်ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သကဲ့သို့ ဖြစ်ပေါ်လာမည်ကို သတိပြုစောင့်ကြည့်နေရသည့် အပန်းဖြေစခန်းတစ်ခုဖြစ်သည်။
ညောင်ချောင်းသာ (ရန်ကင်းသာ) ကမ်းခြေကို ဖေဖော်ဝါရီလကုန် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး မြစ်ရေကြီးမှုဖြစ်စဉ်များအတွက်ပါ ကြိုတင်ပြင်ဆင်ထား















