ပဒေါင်တို့ရွာ

ပဒေါင်တို့ရွာ
Published 21 February 2016
ကိုနေ (မန်း)

နိုင်ငံခြားသား ပြည်ပခရီးသွား တိုးရစ်တွေ ညောင်ရွှေအင်းလေးဒေသ တကြောကို လာရောက်လည်ပတ် စေဖို့အတွက် ဆွဲဆောင်တဲ့ တိုင်းရင်းသား လူမျိုးနွယ်စုထဲမှာ အင်းသားတွေက အဓိက နံပါတ်တစ် မဟုတ်ပြန်ဘူး။ မြို့ထဲက ဟိုတယ်၊ စားသောက်ဆိုင် ကြော်ငြာမီနူးတွေ၊ ခရီးသွား ကုမ္ပဏီ လေကြောင်း ကုမ္ပဏီ ကြော်ငြာတွေ၊ ပိုစတာတွေမှာ ကြီးစိုး နေရာယူထားတာက ပဒေါင် လူမျိုးတွေပါ။ လည်ပင်းမှာ ကြေးကွင်းတွေ အများကြီး စွပ်ထားတဲ့ လည်ပင်းရှည် ပဒေါင်လူမျိုး အမျိုးသမီးတွေပါ။ မြန်မာ့တောင်တန်းနေ တိုင်းရင်းသား လူမျိုးနွယ်စုထဲမှာ ပဒေါင်ဟာ အထူးခြားဆုံးနဲ့ နိုင်ငံတကာက စိတ်ဝင်စားမှု အရှိဆုံးပါ။ သူတို့ဟာ မူလနေထိုင်ရာ တောင်ပိုင်း ကယားပြည်နယ်ကနေ ခေတ်အဆက်ဆက် စစ်ပွဲတွေကြောင့် ပြောင်းရွှေ့လာတာလို့ ဆိုကြတယ်။ များစွာသော ပဒေါင်တွေဟာ နယ်စပ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံ မြောက်ပိုင်းက ‘လည်ပင်းရှည်’ ကျေးရွာများဆီ ရောက်ရှိသွားကြတယ်တဲ့။ ထိုင်းမှာတော့ တိုးရစ်တွေက ဒေါ်လာပေးပြီး သူတို့နဲ့ ဓာတ်ပုံ တွဲရိုက်ကြရတယ်။ လက်ရှိ (၁၉၉၀ များ) မှာတော့ မြန်မာနိုင်ငံမှာ တိုးရစ်တွေ နည်းပါးတဲ့တိုင်အောင် ဝင်ရောက်လာသမျှနဲ့ ဓာတ်ပုံတွဲရိုက် အခကြေးငွေ ရယူဖို့ ညောင်ရွှေတစ်ဝိုက်မှာ လည်ပင်းရှည်ရွာတွေ ပေါ်ပေါက်လာပါတယ်။ တစ်မနက်မှာ ကျွန်တော် သွားကြည့်ခဲ့တယ်။လူထူးလူဆန်းအဖြစ် ရှိုးပွဲပြသခြင်းဟာ ပဒေါင်အမျိုးသမီးတွေ အတွက်တော့ အထူးအဆန်း မဟုတ်လှပါဘူး။ သူတို့ဟာ မန္တလေး ရတနာပုံ နေပြည်တော်က မြန်မာဘုရင်တွေရဲ့ ရှေ့မှောက်မှာ လူထူးလူဆန်း အနေနဲ့ အပြခံရဖူးတယ်။ အကယ်၍သာ ဇာတ်လမ်း တစ်ခုက ယုံကြည်ရတယ်ဆိုရင် ဆာဂျော့စကော့ ဆယ်ကျော်သက်တုန်းက လန်ဒန်မှာ ပဒေါင် အမျိုးသမီးတွေ ပြပွဲသွင်းတာကို မြင်တွေ့ခဲ့ဖူးတယ်တဲ့။   ‘မြန်မာနိုင်ငံမှ ကြေးကွင်းစွပ် အလှမယ်ကလေးများ’ ဆိုတဲ့ ရှိုးပွဲ လာကြည့်သူ လူငယ်ကလေး စကော့ရဲ့ စိတ်ထဲကို ဝင်ကြည့်စမ်းပါ။ တစ်နေ့နေ့မှာ ငါဟာ အဲဒီ အံ့ဖွယ်ထူးဆန်းတဲ့ လူမျိုးနွယ်စုတွေ နေထိုင်ရာ အိပ်မက်တိုင်းပြည်ကို မရောက်ရောက်အောင် အလည်သွားမယ်လို့ ဆုံးဖြတ်ခဲ့ပုံပါ။ ကျွန်တော့် အနေနဲ့ကတော့ စကော့လူငယ် ဘဝများဆီက လန်ဒန်ကို ပဒေါင်တွေ လာလည်တယ် ဆိုတာနဲ့ ပတ်သက်တဲ့ အထောက်အထား ခိုင်ခိုင်လုံလုံတော့ ရှာမတွေ့သေးဘူး။ ဒါပေမဲ့  မြန်မာနိုင်ငံက တိုင်းရင်းသားတစ်ဖွဲ့ဟာ ၁၉၃၀ ပြည့်နှစ်များဆီက ရောက်လာခဲ့တယ်။ ‘ဘာထရန်မေးလ်ဆပ်ကပ်’ အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ပါ။ အဲဒီတုန်းက အောင်မြင်မှုအကြီး အကျယ်ရခဲ့တယ်။‘ဆိုင်ရီဘာထရန်မေးလ်’ က မိမိတို့ တွေ့ကြုံခဲ့သမျှ၌ ဆွဲဆောင်မှု အရှိဆုံး အကြီးမားဆုံး အောင်မြင်မှု ရရှိခဲ့သည့် ကြားပေါက်ရှိုးပွဲ’ ရယ်လို့ မှတ်တမ်းတင် ဖော်ပြခဲ့ပါတယ်။ လန်ဒန်တွင် ရေပန်းစားခဲ့သည့် ပန်ကန်ပြား နှုတ်ခမ်းနှင့် အိုဘန်ဂီချရီ အမျိုးသမီးများထက် ပိုမိုအောင်မြင်ခဲ့ကြောင်း ဆိုတယ်။ကနဦး ပဒေါင်ရှိုးပွဲက အောင်မြင်တဲ့အတွက် ဆပ်ကပ်စကောက်တွေက မြန်မာပြည်ကိုသွားပြီး ဒုတိယမြောက် ပဒေါင်အဖွဲ့ကို ရှာဖွေစီစဉ်တယ်။ တောင်ဘက် ‘ပက်ကောင်း’ ရွာဆီ ဦးတည် သွားရောက်ဖို့အတွက် ညောင်ရွှေကို ဖြတ်သန်းသွားခဲ့တယ်။ အဲဒီခရီးကတော့ ဒုက္ခသုက္ခ အမျိုးမျိုးနဲ့ ကြုံရကြောင်း မေးလ်က ပြန်ပြောင်းပြောပြတယ်။“လမ်းဆိုတာကလည်း တောလမ်းတောင်လမ်းထက် မပိုဘူး။ ဘီးတပ်ကားကို နွားတွေက ဆွဲပြီး သွားရတယ်။ သယ်ယူပို့ဆောင်ရေး ဆိုတာကလည်း အဲဒီ မီးကျိုးမောင်းပျက် ကားနဲ့ရယ်ပဲ။ ငှားရမ်းခ အထွေထွေ ကုန်ကျစရိတ်က တစ်မိုင်ကို ၇ သျှီလင်လောက် ကျတယ်” တဲ့။ပက်ကောင်းရောက်တော့ ဆပ်ကပ် ကင်းထောက်က ဘိလပ်သွားဖို့ သက်သက်ကိုသာ ထက်သန်တဲ့ ပဒေါင်မ တစ်သိုက်ကို တွေ့တယ်။ ပထမဆုံးအကြိမ် ဘိလပ်ကို သွားခဲ့တဲ့ တစ်သုတ်တုန်းက ကောင်းကောင်းမွန်မွန် ဆက်ဆံခံခဲ့ရတယ်လေ။ ပြီးတော့ အဲဒီခေတ် အဲဒီအခါနဲ့ ငွေတွေလည်း အများကြီး ရလိုက်တယ်။ မေးလ်စ်က ဒီလိုရေးသား မှတ်တမ်းတင်ခဲ့တယ်။ပဒေါင်ရွာတွင် ခေါင်ရည်ချက်သည့် ပြောင်းကောက်များ နေလှန်းထားပုံ
ပဒေါင်ရွာတွင် ပဒေါင်တိုင်းရင်းသူတစ်ဦး ဂျပ်ခုပ်ယက္ကန်းယက်နေပုံ
“ပက်ကောင်းက စထွက်လာတော့ ပဒေါင်တွေဟာ အာဟာရ မပြည့်တဲ့ အရိုးပေါ် အရေတင်တွေပဲ။ သူတို့ရဲ့ အဝတ်အစားတွေ ဆိုတာလည်း စုတ်ပြတ်သတ်နေတာ။ ပြီးတော့ အရင်က သူတို့က ဘယ်တော့မှ ဖိနပ် မစီးဘူး။ အဲဒီတော့ သူတို့ကို ရန်ကုန်မှာ အကုန် ပြင်ဆင်သွားရတယ်။ ဘိလပ်အသွား သင်္ဘောပေါ်မှာ သူတို့ကို သေချာဝလင်အောင် ကျွေးမွေးပြုစုသွားရတာ။ ဒီတော့ သူတို့က ကျန်းမာဝဖြိုး နေတော့တာပေါ့” တဲ့။ထိုပဒေါင် အမျိုးသမီး တစ်သုတ်ဟာ အင်္ဂလန်မှာ နှစ်ထပ်ဘတ်စ်ကားနဲ့ လျှောက်ပတ်လှည့်လည်တယ်။ အပေါ်ထပ်မှာ အိပ်ခန်း သုံးခန်းပါတယ်။ အောက်ထပ်မှာ မီးဖိုချောင် ထမင်းချက်ခန်းနဲ့ ထမင်းစားခန်း ပါတယ်။ သူတို့ဟာ သူတို့ လျှာနဲ့ မကိုက်တဲ့ အရသာ မလေးမနက် ပေါ့ရွှတ်ရွှတ်နဲ့ အင်္ဂလိပ် အစားအစာတွေနဲ့ အထာကျဖို့ မနည်း ရုန်းကန်ခဲ့ရတာ။ သူတို့ရဲ့ ဟင်းခပ်အမွှေးအကြိုင် အစပ်တောင့်တမှု ဘယ်လောက်ပြင်းထန်သလဲဆိုရင် မီးဖိုချောင်ပစ္စည်း ဝယ်သူကြောင့် ရောက်လေရာရာ မြို့တိုင်းက စတိုးဆိုင်တိုင်းမှာရှိတဲ့ ငရုတ်သီးမှုန့် ငရုပ်ကောင်းမှုန့် အစပ်မှုန့် မှန်သမျှ ရှိသမျှ ကုန်သွားရောတဲ့လို့ မေးလ်စ်က မှတ်တမ်းတင်ခဲ့တယ်။ ပဒေါင်တွေအဖို့ ပြင်းထန်အေးခဲတဲ့ အင်္ဂလန် ရာသီဥတုကလည်း နောက်ပြဿနာတစ်ခုပါ။နောက်တော့ ဗြိတိသျှ ကိုလိုနီအုပ်ချုပ်ရေး ရာဇဝတ် တရားသူကြီး ဖြစ်လာတဲ့ မြန်မာပြည်အကြောင်း စာတွေလည်း ရေးတဲ့ မောရစ်ကောလစ်ကလည်း ပြောဖူးတယ်။ သူငယ်ငယ်က ပစ်ကာဒယ်လီမှာ ပဒေါင်ရှိုးကို ခြောက်ပဲနိပေးပြီး ကြည့်ခဲ့ဖူးသတဲ့။ စည်းခြားထားတဲ့ အဟန့်အတား နောက်က လူထူးလူဆန်းတွေအဖြစ် ပြသခဲ့တဲ့ ပဒေါင်တွေကို လူအုပ်နဲ့အတူ တအံ့တသြ ပါးစပ်အဟောင်းသားနဲ့ ကြည့်ခဲ့ကြသတဲ့။ ပဒေါင်မ တစ်ယောက်က ‘ဘာကာ’ စတိုးကနေ သူမဝယ်လာတဲ့ သားမွှေးအင်္ကျီကို ဝတ်လို့။ ကျန်တာတွေကလည်း သိုးမွှေး အင်္ကျီတွေနဲ့။တကယ်တော့ ပဒေါင်အမျိုးသမီး တစ်ယောက် အနေနဲ့ သူမရဲ့ ပထမဆုံး ကြေးကွင်းကို သူမရဲ့ အသက် ခြောက်နှစ်မှ ၁၀ နှစ်အတွင်းမှာ စတင် ဝတ်ဆင်ရတာပါ။ ထို မင်္ဂလာ နေ့ထူးနေ့မြတ်ကို ရိုးရာဓလေ့အတိုင်း ကြက်ရိုးကို အသုံးပြုပြီး နေ့ကောင်းရက်သာ အခါတော်ပေး ရွေးချယ်ရပါတယ်။ ပြီးရင် သူမရဲ့ လည်ပင်းကို အုန်းနို့၊ တိရစ္ဆာန် အဆီတို့နဲ့ ဆေးကြောလိမ်းကျံ ရတယ်။ ကြေးကွင်းက လူကြီးလက်သန်းလောက် တုတ်တယ်။ အဲဒီကစလို့ အဲဒီမိန်းကလေး အသက်အရွယ် ကြီးရင့်လာတဲ့အထိ တစ်နှစ်လျှင် ကြေးကွင်း တစ်ကွင်း တိုးပြီး စွပ်ရတယ်။ ကြေးကွင်းတွေက လည်ပင်းကို ပိုမရှည်စေပါဘူး။ ဒါပေမဲ့ လည်ပင်းပိုရှည်လာဖို့ လိုအပ်တယ်ဆိုတဲ့ စိတ်ရဲ့ လှည့်စားမှုကြောင့် ပဒေါင်မတွေရဲ့ ပုခုံး ညှပ်ရိုးနဲ့ နံရိုးတွေဟာ အောက်သို့ နိမ့်ကျလာနေတယ်လို့ အံ့ဖွယ်တွေ့ရှိရတဲ့ ဓာတ်မှန်ရိုက် သုတေသနပြုချက် တစ်ခုက ဆိုတယ်တဲ့။တစ်ခါတရံမှာ ပဒေါင်တွေဟာ လက်ကောက်ဝတ်၊ ခြေကျင်းဝတ်တို့မှာလည်း ကြေးကွင်းတွေ ဝတ်ဆင်လေ့ ရှိတယ်။ လည်ပင်းက ကြေးကွင်းတွေက သူမကို လည်ပင်းညှစ်ထားသလို ဖြစ်စေတာကြောင့် သူမရဲ့ အသံဟာ အစ်တစ်တစ် ဖြစ်နေတယ်။ လက်ပြင် နည်းနည်း ကုန်းသလို ထူးခြားတဲ့ လမ်းလျှောက်ဟန် ရှိစေတယ်။ ခြေကျင်းဝတ် ကြေးကွင်းတွေကြောင့် ဘဲသွားသွားသလိုမျိုး ယက်ကန်ယက်ကန် ဖြစ်နေတတ်တယ်။ စကော့ရဲ့ ဂေဇက်တာ ငါးအုပ်ပေါင်း လေးတွဲစာလောက် ရှိတဲ့ စုစုပေါင်း ပေါင် ၅၀ လောက်သော သတ္တုတွေကို သယ်ဆောင်နေရတာကိုး။ ဒါပေမဲ့ ဒါတွေဝတ်တဲ့ ပဒေါင်တွေဟာ အဆင်တန်ဆာ အလှအပတွေဝတ်ပြီး ပေါ်ကြော့တွေ မဟုတ်ဘူး။ ပဒေါင် မိန်းမတွေဟာ သိပ် အလုပ်ကြိုးစားတဲ့ တောသူတောင်သားတွေပါ။ သူတို့က ရေခပ်တယ်။ တောင်ယာလယ်တော ဆင်းတယ်။ ဈေးသွားပြီး ဈေးရောင်းတယ်။ ကလေးတွေလည်း မွေးမြူထိန်းကျောင်း လိုက်သေးတယ်။ ဒီကြားထဲက မန်ကျည်းရွက်ရည်၊ ရှောက်ရည်တို့နဲ့ ပြောင်လက်အောင် ပွတ်တိုက်ထားတဲ့ ကြေးကွင်းတွေကို ဘယ်တော့မှ မချွတ်ဘူး။ အိပ်ချိန်မှာတောင် မချွတ်ဘူး။ နှစ်တွေကြာလာတော့ လည်ပင်းကြွက်သားတွေကလည်း ကျင့်သားရလာပြီး ခံနိုင်ရည် ရှိလာပြီလေ။ စကော့က မှတ်တမ်းတင် ရေးသားခဲ့တာ ရှိတယ်။“တစ်ခါက ခရစ်ယာန် သာသနာပြု မစ်ရှင်တစ်ယောက်က ပဒေါင်အမျိုးသမီး တစ်ယောက်ကို ဖျောင်ဖျ နားချဖူးတယ်။ သူမရဲ့ အရွယ်ရောက်လို့ ကြေးကွင်းစွပ် မင်္ဂလာကို မလုပ်ဘဲ စွန့်လွှတ်လိုက်ဖို့ပါ။ ကလေးမရဲ့ လည်ပင်းကြေးကွင်းစွပ် မင်္ဂလာက ကြက်မသေ တစ်ကောင်ကို စွပ်နေပုံမျိုးနဲ့ အလွန်နာကျင်မယ်လို့ ယူဆတာကြောင့်ပါ။ ဒါပေမဲ့ သူတို့က လက်မခံပါဘူး”။ကမ္ဘာမှာတောင် မရှိဘဲ ဒီလို ထူးခြားတဲ့ ကြေးကွင်းစွပ် အလေ့အထဟာ ဘယ်တုန်းကနေ ဘယ်လိုကြောင့် အစပြုခဲ့တယ် ဆိုတာကို ပဒေါင်တွေတောင် မသိပါဘူး။ သီအိုရီ တစ်ခုကတော့ ရှေးက ငွေဝယ်ကျွန်ပြုသူ လူမှောင်ခိုသမားတွေ စိတ်မဝင်စားအောင် ပဒေါင်မတွေ အနေနဲ့ ဆွဲဆောင်မှု မရှိအောင် ဖန်တီးလုပ်ဆောင် ထားတာတဲ့။ တကယ်တော့ ပဒေါင်တွေက ကြေးကွင်းတွေကို အလှအပ အနေနဲ့ အမြတ်တနိုး ဝတ်ဆင်ကြတာပါ။ နောက်သီအိုရီ တစ်ခုက တောင်ယာအလုပ် ကြိုးစားတဲ့ ပဒေါင်မတွေကို တောထဲမှာ ကျား၊ ကျားသစ်စတဲ့ တောကောင်သားရဲတွေရဲ့ရန်မှ ကာကွယ်ဖို့ပါတဲ့။ ကျားတွေ ကျားသစ်တွေက လည်ကုပ်ကို ခဲလေ့ရှိတာကိုး။ ဒါမှမဟုတ် ကျွန်တော်တွေ့ဖူးတဲ့ ရွှေပလောင်တွေလို သူတို့ရဲ့ မူလအစ စိတ်ကူးယဉ် ဒဏ္ဍာရီထဲကအတိုင်း ဝတ်ဆင်မှု ဓလေ့လေလား။ ပဒေါင်တွေရဲ့ ရိုးရာယုံကြည်မှုအရ သူတို့ဟာ လေနဲ့အလိုအလျှောက် သန္ဓေတည်ခဲ့တဲ့ နဂါးမက ဆင်းသက်ပေါက်ဖွား လာတာတဲ့။ ဒါကြောင့် သူတို့ရဲ့ ရှည်လျားတဲ့ လည်ပင်းဟာ သူတို့ရဲ့ မူလဘူတအစ မိခင်နဂါးမကို အစွဲပြုတာတဲ့။ညောင်ရွှေမှာရှိတဲ့ လည်ပင်းရှည် ကျေးလက်ပဒေါင်ရွာကို ဟူပင်အမည်ရ ဟိုတယ်လုပ်ငန်းတစ်ခု ကြီးကြပ်လည်ပတ်တာပါ။ အဲဒီနေရာက မဟာဗျူဟာ ကျတယ်။ အင်းလေးကန်ကို တစ်နေ့တာ လှေစီး ခရီးထွက်တဲ့ တိုးရစ်တွေအတွက် အချက်အချာ ကားဂိတ်နားမှာ ဟူပင်က စီစဉ်ထားတယ်။ ဝင်ကြေးက သုံးဒေါ်လာပါ။ နှစ်ထပ်သစ်သားအိမ်နဲ့ သက်ငယ်မိုး တဲအိမ်တစ်လုံးရှိတဲ့ ကွန်ကရစ်တံတိုင်းကာ ခြံဝင်းအတွင်းသို့ ဟိုတယ်ဝန်ထမ်းက ကျွန်တော့်ကို ဦးဆောင်ခေါ်ဆောင်သွားတယ်။
“ရိုးရာပဒေါင် နေအိမ်ပါ” လို့ ဝန်ထမ်းက တဲကို ညွှန်ပြပြီး ကျွန်တော့်ကို ရှင်းပြတယ်။ ပဒေါင် အမျိုးသမီး တစ်ယောက်က တဲအတွင်းထဲမှာ ထိုင်နေတယ်။ ရက်ကန်းစင်မှာ ပဒေါင်ရိုးရာ ဝတ်စုံအတွက် ဂျပ်ခုပ်ထည်တွေ အစမ်း သရုပ်ပြ ရက်လုပ်နေတယ်။ ‘လုပ်ငန်းခွင်မှ ပဒေါင်အမျိုးသမီး တစ်ဦး’ လို့ စာတန်းထိုးထားတယ်။ နောက်ထပ် မိန်ကလေးနှစ်ဦး ပေါ်လာတယ်။ သူတို့က လည်ပင်းမှာ ကြေးကွင်းတွေ စွပ်ထားတယ်။ ရှက်သွေးဖြန်း နီမြန်းတဲ့ မျက်နှာမှာ နှုတ်ခမ်းနီတွေ ဆိုးထားလို့။ ပဒေါင်စတိုင် ညှပ်ထားတဲ့ ပုံစံကျ ပူတင်းပန်းကန် စတိုင်ဆံပင်နဲ့ မျက်နှာဆီက ပဒေါင်မရဲ့ အပြုံးတိုင်းမှာ ရှက်သွေးဖြာနေရဲ့။ သူတို့တွေကို ကြည့်ရတာ အရုပ်ကလေးတွေနဲ့ တူနေတယ်။အလွတ်ကျက်ထားတဲ့ ရွှန်းရွှန်းေ၀ စကားတွေ မပြောခင် “စိတ်ကူးရှိတယ် ဆိုရင်တော့ ခင်ဗျား သူတို့နဲ့ တွဲပြီး ဓာတ်ပုံရိုက်နိုင်တယ်” လို့ ဝန်ထမ်းက ပြောတယ်။ “တဲထဲမှာ မိသားစုနှစ်စု နေထိုင်ကြတယ်။ ဒီပဒေါင် အမျိုးသမီးက အသက် ၃၇ နှစ်ရှိပြီ။ သူ့လည်ပင်းမှ ကြေးကွင်း ၂၅ ကွင်းရှိတယ်။ တကယ်တော့ ပဒေါင်အမျိုးသမီးလောကမှာ ၂၅ ကွင်းဆိုတာ အများဆုံး စံချိန်လို့ ဆိုတယ်။ ဟိုကလေးမက ၁၄ နှစ်၊ သူမှာကြေးကွင်း ၁၇ ကွင်း ရှိနေပြီ။ ဟိုကလေးမက ၅ နှစ်၊ သူ့မှာကြေးကွင်းက ၁၂ ကွင်း” လို့ ဝန်ထမ်းက ရှင်းပြရင်း ခေတ္တ ရပ်နားလိုက်တယ်။ ပြီးတော့ “မင်းတို့တွေ ဓာတ်ပုံရိုက်မလား” လို့ မေးတယ်။ ကလေးမတွေက ခေါင်းညိတ်တယ်။ မိန်းမကြီးကတော့ ရက်ကန်းရက် မပျက်ပါဘူး။“သူမက ပဒေါင်ရိုးရာ လွယ်အိတ်ကလေးတွေ ရက်လုပ်နေတာပါ” လို့ ရှင်းပြတယ်။“ဒီ မိသားစုတွေ ဒီမှာရောက်နေတာ ဘယ်လောက်ကြာပြီလဲ” လို့ ကျွန်တော်က မေးတယ်။“သူတို့ ဒီကို ရောက်လာတာ လွန်ခဲ့တဲ့ ၂ နှစ်လောက်က” တဲ့။ “ဒါပေမဲ့ ဒီနား ဒီဒေသက ပဒေါင်တွေက ဒီကို မလာကြပါလား။ မဟုတ်ဘူးလား” လို့ ကျွန်တော်က ထပ်မေးတယ်။ “မဟုတ်ဘူး။ ဒီနားက မဟုတ်ဘူး။ သူတို့တွေက ကယားပြည်နယ်ကနေ လာတဲ့ ဟာတွေ။ ဟိုတောင်ပိုင်းနယ်တွေကပေါ့။ ကျွန်တော်တို့က သူတို့ကို တိုးရစ်တွေ မြင်ဖူးအောင်လို့ဆိုပြီး သူတို့ကို တောင်ပိုင်းကနေ ဒီကို ခေါ်လာတာ” လို့ ဝန်ထမ်းက ရယ်ကျဲကျဲနဲ့ ရှင်းပြတယ်။ နောက်ထပ် ပလောင်မိန်းမ တစ်ယောက်က နံဘေးက သစ်သားအိမ်ထဲကနေ ထွက်ပေါ်လာတယ်။ ပလောင်အမျိုးသမီးများမှာ အထူးခြားဆုံးကတော့ သူတို့ရဲ့ နက်မှောင်တဲ့ မျက်လုံးတွေပါ။ ကြေးကွင်းတွေကြောင့် ချုပ်တည်းခံနေရတဲ့ လည်ပင်းအတွက် အလျော်အစားအလား မျက်လုံးတွေက အမြဲ ကစားနေလေ့ ရှိတယ်။ ဒါပေမဲ့ ဒီဘွားတော်ကတော့ ဟိုအဝေးကိုသာ စူးစူးစိုက်စိုက် ငေးကြည့်နေပါတော့တယ်။- ကျမ်းကိုး(၁) ဆာဂျော့စကော့ရဲ့ ‘ဗမာ’(၂)  အင်ဒရူးမာရှယ်ရဲ့ ‘ဘောင်းဘီဝတ်သူများ’

Most Read

Most Recent