လင်မယားနှစ်ဦးကို အငှားယာဉ်မောင်းနှင့် အပေါင်းအပါတစ်ဦးတို့က ဓားထောက် ခြိမ်းခြောက်ကာ ရွှေထည်များ လုယက်မှုဖြစ်ပွား

လင်မယားနှစ်ဦးကို အငှားယာဉ်မောင်းနှင့် အပေါင်းအပါတစ်ဦးတို့က ဓားထောက် ခြိမ်းခြောက်ကာ ရွှေထည်များ လုယက်မှုဖြစ်ပွား
Published 22 February 2016

ကားငှားစီးလာသည့် ဇနီးမောင်နှံအား အငှားယာဉ်မောင်းနှင့် အပေါင်းပါတစ်ဦးတို့က ဓားထောက်ခြိမ်းခြောက်ကာ ရွှေထည် နှင့် အခြားပစ္စည်းများ လုယက်မှု ဖေဖော်ဝါရီ ၂၁ ရက်က ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်နေ ဦး--- (၂၄ နှစ်) နှင့်ဇနီး ဖြစ်သူ မ---(၂၅ နှစ်) တို့သည် မိတ္ထီလာမှ ရန်ကုန်မြို့သို့ ခရီးသည်တင် အမြန်ယာဉ်ဖြင့် လိုက်ပါလာခဲ့ရာ ဖေဖော်ဝါရီ  ၂၁ ရက်  နံနက် ၅ နာရီအချိန်ခန့်၌ အောင်မင်္ဂလာအဝေးပြေးဝင်းသို့ ရောက်ရှိခဲ့ပြီး၊ ယင်းသို့ရောက်ရှိစဉ် အမျိုးသားတစ်ဦးက ဦး---၏ အနားသို့ လာ၍ ခရီးဆောင်အိတ်အား ဆွဲယူကာ သွားမည့်နေရာသို့ ပို့ဆောင်ပေးမည်ဟုဆိုကာ ၎င်းတို့အား အသက် ၂၇ နှစ်ဝန်းကျင်ခန့်ရှိ ယာဉ်မောင်းတစ်ဦး ရှိနေသော အငှားယာဉ်တစ်စီးပေါ်သို့ တင်ပေးခဲ့ပြီး ၎င်းပါ အဆိုပါယာဉ်ဖြင့် လိုက်ပါလာခဲ့သည်။ဦး--မှ ဒဂုံတောင်၊  ၁၀၄ ရပ်ကွက်သို့ ငွေကျပ် ၆၀၀၀ ဖြင့် ငှားရမ်း စီးနင်းလိုက်ပါလာခဲ့ရာ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် ရတနာအိမ်ရာအနီးအရောက်တွင် ခရီးဆောင်အိတ် သယ်ဆောင်ပေးခဲ့သူက ဦး----၏ လည်ပင်းအား ဓားဖြင့်ထောက်ပြီး  ဦး---နှင့် ၎င်း၏ ဇနီးဖြစ်သူတို့ထံမှ ရွှေဆွဲကြိုး တစ်ကုံး၊ ရွှေလက်စွပ် တစ်ကွင်း၊ ဖုန်းနှစ်လုံး နှင့် ခရီးဆောင်အိတ်တို့အား လုယူကာ ထွက်ပြေးမောင်းနှင်သွားခဲ့သည်။“ကျူးလွန်သူတွေကိုတော့ ဖမ်းဆီးရမိခြင်း မရှိသေးပါဘူး။ အမြန်ဆုံး ဖမ်းဆီးရမိဖို့ ဆောင်ရွက်သွားမှာပါ။ အခုလိုဖြစ်စဉ်တွေ ဖြစ်ပွားနေမှုတွေနဲ့ ပတ်သက်ပြီး အငှားယာဉ်စီးတဲ့ ခရီးသည်တွေအနေနဲ့ ကိုယ်ငှားစီးတဲ့ ကားရဲ့နံပါတ်ကို မှတ်ပြီး စီးစေချင်ပါတယ်”ဟု ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။အဆိုပါဖြစ်စဉ်မှ ကျူးလွန်သူများအား ဒဂုံဆိပ်ကမ်း မြို့မရဲစခန်းမှ (ပ)၂၉၀/၁၆၊ ပြစ်မှုပုဒ်မ ၃၈၂ ဖြင့် အမှုဖွင့်ထားသည်။

Most Read

Most Recent