ဂျပန်နိုင်ငံ၏ ဒုတိယအကြီးဆုံးကား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်သော Nissan ကားကုမ္ပဏီက မြန်မာနိုင်ငံတွင် ပထမဆုံး ကားတပ်ဆင်ထုတ်လုပ်ရေး စက်ရုံတစ်ခုကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သတင်းရရှိသည်။အဆိုပါ ကားစက်ရုံကို ပဲခူးတိုင်းဒေသကြီး၌ ၂၀၁၆ ခုနှစ်အတွင်း ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ စက်ရုံဝန်ထမ်း ၃၀၀ ဦး ခန့်အပ်သွားမည်ဖြစ်ကာ တစ်နှစ်အတွင်း ကားစီးရေ တစ်သောင်း ထုတ်လုပ်သွားရန်ရှိကြောင်း Nissan ကုမ္ပဏီက ဖေဖော်ဝါရီ ၁၇ ရက်က သတင်း ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံက ဝယ်လိုအားဟာ နိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေး ပြင်ဆင်ပြောင်းလဲမှုတွေကို လိုက်ပြီး လျင်လျင်မြန်မြန် မြင့်တက်လာမယ်လို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်” ဟု Nissan မှ တာဝန်ရှိသူများက သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။ “Nissan အနေနဲ့ မြန်မာပြည်ရဲ့မော်တော်ကား ထုတ်လုပ်ရေးလုပ်ငန်းထဲမှာ အသစ်ဝင်ရောက်လာတဲ့ ကုမ္ပဏီတစ်ခုဖြစ်ရတာကို ဂုဏ်ယူပါတယ်။ ကျွန်တော်တို့ရဲ့ ယခုမြန်မာပြည်မှာ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ဟာ ဒေသခံတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေ ဖောင်ဆောင်ပေးနိုင်မယ်လို့လည်း ထင်ပါတယ်။ ရေရှည်တည်တံ့တဲ့ စီးပွားရေး ဆက်ဆံမှုတစ်ခုကို မြန်မာပြည်မှာ တည်ဆောက်ဖို့ ကျွန်တော်တို့ စိတ်အားထက်သန်ပါတယ်” ဟု Nissan ၏ အာရှပစိဖိတ်ဥက္ကဋ္ဌ Toru Hasegawa က ပြောကြားသည်။
Nissan ကုမ္ပဏီအနေဖြင့် မလေးရှားအခြေစိုက် တန်ချောင် မော်တော်ကားလုပ်ငန်း အဖွဲ့နှင့်တွဲဖက်၍ မြန်မာနိုင်ငံအော်တို ကားဈေးကွက်အတွင်း စီးနင်းမှုများလာသော ဆန်နီတံဆိပ် ဆီဒင်ကားများကိုလည်း တပ်ဆင် ထုတ်လုပ်သွားရန်ရှိသည်ဟု သိရသည်။
Nissan ကုမ္ပဏီ၏ ယခုဖွင့်လှစ်မည့် ကားတပ်ဆင် ထုတ်လုပ်ရေးစက်ရုံသည် မြန်မာနိုင်ငံအတွင်း ပထမဆုံး ကားစက်ရုံဖွင့်လှစ်ခဲ့သော ဆူဇူကီး Suzuki Motor Corp ပြီးလျှင် ဒုတိယမြောက် ဂျပန်အော်တိုကား တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ ဖြစ်လာမည်ဖြစ်သည်။
Nissan ကားကုမ္ပဏီ၏ ပထမဆုံးကား တပ်ဆင် ထုတ်လုပ်ရေးစက်ရုံ ပဲခူးမြို့တွင် ဖွင့်လှစ်မည်ဖြစ်ပြီး တစ်နှစ်အတွင်း ကားစီးရေ တစ်သောင်း ထုတ်လုပ်မည်ဟုဆို















