အကယ်ဒမီ ဗန်းကိုင်မှသည် သရုပ်ဆောင် အဆိုရှင်တစ်ဦးဖြစ်လာသူ ဝါဆိုမိုးဦး၏ ငယ်ဘဝဖြတ်သန်းရာ

အကယ်ဒမီ ဗန်းကိုင်မှသည် သရုပ်ဆောင် အဆိုရှင်တစ်ဦးဖြစ်လာသူ ဝါဆိုမိုးဦး၏ ငယ်ဘဝဖြတ်သန်းရာ
Published 25 February 2016
လင်းလင်းခိုင်

ဒီနေ့ရဲ့ ငယ်ဘ၀ ဖြတ်သန်းမှု ကဏ္ဍမှာတော့ လူမှုကွန်ရက် အသုံးပြုသူတွေကြားမှာ စိတ်ဝင်စား အားပေးမှုများပြားသူ လူငယ်အနုပညာရှင် တစ်ယောက်ကို ရွေးချယ် ဖော်ပြလိုပါတယ်။ သူကတော့ ကလေးသရုပ်ဆောင်အဖြစ် ပရိသတ် စတင်သိစေခဲ့သလို အကယ်ဒမီဗန်းကိုင် တစ်ယောက်အဖြစ်ကနေ လက်ရှိမှာတော့ သရုပ်ဆောင် အဆိုတော် တစ်ယောက်ဖြစ်လာတဲ့ ဝါဆိုမိုးဦးပဲ ဖြစ်ပါတယ်။
ဝါဆိုမိုးဦးကို ဇူလိုင် ၂၇ ရက် ၁၉၉၄ ခုနှစ်မှာ မိဘများဖြစ်ကြတဲ့ ဦးမျိုးမြင့်နိုင်၊ ဒေါ်သိင်္ဂီအောင်တို့က မွေးဖွားခဲ့ကြပါတယ်။ ရန်ကုန်ဇာတိဖြစ်တဲ့ ဝါဆိုမိုးဦးမှာ မွေးချင်း ညီမလေးတစ်ယောက် ရှိပါတယ်။ ငယ်စဉ်ကလေးဘဝရဲ့အမှတ်တရဆိုရင်တော့ အရမ်း အေးအေးနေတတ်သလို စကားလည်း နည်းတတ်သူဖြစ်ပြီး ငယ်စဉ်ကတည်းက ရုပ်ရှင်ဇာတ်ကားတွေ ကြည့်ရှုရတာ၊ သီချင်းတွေ နားထောင်ရတာကို ထူးထူးခြားခြား ကြိုက်နှစ်သက်သူတစ်ယောက်ပါ။ ငယ်စဉ်ကတည်းက အနုပညာဗီဇ ပါလာသူလို့လည်းဆိုလို့ရ နိုင်ပါတယ်။
ကျောင်းပညာရေးအနေနဲ့တော့ ဝါဆိုမိုးဦးက သူငယ်တန်းကနေ တက္ကသိုလ်ဝင်တန်းအထိကို အ.ထ.က(၂)လသာမှာ တက်ရောက်ခဲ့ပါတယ်။ တက္ကသိုလ်ဝင်တန်း ရောက်ရှိလာချိန်မှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်ခဲ့တာကြောင့် ကျောင်းပညာရေးကို ဆက်မလုပ်ဖြစ်တော့ဘဲ လက်ရှိအချိန်အထိ စာမေးပွဲ မဖြေဖြစ်သေးတာပါလို့ ဝါဆိုမိုးဦးက ရှင်းပြခဲ့ပါတယ်။

“ဝါဆိုက ငယ်ငယ်ကတည်းက အနုပညာအလုပ်တွေကို အရမ်းဝါသနာပါတယ်။ အဲဒီမှာ အသက် ရှစ်နှစ်လောက်မှာတော့ ဝါဆို အဒေါ်အိမ်မှာ ဇာတ်ကားလာရိုက်ကြရင်းနဲ့ ဝါဆိုကို ကလေးသရုပ်ဆောင် လုပ်မလားလို့ မေးကြတော့ ဝါဆိုကလည်း လုပ်ချင်တယ်လို့ပြောပြီး ရိုက်ဖြစ်သွားတာပါ။ ပထမဆုံး ရိုက်တဲ့ကားကတော့ သံလွင်ရေ ဘယ်မခန်းဆိုတဲ့ ဇာတ်ကားပါ။ အဲဒီနောက်မှာတော့ ဇာတ်ကားတွေ ဆက်ရိုက်ဖြစ်တယ်။ ဒါပေမဲ့ တချို့ကားလေးတွေပဲ ထွက်လာပြီး တချို့ကားလေးတွေက မထွက်လာဘဲ အခုတကယ်တမ်း ဝါဆိုလူကြီးသရုပ်ဆောင် တစ်ယောက်အနေနဲ့ လုပ်ဖြစ်တဲ့အခါကျမှပဲ အဲဒီ ကလေးသရုပ်ဆောင် ကားလေးတွေက ထွက်လာတယ်။ အဲဒါကတော့ အမှတ်တရပါပဲ။ မှတ်မှတ်ရရ ပရိသတ်တွေကြိုက်ကြပြီး ဝါဆိုကိုယ်တိုင်လည်း အားရတဲ့ဇာတ်ကားလေးဆိုရင် ဦးသားကြီး (ဒွေး)နဲ့လည်း တွဲဖက် သရုပ်ဆောင်ခွင့်ရခဲ့တဲ့ ‘ပုဏ္ဏကတိုက်တဲ့ည’ ဇာတ်ကားလေးပါ”လို့ ကလေးသရုပ်ဆောင် ဘဝအမှတ်တရကို ရှင်းပြခဲ့ပါတယ်။

အဲဒီနောက်မှာတော့ အနုပညာအလုပ်တွေ ခဏနားခဲ့ပြီး ဆယ်ကျော်သက်အရွယ် ရောက်လာချိန်မှာ ပထမဆုံး ပြန်လည်လုပ်ကိုင်ဖြစ်တဲ့ အနုပညာလှုပ်ရှားမှုက အကယ်ဒမီဗန်းကိုင်တစ်ယောက်အဖြစ် လျှောက်ထား ပါဝင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ အကယ်ဒမီ ဗန်းကိုင်တစ်ယောက်အဖြစ် ပါဝင်ခဲ့ပြီးချိန်မှာတော့ ပရိသတ်တွေက ဝါဆိုမိုးဦးကို ပိုမို လက်ခံ အားပေးလာခဲ့ကြပါတယ်။ အဲဒီနောက်မှာတော့ ဇာတ်ကားတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးခွင့် ရခဲ့ပါတယ်လို့ ဝါဆိုမိုးဦးက ဆိုပါတယ်။
လက်ရှိအချိန်အထိ ဝါဆိုမိုးဦးက ဇာတ်ကား ၂၀၀ ဝန်းကျင်လောက်မှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီပါပြီလို့လည်း ဆိုပါသးတယ်။
သရုပ်ဆောင်ဘက်တင် မကဘဲ ဂီတဘက်ကိုပါ ဝါသနာပါသူ ဝါဆိုမိုးဦးက ဂီတလုပ်ငန်းတွေကိုတော့ ဆီးဂိမ်းအားကစားပြိုင်ပွဲအတွက် ပြုလုပ်တဲ့ အနုပညာ ဖျော်ဖြေပွဲကနေ စတင်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီဖျော်ဖြေပွဲမှာ တင်ဆက်တဲ့ ပြဇာတ် အစီအစဉ်မှာ ကမ္ဘာကျော် အဆိုတော် ဂျနီဖာလိုပက်စ် ပုံစံတူအဖြစ် သရုပ်ဆောင်စေခဲ့တဲ့အတွက် သီချင်းဆိုရင်းနဲ့ ပါဖောမန့်စ် လုပ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတင်ဆက်မှုကနေပဲ ဝါဆိုမိုးဦးရဲ့ ပါဖောမန့်စ်တင်ဆက်မှုနဲ့  ဂီတစွမ်းရည်ကို ပရိသတ်တွေ သတိထားမိစေခဲ့ပါတယ်။

ဝါဆိုမိုးဦးက အဲဒီဖျော်ဖြေပွဲအပြီးမှာ ရွှေအက်ဖ်အမ် ဂီတဆုပေးပွဲ အပါအဝင် ဖျော်ဖြေပွဲတွေမှာ တေးသီချင်းတွေ ပါဝင် သီဆိုဖြစ်လာပါတယ်။ လက်ရှိမှာတော့ ပထမဆုံး တစ်ကိုယ်တော် တေးစီးရီးကို စတင်စီစဉ်နေပြီပဲ ဖြစ်ပါတယ်။ ပထမဆုံး တစ်ကိုယ်တော်စီးရီးကို နှစ်လယ်ပိုင်းမှာ ထွက်ဖို့စီစဉ်ထားသလို အမ်တီဗွီနဲ့ပါ တွဲဖက် ထွက်ရှိဖို့အတွက်လည်း စီစဉ်ထားပါတယ်။ ဒါကြောင့် ပထမဆုံးတစ်ကိုယ်တော် စီးရီးရဲ့ အမ်တီဗွီကိုလည်း မကြာခင် စတင်ရိုက်ကူးဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။ ဝါဆိုမိုးဦးရဲ Gym လေ့ကျင့်တဲ့ ဓာတ်ပုံတချို့ကလည်း လူမှုကွန်ရက်မှာ စိတ်ဝင်စား အားပေးမှုများပြားတဲ့ အကြောင်းအရာတွေအဖြစ် ပါဝင်နေပါတယ်။

စိတ်ညစ်စရာတွေ ဘယ်တော့မှမရှိသူ တစ်ယောက်လို အမြဲရွှင်လန်းတက်ကြွနေတတ်တဲ့ ဝါဆိုမိုးဦးရဲ့ ဘဝရဲ့စိန်ခေါ်မှုနဲ့ အခက်အခဲတွေအတွက် ခံယူချက်တွေကတော့ “ဘယ်အရာမဆို ကိုယ့်ကို အကောင်းပြောတာရှိသလို မကောင်းပြောတာလည်း ရှိတယ်။ တမင်တကာ တိုက်ခိုက်တာမျိုးလည်း ကြုံရဖူးတယ်။ ဒါပေမဲ့  ဒီဘက်နားကဝင် ဟိုဘက်နားက ထွက်လိုက်တာပါပဲ။ အဓိကတော့ မိဘတွေရဲ့ နောက်က အမြဲတမ်း အားပေးမှုကြောင့်လည်း ပါမယ်ထင်တယ်။ ဘယ်ကိစ္စမဆို” ရန်ကိုရန်ချင်း မတုံ့နှင်းတာပဲ ကောင်းတယ်လို့လည်း ခံယူထားတယ်လို့ ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါတယ်။

ဝါဆိုမိုးဦးက လတ်တလော အနုပညာ လှုပ်ရှားမှု အနေနဲ့တော့ ကြော် ငြာတွေရိုက် ဖြစ်နေသလို တေးစီးရီးခွေအတွက်လည်း အပြည့်အ၀ အာရုံစိုက်နေတယ်လို့ ဆိုပါတယ်။
မကြာခင် ကျရောက်လာတော့မယ့် နှစ်သစ်သင်္ကြန်ကိုလည်း ရန်ကုန်မှာ ကြိုဆို သွားဖို့ အစီအစဉ်ရှိပြီး ဘယ်လိုကြိုဖြစ်မယ် ဆိုတာကိုတော့ စဉ်းစားနေတုန်းပဲလို့ ပြောပြခဲ့ပါတယ်။

Most Read

Most Recent