ရထားတွဲ ဝယ်ယူခွင့်တင်ဒါ မခေါ်ယူရသေးမီကပင် West Corporation ကုမ္ပဏီက ရထားတွဲများ ကြိုတင်တင်သွင်းထားပြီး တင်ဒါခေါ်ယူ ရွေးချယ်ရာတွင်လည်း ယင်းကုမ္ပဏီသာ တင်ဒါအောင်မြင်ကြောင်း သိရ

ရထားတွဲ ဝယ်ယူခွင့်တင်ဒါ မခေါ်ယူရသေးမီကပင် West Corporation ကုမ္ပဏီက ရထားတွဲများ ကြိုတင်တင်သွင်းထားပြီး တင်ဒါခေါ်ယူ ရွေးချယ်ရာတွင်လည်း ယင်းကုမ္ပဏီသာ တင်ဒါအောင်မြင်ကြောင်း သိရ
Published 25 February 2016

ရထားတွဲများ ဝယ်ယူခွင့်တင်ဒါ မခေါ်ယူရသေးမီကပင် West Corporation ကုမ္ပဏီက ရထားတွဲများ ကြိုတင်တင်သွင်းထားခဲ့ပြီး တင်ဒါခေါ်ယူ ရွေးချယ်ရာတွင်လည်း ယင်းကုမ္ပဏီသာ တင်ဒါအောင်မြင်ခဲ့ကြောင်း သိရသည်။West Corporation ကုမ္ပဏီမှ တင်သွင်းလာသည့် ရထားတွဲများသည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်ကတည်းက သီလဝါဆိပ်ကမ်းသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံ စုံစမ်းမှုများအရ သိရသည်။ရထားတွဲများ ဝယ်ယူမည့် တင်ဒါကိုမူ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ထို့အတွက် ရထားတွဲများ ဝယ်ယူခွင့်တင်ဒါ မခေါ်ယူရသေးမီကပင် ရထားတွဲများမှာ မြန်မာနိုင်ငံသို့ ကြိုတင် ရောက်ရှိနေခြင်း ဖြစ်သည်။အဆိုပါ တင်ဒါခေါ်ယူရာတွင်လည်း တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီမှာ West Corporation တစ်ခုတည်းသာ ရှိခဲ့ကြောင်း သိရသည်။ရထားတင်သွင်းမှုနှင့် ရထားတွဲဆိုင်း တင်ဒါများ အောင်မြင်မှုအပေါ် မေးမြန်းရာ  West Corporation မှ တာဝန်ရှိသူတစ်ဦးက ဟုတ်မှန်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးကလည်း တင်ဒါအား စိစစ်ပြီးဖြစ်ကာ ဝန်ကြီးဌာနသို့ ဆက်လက်တင်ပြထားကြောင်း၊ တင်ဒါဝင်ရောက် ယှဉ်ပြိုင်သည်မှာ တစ်ဦးတည်းဖြစ်၍ ၎င်းသာလျှင် အောင်မြင်မည်ဟု မျှော်လင့်ကြောင်း ဆိုသည်။ဖေဖော်ဝါရီ ၂၄ ရက်က ရထားပို့ဆောင်ရေးဝန်ကြီးဌာန စက်မှုဌာနမှ အထွေထွေမန်နေဂျာ ဦးဝင်းဦးအား မေးမြန်းရာတွင် “တင်ဒါ တင်သွင်းတာသူတို့ ကုမ္ပဏီတစ်ခုထဲဆိုတော့ သူတို့ တင်ဒါအောင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။မြန်မာ့မီးရထားဌာနမှ အောက်မြန်မာပြည် အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းသို့ ဆက်သွယ်မေးမြန်းမှုများ ပြုလုပ်ခဲ့ရာတွင် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့ပဲ အားလပ်မှုမရှိသေးသဖြင့် ဖြေဆိုနိုင်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။West Corporation မှာ မကြာမီက ပြေးဆွဲခဲ့သည့်  အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ သန်းတန် လျှပ်စစ်ရထားပြေးဆွဲသော စီမံကိန်းကို ရရှိခဲ့သည်။ယခု ရထားတွဲဆိုင်းများ ကြိုတင်တင်သွင်းထားမှု ဖြစ်စဉ်အပေါ် ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ အငြိမ်းစားအရာရှိ တစ်ဦးက “ရထားနဲ့ စာချုပ်တွေ ဘာတွေ ဘာမှမလုပ်ရသေးဘူး။ ရထားကလည်း မဝယ်ရသေးဘူးလို့ သိရတယ်။ လုပ်ထုံးလုပ်နည်းအရ ကျွန်တော်နားလည်ရသလောက် တင်ဒါခေါ်ပြီး စာချုပ်ချုပ်ပြီးတော့ သွင်းရမှာပေါ့။ အခုဟာက သူတို့က ဘာမှမလုပ်ဘဲနဲ့ ဒီအတိုင်းသွင်းချလာတာ။ သွင်းချပြီးတော့မှ တွဲတွေကို ဒီအတိုင်းပဲ စက်ရုံတွေကို မပို့နိုင်ဘူး။ ဒီအတိုင်းပဲ ထားရတာပေါ့။ ထားတဲ့အခါကျတော့ သီလဝါနဲ့ အုတ်ဖိုစုကို ရထားမပြေးနိုင်ဘူး။ နောက်တစ်ခုက ပြောင်းပြန်ဖြစ်နေတာပေါ့။ ပွင့်လင်းမြင်သာမှု မရှိဘူး။ ပစ္စည်းသွင်းပြီးမှ တင်ဒါခေါ်တာက ဘယ်လိုမှ မဖြစ်သင့်ဘူး” ဟု ပြောကြားသည်။ဆက်လက်ပြီး “အခု ၁၈ တွဲက  ၂၀၁၅  ခုနှစ် ၁၂ လ ပိုင်းကတည်းက ရောက်နေတာ။ နောက်ပြီး တင်ဒါပြိုင်ဘက်မရှိ အောင်သွားတယ်။ အဲဒီတော့ ပွင့်လင်းမြင်သာမှု မရှိဘူး။ နောက်ပြီး အကောက်ခွန်ကို ဘယ်လိုပုံစံနဲ့ ဖြတ်လာသလဲ။ အဲဒါကြောင့် ပုဂ္ဂလိကကုမ္ပဏီအကျိုးစီးပွား ကြည့်ပြီး ပြည်သူတွေအတွက် ပြေးဆွဲနေတဲ့ ရထားလမ်းပိုင်းကိုလည်း ပိတ်ထားရတယ်။ အဲဒီကိစ္စမှာ ရထားက တာဝန်ရှိသူတွေ ပါဝင်ပတ်သက်နေတယ်ဆိုတာ သိသာထင်ရှားပြီး နိုင်ငံတော်အစိုးရအဖွဲ့က စစ်ဆေးရေးအဖွဲ့  ဖွဲ့စည်းပြီး စစ်ဆေးသင့်တယ်။ ဒါမှာ နောင်လာမယ့် အစိုးရအတွက် စံနမူနာအဖြစ် ပြရမယ်။ အောင်သွားတဲ့ တင်ဒါဈေးနှုန်းအရ တွဲတစ်တွဲကို ကျပ် ၁၂၁ ဒသမ ၆ သန်း (အမေရိကန်ဒေါ်လာတစ်သိန်း) လောက် ရှိပါတယ်”ဟုအထက်ပါ အရာရှိဟောင်းက ပြောကြားသည်။ လွန်ခဲ့သည့် ဆယ်စုနှစ် နှစ်ခုမှ ယခုအထိ ရထားစက်ခေါင်းတွဲ (RBE တွဲများ အပါအဝင်) စုစုပေါင်း တွဲဆိုင်း ၂၀၀ ကျော်  ပြည်ပနိုင်ငံများမှ တင်သွင်းခဲ့ပြီး အများစုမှာ သက်တမ်းလွန်များဖြစ်ကြောင်း၊တချို့စက်ခေါင်းတွေ များဆိုလျှင် Spare part များ မရှိတော့ကြောင်း၊ ရထားတွဲ တစ်တွဲတန်ဖိုးမှာ ပျှမ်းမျှဒေါ်လာ တစ်သိန်းဝန်းကျင် ရှိသည့်အတွက် ဒေါ်လာသန်းပေါင်းများစွာ နိုင်ငံတော်မှ နစ်နာခဲ့သည့်အပြင် လက်ရှိအချိန်ထိ ယင်းကဲ့သို့ တွဲများကို တင်သွင်းနေမှုမှာ မေးခွန်းထုတ်ဖွယ်ရှိပြီး တင်သွင်းခဲ့သည့် တွဲဆိုင်းများ၏ ထက်ဝက်ခန့်မှာလည်း ရပ်ဆိုင်းထားရကြောင်း  ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ အငြိမ်းစားအရာရှိတစ်ဦးက သုံးသပ်သည်။ 

Most Read

Most Recent