ထိုင်းနိုင်ငံ ဂိုးလ်ဒင်းဖရိုက် ငါးသေတ္တာဘူးစက်ရုံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၅၀၀ ခန့် လုပ်အားခနှင့် အခြားခံစားခွင့်များ အပြည့်အ၀ မရရှိခြင်း ညှိနှိုင်းမှုမပြေလည်သဖြင့် အမှုဖွင့်တိုင်ကြား

ထိုင်းနိုင်ငံ ဂိုးလ်ဒင်းဖရိုက် ငါးသေတ္တာဘူးစက်ရုံမှ မြန်မာရွှေ့ပြောင်းလုပ်သား ၁၅၀၀ ခန့် လုပ်အားခနှင့် အခြားခံစားခွင့်များ အပြည့်အ၀ မရရှိခြင်း ညှိနှိုင်းမှုမပြေလည်သဖြင့် အမှုဖွင့်တိုင်ကြား
Published 25 February 2016
ထက်ရှိုင်း

ထိုင်းနိုင်ငံ ဂိုးလ်ဒင်းဖရိုက် ငါးသေတ္တာဘူးစက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀၀ ခန့်သည် လုပ်အားခအပြည့်အ၀ မရရှိခြင်း၊ သတ်မှတ်ထားသည့် အချိန်ပိုကြေး မရရှိခြင်းနှင့် အခြားသောခံစားခွင့်များ မရရှိခြင်းကြောင့် ဖေဖော်ဝါရီ ၂၅ ရက်က ထိုင်းနိုင်ငံ၊ အလုပ်သမား ကာကွယ်စောင့်ရှောင်ရေးရုံးသို့ သွားရောက်ကာ ခံစားခွင့်များအားလုံး ရရှိစေရေး အမှုဖွင့် တိုင်ကြားခဲ့ကြောင်း သိရသည်။အဆိုပါ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံနေရမှုကို မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေးကွန်ရက်မှ ဦးဆောင်ကာ အလုပ်သမားများနှင့်အတူ သက်ဆိုင်ရာသို့ သွားရောက်ကာ တိုင်ကြားခဲ့ကြကြောင်း သိရသည်။“အခုအစိုးရမှာ အမှုဖွင့်နေပါတယ်။ ကျွန်တော်တို့ ထိုင်းလို ‘ဆဝါဒီကန်’ခေါ် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးမှာ အမှုဖွင့်ပါတယ်။ စက်ရုံမှာ မြန်မာအလုပ်သမား ၁၅၀၀ နှင့် ထိုင်းအလုပ်သမား ၂၅၀ ရှိတယ်။ နိုင်ငံတော်အစိုးရက သတ်မှတ်ထားတဲ့ ဥပဒေနဲ့အညီ လုပ်အားခကို မပေးတဲ့အမှုပါ။ အစိုးရရုံးက အမှုဖွင့်တဲ့အခါမှာ လုပ်သားတွေက တင်ပြတဲ့ သက်သေခံအ ထောက်အထားတွေကို ကြည့်ရပါတယ်။အလုပ်သမားတွေနဲ့ အလုပ်သမားအခွင့်အရေး ကွန်ရက်က တင်လိုက်တာတွေက အစိုးရကကော၊ လုပ်ငန်းရှင်ကကော ငြင်းလို့မရတဲ့ အထောက်အထားတွေ ရှိပါတယ်။ ဘဏ်စလစ်ပြေစာမှာ ၂၂၀ ပေးထားတယ်၊ အစိုးရက သတ်မှတ်ထားတာက ရှစ်နာရီ အလုပ်လုပ်ရင် ၃၀၀၊ အချိန်ပိုကြေးကိုလည်း ၅၆ ဒသမ ၂၅ ဘတ်ပေးရမှာကို ၃၀ ဘတ်ပဲ ပေးထားတဲ့ကိစ္စက ထင်ရှားနေတဲ့အတွက်ကြောင့် အစိုးရရုံးက အမှုလက်ခံခဲ့ရတာပါ”ဟု မြန်မာရွှေ့ပြောင်း အလုပ်သမားများ အခွင့်အရေးကွန်ရက် ဒုတိယဥက္ကဋ္ဌ ဦးအောင်ကျော်က ပြောကြားသည်။အဆိုပါ အလုပ်ရုံပိုင်ရှင်က လုပ်အားခ အပြည့်အဝမပေးခြင်းနှင့် အချိန်ပိုကြေး (OT) ကြေး အပြည့်မပေးခြင်း၊ လူမှုဖူလုံရေး (ပကန်ဆာခူမ်) မပြုလုပ်ပေးခြင်း နာမကျန်းဖြစ်ပွားပါက ခံစားခွင့်မပေးခြင်း၊ နှစ်စဉ် အပိုနားရက်မပေးခြင်း၊ ရိုးရာရုံးပိတ်ရက်များ မပေးခြင်း၊ အလုပ်သမားများ လုပ်သက် ၁၀ နှစ်နှင့်အထက်ရှိသော်လည်း ဥပဒေနှင့်အညီ ခံစားခွင့်မရရှိခဲ့ကြောင်း အလုပ်သမားကာ ကွယ်စောင့်ရှောက်ရေးရုံး၊ စမတ်ဆာခွန်သို့ သွားရောက်တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ထိုင်းနိုင်ငံအစိုးရရဲ့ ဥပဒေအရ နောက်ကြောင်းပြန် နှစ်နှစ်အထိ မတရားလုပ်ခဲ့တဲ့ ငွေတွေကိုတွက်ပြီးတော့ အကုန်ပြန်ပေးရပါတယ်”ဟု ယင်းက ဆက်လက်ပြောကြားသည်။အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြီးခဲ့သည့်နှစ် ဇူလိုင်မှစတင်ကာ လုပ်ငန်းရှင်များအဖွဲ့ချုပ်နှင့် ဆွေးနွေးညှိနှိုင်းမှုများ အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အဆင်မပြေခဲ့သဖြင့် အလုပ်သမားကိုယ်စားလှယ်နှင့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် (MWRN) တို့က ဆဝါဒီကန်တွင် ဇန်နဝါရီ ၁၁ ရက်က ထပ်မံ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။“ပြီးခဲ့သည့်နှစ် ဇူလိုင်ကတည်းက နှစ်ဖက်မပြေလည်မှုများ ရှိခဲ့တာပါ။ ထိုင်းတစ်နိုင်ငံလုံးဆိုင်ရာ လုပ်ငန်းရှင်များအဖွဲ့ရယ်၊အလုပ်ရှင်တွေရယ်၊ အလုပ်သမားတွေရယ် ဒီပြဿနာကို ပြေလည်အောင် ညှိနှိုင်းဆွေးနွေးခဲ့ပါတယ်။အချိန်ကြာအောင် ဆွေးနွေးခဲ့ပေမယ့် လုပ်ငန်းရှင်ဘက်က ခေါင်းမာပြီးတော့ အလုပ်သမားတွေ ပေးချေရမယ့်ငွေတွေကို ငြင်းဆန်နေတဲ့အတွက် ဆန္ဒပြပြီး တောင်းဆိုခဲ့တဲ့အခါမှာ အလုပ်သမားတွေက ကျွန်တော်တို့ဆီ အမှုလာရောက်ဖွင့်တာ ဖြစ်ပါတယ်”ဟု ယင်းက ပြောကြားသည်။အဆိုပါကုမ္ပဏီသည် အာရပ်နိုင်ငံများသို့ အဓိက တင်သွင်းသည့် ထိုင်းနိုင်ငံသားပိုင် ကုမ္ပဏီလည်းဖြစ်သည်။     

Most Read

Most Recent