AA လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ် ဖမ်းဆီးခံထားရသူများအား တပ်မတော်မှ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးပြီးနောက် ရုံးတင်စစ်ဆေးမှုစတင်

AA လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ် ဖမ်းဆီးခံထားရသူများအား တပ်မတော်မှ ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးပြီးနောက် ရုံးတင်စစ်ဆေးမှုစတင်
Published 23 February 2016
သားရွှေဦး၊ သန်းလှိုင်

ရခိုင်ပြည်နယ်အတွင်းရှိ AA လက်နက်ကိုင်အဖွဲ့နှင့် ဆက်စပ်ဖမ်းဆီးခံထားရသူများအား တပ်မတော်မှ ရဲဘက်သို့ လွှဲပြောင်းပေးထားပြီးနောက် စစ်တွေ၊ ကျောက်ဖြူနှင့် ကျောက်တော်မြို့ရှိ တရားရုံးများတွင် ဖေဖော်ဝါရီ ၂၂ ရက်က ရုံးတင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ကျောက်ဖြူမြို့နယ် တရားရုံးတွင် AA  နှင့်ဆက်သွယ်သည်ဟု စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံထားရသည့် ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ဦးမောင်အေး (၃၀) နှစ်၊ ပေါက်တောမြို့နယ် ယင်ရဲကန်ကျေးရွာမှ ဦးထွန်းသာဖြူ (၂၆)နှစ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်၊ ကုလားချောင်း ကျေးရွာမှ ဦးဇော်ဝင်းမောင် (၂၄) နှစ်တို့ အား ဖေဖော်ဝါရီ၂၂ ရက်တွင် ကျောက်ဖြူမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ကြောင်း သိရသည်။၎င်းတို့အား ကျောက်ဖြူမြို့နယ်စခန်းမှူးမှ တရားလိုအဖြစ် ပြုလုပ်ကာ ပုဒ်မ ၁၇။ ၁-၂ ဖြင့် စွဲဆိုထားကာ ကျောက်ဖြူမြို့နယ် တရားရုံးတွင် ပထမအကြိမ်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ခြင်းဖြစ်ကာ တရားလိုသက်သေ ရောက်မလာသောကြောင့် တရားသူကြီးက အမှုကိုစစ်ဆေးခြင်းမပြုဘဲ မတ် ၇ ရက်သို့  ထပ်မံရုံးချိန်းလိုက်ကြောင်း သိရသည်။၎င်းတို့သုံးဦးစလုံး အမှုအတွက် ရခိုင်ပြည်နည် ရှေ့နေများကောင်စီမှ တရားလွှတ်တော်ရှေ့နေ ဦးဘကျော်၊ Thazin Legal Aid မှ အထက်တန်းရှေ့နေ ဦးမျိုးမြတ်ဟိန်းနှင့် ကျောက်ဖြူဒေသခံ အထက်တန်းရှေ့နေများဖြစ်သည့် ဦးတင်မြင့်၊ ဒေါ်ကြည်ကြည်နှင်းနှင့် ဦးဟန်မင်းလှိုင်တို့မှ လိုက်ပါဆောင်ရွက်သွားမည်ဟု သိရသည်။“ အခုတော့ ရုံးတင်စစ်ဆေးမှုတွေ ပြုလုပ်နေတယ်။ သူတို့ကိုတော့ မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးထားတာဖြစ်ပါတယ်။ ကျောက်ဖြူမှာဆိုရင် ကိုမောင်အေး၊ ထွန်းသာဖြူ၊ ဇော်ဝင်းမောင်သုံးယောက်ပေါ့။မိသားစုတွေနဲ့လည်း တွေ့ခွင့်တော့ရပါတယ်။ လောလောဆယ်တော့ သူတို့ဟာ လန်းလန်းဆန်းဆန်း လည်းရှိပါတယ်” ဟု ကိုထွန်းကြည်က ပြောကြားသည်။ရသေ့တောင်၊ ပေါက်တော၊ မင်းပြား၊ စစ်တွေ အစရှိသော မြို့နယ်များမှ ဖမ်းဆီးခံထားရသူ ၁၃ ဦးကိုလည်း စစ်တွေမြို့နယ် တရားရုံးတွင် ရုံးတင်စစ်ဆေးလျက်ရှိကြောင်း ထောင်ဝင်စာ သွားရောက်တွေ့ဆုံခဲ့သူ ဦးနိုင်နိုင်က ပြောကြားသည်။“စစ်တွေထောင်မှာက ၁၃ ဦးရှိတယ်။ အဲဒီထဲက အသုတ်လိုက်ခွဲပြီး တရားရုံးတင်တယ်။ ရမန်ယူတယ်ပေါ့။  ထောင်ဝင်စာတွေ့လို့လည်း ရပါပြီ။ ဒါပေမဲ့ ထောင်ထဲမှာ ခြင်အရမ်းကိုက်တယ်လို့ သူတို့ပြောတယ်။ခြင်ထောင် ပေးခွင့်ရရင်တော့ ပေးဖို့လုပ်နေပါတယ်။ မိသားစုတွေကို မစိုးရိမ်ဖို့မှာကြတယ်။ သူတို့ကတော့ တရားဥပဒေအတိုင်းသာ ဖြစ်စေချင်တယ်လို့ ပြောတယ်။ ထိုက်သင့်တဲ့ ပြစ်ဒဏ်ဖြစ်ဖို့သာ လိုတယ်လို့ သူတို့က ပြောတယ်” ဟု ထောင်ဝင်စာ သွားရောက်တွေ့ဆုံသူ ဦးနိုင်နိုင်(အမျိုးသားရေး)က ပြောကြားသည်။“မနေ့က ရုံးထုတ်တဲ့ ရခိုင်လူငယ်သုံးဦးက စစ်တွေရွာကြီးတောင်ရပ်ကွက်က နေလင်းထွန်း၊ မောင်တောမြို့နယ် ရီနောက်ငါးသားကျေးရွာက ခင်မောင်သန်းနဲ့ မင်းပြားမြို့နယ် ပန်းမြောင်းရွာက မောင်မြင့်အေးတို့ ဖြစ်တယ်” ဟု ကျောက်တော် ဦးကျော်လှမြင့်က ပြောကြားသည်။ 

Most Read

Most Recent