ဦးသိန်းစိန် အစိုးရ လက်ထက် လယ်သမားများ ဖမ်းဆီး ထောင်ချခံနေရမှု၊ အစိုးရ၏ စီမံအုပ်ချုပ်မှုနှင့် အဂတိ လိုက်စားမှုများကို ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သဖြင့် ကိုထင်ကျော်၏ ဇနီး မသန်းသန်းမော်အား ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျောက်တံတားမြို့နယ် တရားရုံးက ထောင်ဒဏ် လေးလ ချမှတ်ခဲ့သည်။၂၀၁၄ ခုနှစ် အောက်တိုဘာ ၁၀ ရက်တွင် ရန်ကုန်မြို့တော် ခန်းမရှေ့၌ MCDF အဖွဲ့က ဦးဆောင်ပြုလုပ်သည့် အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင် ဆန္ဒပြခဲ့သော်လည်း ဦးဆောင်ပါဝင်ခဲ့ခြင်း မဟုတ်ကြောင်းကို တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း မသန်းသန်းမော်က ပြောကြားသည်။“ဒီအမှုမှာ ကျွန်မက ဦးဆောင်သူ အနေနဲ့ တရားစွဲခံရတယ်။ ဆန္ဒပြပွဲမှာ ပါတယ် ဆိုတာကို လက်ခံတယ်။ ဒါပေမဲ့ ကလေးငယ်လေးရှိနေတဲ့ အတွက်အကြောင့် ဆန္ဒပြပွဲကို မဦးဆောင်နိုင်ဘူးပေါ့၊ အဲဒါကြောင့် ကျွန်မ ဦးဆောင်သူ မဟုတ်ဘူး ဆိုတာကို တရားရုံးမှာ တင်ပြခဲ့ပါတယ်။ ကျွန်မကို ထောင်ဒဏ် ချမှတ်ခဲ့တဲ့အပေါ် အယူခံဝင်ဖို့ မရှိဘူး။ ရင်ဆိုင်သွားမှာပါ။ ကျွန်မနဲ့အတူ ကလေးကိုလည်း ထောင်ထဲခေါ်သွားရမှာ ဖြစ်ပါတယ်” ဟု မသန်းသန်းမော်က ပြောကြားသည်။မသန်းသန်းမော်၏ ရှေ့နေ ဦးကြည်သာဖုန်းမြင့်က “မသန်းသန်းမော်ဟာ လွန်ခဲ့တဲ့ တစ်နှစ်ကျော် ကတည်းက ငြိမ်းစုစီ ပုဒ်မ ၁၈ နဲ့ တရားစွဲ ခံထားရတာပါ။ အခုတော့ သူ့ကို ကျောက်တံတား တရားရုံးက ထောင်လေးလ ချလိုက်ပါတယ်။ သူ့မှာ ၁ နှစ် ၁၁ လအရွယ် ကလေးတစ်ယောက် ရှိတယ်။ အဲဒီ ကလေးကလည်း ကျန်းမာရေး ကောင်းကာစပဲ ရှိသေးတယ်။ အဲဒီ ကလေးကိုပါ ထောင်ထဲခေါ်သွားမယ်လို့ ပြောတယ်” ဟု ရုံးချိန်းအပြီးတွင် ပြောကြားသည်။မသန်းသန်းမော်သည် တရားရင်ဆိုင်နေရစဉ် ကာလအတွင်း ဖမ်းဝရမ်း ထုတ်ခြင်းခံရကြောင်းနှင့် မိမိ၏ ကလေး ကျန်းမာရေး အခြေအနေ ဆိုးရွားမှုကြောင့် ခွင့်တိုင်ကြားမှု ပျက်ကွက်ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။“အမှုစစ်ပြီးတဲ့ အခါကျတော့ အမိန့်ချဖို့ လိုတော့တဲ့ အချိန်မှာ ကျွန်မကလေးက ကျန်းမာရေးကြောင့် ခွဲစိတ်ဖို့ ခွင့်တင်နေတာပေါ့။ အဲဒီမှာ ခွင့်တစ်ချိန်း လာမတိုင်မိတာပေါ့။ နောက်တစ်ပတ်ကျတော့ ဝရမ်း ထုတ်လိုက်တယ်။ နောက်တော့ အိမ်ကို လာဖမ်းတယ်။ အဲဒီတော့ ကျွန်မက ဆေးရုံစာအုပ်တွေကို ပြပြီးတော့ ဆေးရုံရက်ချိန်း ကျော်ရင် လာပါမယ်လို့ ကတိပေးလိုက်တယ်။ ဒီနေ့ကျတော့ ကလေးကလည်း ထူထူထောင်ထောင် ဖြစ်လာတာရယ်ကြောင့် အမိန့်ချတာ ခံပါမယ်လို့ တရားရုံးကို ကြိုတင် အကြောင်းကြားပြီး လာတာ ဖြစ်ပါတယ်” ဟု မသန်းသန်းမော်က ပြောကြားသည်။အဆိုပါ ဆန္ဒထုတ်ဖော်မှုကို ဒီမိုကရေစီရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု (MCDF) အဖွဲ့ အဖွဲ့ဝင် ၁၀ ဦးခန့်က ခွင့်ပြုချက် မရှိ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဖက်ဒရယ် ပြည်ထောင်စု အစိုးရ ဖြစ်ပေါ်လာရေး ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပါဝင်သည့် ဗီနိုင်း၊ သန်းခေါင်စာရင်း ကောက်ယူမှု လူဦးရေစာရင်းများ ပါဝင်သည့် ဗီနိုင်း၊ ပြည်ထဲရေးဝန်ကြီးမှ တရုတ်နိုင်ငံသားများ လွှတ်ပေးသည်ဟုဆိုသော ဗီနိုင်းနှင့် ကိုထင်ကျော်ပုံပါ ဗီနိုင်းများ ကိုင်ဆောင်လျက် “သမ္မတကြီး ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ၊ ဦးသိန်းစိန်နှင့် အပေါင်းအပါများ ချက်ချင်း နုတ်ထွက်ပေး၊ စီမံအုပ်ချုပ်မှု ညံ့ဖျင်းသော ပြည်ထောင်စု အစိုးရ အလိုမရှိ” စသောကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
လယ်သမားများ ဖမ်းဆီးထောင်ချ ခံနေရမှု၊ အစိုးရ၏ စီမံအုပ်ချုပ်မှုနှင့် အဂတိ လိုက်စားမှုများအား ဆန္ဒထုတ်ဖော်ပွဲတွင် ပါဝင်ခဲ့သဖြင့် ကိုထင်ကျော်၏ ဇနီး မသန်းသန်းမော်အား ထောင်ဒဏ် လေးလ ချမှတ်