ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေး တတိယနေ့ကို ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဥပဒေကြမ်း ကော်မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီများကို ဖွဲ့စည်းခဲ့သည်။ဥပဒေကြမ်း ကော်မတီကို ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၂) မှ ဦးသိန်းမြင့်က လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် လှိုင်သာယာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှ ဦးဝင်းအောင်တို့အား လည်းကောင်း တာဝန်ပေးအပ်ခဲ့ပြီး ကျန်ကိုးဦးက အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။အလားတူ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီကိုလည်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူး အပါအဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ဆိပ်ကြီးခနောင်တိုမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဒေါ်စန္ဒာမင်းအား လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဒဂုံမြို့နယ် မဲဆန္ဒနယ် (၂) မှ ဦးကျော်ဇေယျတို့အား လည်းကောင်း တာဝန်ပေးအပ်ခဲ့ပြီး ကျန်ကိုးဦးက အဖွဲ့ဝင်များအဖြစ် ပါဝင်သည်။ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်သည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၃ တိုင်းဒေကြီး (သို့မဟုတ်) ပြည်နယ်လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၆၂ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ ယင်းကော်မတီ နှစ်ခုကို ဖွဲ့စည်းလိုက်ခြင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌသည် ကော်မတီ၏ သက်တမ်းကို တစ်နှစ်သတ်မှတ်ပြီး တစ်နှစ်ပြည့်သည့်အခါ ပြန်လည်သုံးသပ်၍ လိုအပ်ပါက သင့်တော်သလို လဲလှယ် အစားထိုး တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ဥပဒေကြမ်းကော်မတီ၏ တာဝန်များမှာ နိုင်ငံတော်မှ ချမှတ်သော မူဝါဒ၊ ဦးတည်ချက်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ တည်ဆဲဥပဒေ အခြေခံပြဋ္ဌာန်းချက်များနှင့် ညီညွတ်မှု ရှိမရှိ စိစစ်ခြင်း၊ တိုင်းဒေသကြီး လွှတ်တော်က အခါအားလျော်စွာ ပေးအပ်သည့် တာဝန်များကို ထမ်းဆောင်ခြင်း၊ နိုင်ငံတော်နှင့် အများပြည်သူတို့၏ အကျိုးစီးပွား၊ လုံခြုံရေးနှင့် ပစ္စည်းလုံခြုံရေးကို အလေးထားပြီး ကာကွယ်စောင့်ရှောက်ရေးကို ဦးတည်ရမည့်အပြင် ဝန်ကြီးဌာန တစ်ခုနှင့် တစ်ခု၏ လုပ်ပိုင်ခွင့်များ၊ အစိုးရဌာန အဖွဲ့အစည်း တစ်ခုနှင့် တစ်ခု၏ လုပ်ပိုင်ခွင့်များ ရောထွေးခြင်း ရှိ မရှိ စိစစ်ခြင်း၊ သက်ဆိုင်ရာ ဥပဒေနှင့် သက်ဆိုင်သော မူပိုင်းဆိုင်ရာ အချက်အလက်များ ပြည့်စုံစွာ ပါဝင်ခြင်း ရှိ မရှိ၊ ပြဋ္ဌာန်းချက်များပြည့်စုံစွာ ပါဝင်ခြင်း ရှိ မရှိ စိစစ်ရမည်ဖြစ်ကြောင်း သိရသည်။ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ၏ တာဝန်များ အနေဖြင့် တိုင်းဒေသကြီး အစိုးရ၏ ရသုံးစာရင်းနှင့် တိုင်းဒေသကြီး စာရင်းစစ်ချုပ်၏ အစီရင်ခံစာကို စိစစ်ရာတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က လျာထားသော ရငွေများ အပြည့်အ၀ ရရှိရေးနှင့် ခွင့်ပြုသော သုံးငွေကို သတ်မှတ်ထားသော ကိစ္စအတွက်သာ သုံးစွဲထားခြင်း ရှိ မရှိ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ သုံးစွဲခြင်း ရှိ မရှိနှင့် ခွင့်ပြုသည့် ရည်ရွယ်ချက်အတိုင်း ထိရောက် မှန်ကန်စွာ သုံးစွဲခြင်း ရှိ မရှိ တို့ကို စိစစ်ရမည် ဖြစ်ကြောင်း၊ တိုင်းဒေသကြီး အစိုးရ၏ တောင်းဆိုချက်အရ ကိစ္စရပ် တစ်ခုအတွက် ခွင့်ပြုထားသော သုံးငွေတစ်ရပ်ကို အခြားကိစ္စရပ်အတွက် ခေါင်းစဉ်ပြောင်း၍ သုံးစွဲခြင်း၊ ခွင့်ပြုထားသော သုံးစွဲငွေ တစ်ရပ်ရပ်အတွက် ခေါင်းစဉ်ပြောင်းလဲ သုံးစွဲရာ၌ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးဌာနနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနက သတ်မှတ်ထားသော စည်းမျဉ်းများနှင့် ညီညွတ်မှု မရှိခြင်း၊ သက်ဆိုင်ရာဌာန အဖွဲ့အစည်းသို့ လမ်းညွှန်သင့်သော ဘဏ္ဍာငွေ သုံးစွဲပုံ နည်းလမ်း၊ အားနည်းချက်များကို တွေ့ရှိခြင်း၊ စီးပွားရေး လုပ်ငန်းများတွင် တရားသဖြင့် ယှဉ်ပြိုင်ခြင်းကို ပျက်ပြားစေရန် တစ်ဦးတစ်ယောက်က ဖြစ်စေ၊ အစုအဖွဲ့က ဖြစ်စေ လက်ဝါးကြီးအုပ် ဆောင်ရွက်မှု၊ ဈေးကစားမှုပြုခြင်းဖြင့် ပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်ရာတွင် ကူညီရမည်ဖြစ်ကြောင်း သိရသည်။ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ကော်မတီ စုစုပေါင်း ကိုးခု ဖွဲ့စည်းမည်ဖြစ်ပြီး ဥပဒေကြမ်း ကော်မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ နှစ်ရပ်ကို ဦးစွာ ဖွဲ့စည်းခဲ့ကြောင်း၊ ယခုကဲ့သို့ ဖွဲ့စည်းရခြင်းမှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒေသန္တရ စီမံကိန်း ဥပဒေကြမ်းနှင့် ၂၀၁၆ ခုနှစ် ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေကြမ်း တင်သွင်းလာသည့်အတွက် ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌက ပြောကြားသည်။
ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ဥပဒေကြမ်း ကော်မတီနှင့် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီများ ဖွဲ့စည်း















