အများပိုင်ကုမ္ပဏီ၏ လုပ်ငန်းအလားအလာ ညွှန်းတမ်းကို ကုမ္ပဏီများ အက်ဥပဒေနှင့် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေတို့နှင့်အညီ ပြုစုတင်ပြရန် လိုအပ်

အများပိုင်ကုမ္ပဏီ၏ လုပ်ငန်းအလားအလာ ညွှန်းတမ်းကို ကုမ္ပဏီများ အက်ဥပဒေနှင့် ငွေချေးသက်သေခံ လက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေတို့နှင့်အညီ ပြုစုတင်ပြရန် လိုအပ်
Published 13 February 2016
သန်းထိုက်အောင်

အများပိုင် ကုမ္ပဏီ၏ လုပ်ငန်းအလားအလာ ညွှန်းတမ်းကို မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေနှင့် ငွေချေးသက်သေခံလက်မှတ် လဲလှယ်ရောင်းဝယ်ရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ပြုစုပြီး မြန်မာနိုင်ငံ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM) သို့တင်ပြရမည်ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။အများပိုင်ကုမ္ပဏီ၏ လုပ်ငန်းအလားအလာ ညွှန်းတမ်းတွင် မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က သတ်မှတ်ထားသော ပုံစံပေါ်တွင် အခြေခံ၍ အစုရှယ်ယာများကို အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်း လုပ်ငန်းစဉ်များ၊ အများပြည်သူသို့ ကမ်းလှမ်းရောင်းချခြင်းဆိုင်ရာ သတင်းအချက်အလက်များ၊ ကမ်းလှမ်းရောင်းချမည့် အစုရှယ်ယာ၏ သတင်းအချက်အလက်များ၊ အစုရှယ်ယာ ထုတ်ဝေသူ၏ သတင်းအချက်အလက်များတို့ ပါဝင်ရမည်ဖြစ်ကြောင်း သိရသည်။ထို့ပြင် ကုမ္ပဏီ၏ သမိုင်းကြောင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ ယင်း၏ပင်မနှင့် လက်အောက်ခံ ကုမ္ပဏီများ၊ ယင်းနှင့် ဆက်စပ်သည့် ကုမ္ပဏီများ၊ ယင်း၏ဝန်ထမ်းများ စသည်တို့နှင့် ပတ်သက်သည့် သတင်းအချက်အလက်များ အပါအဝင် ကုမ္ပဏီ၏ အကြောင်းအရာ အကျဉ်းချုပ်၊ ကုမ္ပဏီ လုပ်ငန်းဆောင်ရွက်မှုနှင့် အဓိကဈေးကွက်များ၊ ကုမ္ပဏီ ရင်ဆိုင်ရဖွယ်ရှိသည့် ဆုံးရှုံးနိုင်မှု အလားအလာများ၊ အရေးကြီးသော စာချုပ်များ၊ သုတေသနနှင့် ဖွံ့ဖြိုးမှုများ စသည်တို့ ပါဝင်သော လုပ်ငန်းသုံးသပ်ချက်၊ ကုမ္ပဏီ၏ ရင်းနှီးမြှုပ်နံှမှု အစီအစဉ်ဖော်ပြချက်၊ အဓိက အစုရှယ်ယာပိုင်ရှင်များ၊ အမြတ်ဝေစုမူဝါဒ၊ အဖွဲ့အစည်း ဖွဲ့စည်းမှုပုံသဏ္ဌာန်၊ စီမံခန့်ခွဲမှုစနစ် စသည့်သတင်းအချက်အလက်များ ပါဝင်သည့် ကုမ္ပဏီ အကြောင်းအရာ ဖော်ပြချက်တို့ကို လုပ်ငန်းအလားအလာ ညွှန်းတမ်းတွင် ထည့်သွင်း ဖော်ပြရမည်ဟု သိရသည်။  မြန်မာ့ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်မှ အတည်ပြုချက် ရရှိပြီးနောက် အများပိုင်ကုမ္ပဏီသည် လုပ်ငန်းအလားအလာ ညွှန်းတမ်းကို သတင်းစာများတွင် ထည့်သွင်းခြင်းဖြင့် ဖြစ်စေ၊ အစုရှယ်ယာ ထုတ်ဝေသူ၏ မှတ်ပုံတင်ထားသည့်ရုံး၊ အစုရှယ်ယာများကို ဖြန့်ဝေသည့် ကုမ္ပဏီများ၏ရုံး၊ အများပြည်သူသို့ အစုရှယ်ယာများ ကမ်းလှမ်းရောင်းချကြောင်း ကြေညာသည့် အခမ်းအနားတို့တွင် စာရွက်စာတမ်းအနေဖြင့် အခမဲ့ဖြန့်ဝေခြင်းဖြင့်ဖြစ်စေ၊ ငွေချေးသက်သေခံလက်မှတ် ထုတ်ဝေသူ၏ ဝက်ဘ်ဆိုက်တွင် အီလက်ထရွန်နစ်ပုံစံဖြင့် ထားရှိခြင်း စသည့်နည်းလမ်းသုံးမျိုးအနက် တစ်မျိုးမျိုးဖြင့် ထုတ်ပြန်ကြေညာရမည်ဖြစ်ကြောင်း သိရသည်။၂၀၁၃ ခုနှစ် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေး ဥပဒေအရ အများပိုင် ကုမ္ပဏီတစ်ခု၏ အစုရှယ်ယာများကို အများပြည်သူသို့ တရားမဝင် ထုတ်ဝေရောင်းချပါက ထောင်ဒဏ်ချမှတ်ခံရမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ၌ လက်ရှိတွင် အများပိုင်ကုမ္ပဏီ စုစုပေါင်း ၂၀၀ ကျော်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent