ကချင်စစ်ဘေးရှောင် ကလေးငယ်များရဲ့ ပညာရေးအတွက် လှုပ်ရှားမှုများ ဆောင်ရွက်နေသူမြန်မာအလှမယ် Lဘောက်နူးရဲ့ ငယ်ဘဝဖြတ်သန်းရာ

ကချင်စစ်ဘေးရှောင် ကလေးငယ်များရဲ့ ပညာရေးအတွက် လှုပ်ရှားမှုများ ဆောင်ရွက်နေသူမြန်မာအလှမယ် Lဘောက်နူးရဲ့ ငယ်ဘဝဖြတ်သန်းရာ
Published 11 February 2016
လင်းလင်းခိုင်

Lဘောက်နူးကို နိုဝင်ဘာ ၁၄ ရက် ၁၉၉၃ ခုနှစ်မှာ မိဘများဖြစ်ကြတဲ့ ဦးကျော်မြင့်နဲ့ ဒေါ်ဘန်ထွယ်တို့က မွေးဖွားခဲ့ကြပါတယ်။ မွေးချင်းညီအစ်မ လေးယောက်ရှိတဲ့ Lဘောက်နူးက ဒုတိယမြောက်သမီးဖြစ်ပြီး  မြစ်ကြီးနားမြို့ဇာတိဖြစ်ပါတယ်။ ကချင်တိုင်းရင်းသူလေး ဘောက်နူးရဲ့ ငယ်ဘ၀ ထင်ရှားတဲ့ အမှတ်တရကတော့ အရမ်းဝတဲ့ ကလေးတစ်ယောက်၊ အစားကြီးတဲ့ ကလေးတစ်ယောက်ဖြစ်ခဲ့ခြင်း ပါပဲလို့ ဆိုပါတယ်။ “နူးနူးငယ်ငယ်က အမှတ်တရဆိုရင် အရမ်းဝတယ်။ အစားလည်း အရမ်းပုပ်တယ်။ ၁၀ တန်းလောက်အထိကို ဝခဲ့တာ။ ၁၀တန်း စာမေးပွဲဖြေခါနီးမှ ပိန်သွားလိုက်တာ အခုအထိပါပဲ။ အဲဒါကတော့ အမှတ်တရပါပဲ”လို့ Lဘောက်နူးက ဆိုပါတယ်။

သူငယ်တန်းကနေ ဆဋ္ဌမတန်း အထိကို အ.ထ.က (၃) မြစ်ကြီးနား၊ သတ္တမတန်းနဲ့ အဋ္ဌမတန်းတွေကို အ.လ.က (၃) အင်းစိန်၊ နဝမတန်းနဲ့ တက္ကသိုလ်ဝင်တန်းတွေကိုတော့ အ.ထ.က (၁) အင်းစိန်မှာ တက်ခဲ့ပါတယ်။ ငယ်စဉ်က ထူးချွန်တဲ့ ကျောင်းသားစာရင်းမှာ ပါဝင်ခဲ့ပေမယ့် အတန်းကြီးလာချိန်မှာတော့ ကျောင်းပညာရေးက အလယ်အလတ်တန်းပဲ ဖြစ်ခဲ့ပါတယ်။ အပြင်စာတွေ ဖတ်ရှုရတာ နှစ်သက်စွဲလမ်းခဲ့ပြီး အထူးကြိုက်နှစ်သက်ခဲ့တဲ့စ ာအုပ်တွေကတော့ စာရေးဆရာကောင်းသန့်ရဲ့ ‘သမီးလေးဖတ်ဖို့’ စာအုပ်နဲ့ သိုင်းဝတ္ထုတွေ ဖြစ်တယ်လို့ ပြောပြခဲ့ပါတယ်။

တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီးချိန်မှာတော့ သူနာပြုဒီပလိုမာကို သုံးနှစ်ကြာ ရွေးချယ်တက်ရောက်ခဲ့ပြီး လက်ရှိမှာတော့ အင်္ဂလိပ်ဘာသာ (အဝေးသင်) ကို ထပ်မံတက်ရောက်နေပါတယ်။  “နူးနူးငယ်ငယ်က အဘွားနဲ့နေရတာများတယ်။ မိဘတွေက ဝန်ထမ်းတွေဆိုတော့ နယ်တွေ ရွှေ့နေကြရတာလေ။ အတူနေရတဲ့ အဘွားကို အရမ်းတွယ်တာတာ။ ၁၀ တန်းရောက်တော့ အဘွားက ကင်ဆာရောဂါနဲ့ ဆုံးသွားတယ်။ အဲဒီတုန်းက တွေးမိတာက ဆေးပညာနဲ့ ပတ်သက်လို့ သေချာတတ်ကျွမ်းပြီး ပြုစုပေးနိုင်ရင် အခုထက်ပိုပြီး အချိန်ကြာကြာ ပြုစုပေးနိုင်မှာလို့။ အဲဒါကြောင့်ပဲ ၁၀ တန်းအောင်ပြီးတော့ သူနာပြု ဒီပလိုမာကို တက်ဖြစ်သွားတာ”လို့  L ဘောက်နူးက ပြောပြခဲ့ပါတယ်။

ကျောင်းပညာရေး သင်ယူနေချိန်မှာပဲ L ဘောက်နူးက အနုပညာဗီဇလည်း စတင်ဖွံ့ဖြိုးလာခဲ့တာပါ။ အေရိုးဗစ် လေ့ကျင့်တာတွေ၊ ဘင်ခရာမှာ ပါဝင်တာတွေ လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်တမ်း အနုပညာအလုပ်တွေ စတင်လုပ်ဖြစ်တာကတော့ သူနာပြုဒီပလိုမာ တန်းတက်ရင်း Queen ရပြီး နောက်ပိုင်းမှပါလို့ L ဘောက်နူးက ပြောပြခဲ့ပါတယ်။ သူငယ်ချင်းတွေက တိုက်တွန်းမှုကြောင့် Miss ပြိုင်ပွဲတွေ ဝင်ပြိုင်ခဲ့ပေမယ့် ဆုတစ်ခုမှ မရခဲ့ဘူးလို့လည်း ပွင့်လင်းစွာ ဆိုပါတယ်။ L ဘောက်နူးရဲ့ အနုပညာဗီဇကို ပိုမိုတွန်းအားပေးခဲ့တဲ့ အကြောင်းအရာကတော့ ပရဟိတစိတ်ဓာတ်ပါပဲ။ 

“နူးနူးတို့ဇာတိက ချင်ပြည်နယ်က စစ်ဘေးရှောင်ကလေးတွေ စာမသင်ရတာ တွေ့ရတဲ့အခါမျိုးမှာ အရမ်းစိတ်မကောင်း ဖြစ်ရတယ်။ ကူညီချင်ပေမယ့် တကယ်တမ်း လုပ်ကြည့်တဲ့အခါ သာမန်မိန်းကလေးတစ်ယောက်ပဲ ဖြစ်နေတော့ ဘယ်လိုမှမထိရောက်သလို အခက်အခဲတွေလည်း အများကြီးရှိနေတယ်။ အဲဒါကြောင့်ပဲ မြန်မာကိုယ်စားပြု အလှမယ်တစ်ယောက်ဖြစ်အောင် အရင်ကြိုးစားမယ်။ ပြီးမှစိတ်ကူးထဲကအတိုင်း ကလေးတွေပညာရေးအတွက် အကောင်အထည်ဖော်မယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။၂၀၁၄ တစ်နှစ်လုံးမှာ နူးနူးလိုအပ်တဲ့ လေ့ကျင့်ပြင်ဆင်မှုတွေ လုပ်ဖြစ်ခဲ့ပါတယ်။ ၂၀၁၅ ခုနှစ်မှာ ပြုလုပ်တဲ့ Miss Golden Land  ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်တဲ့အခါ Miss Supranational Myanmarအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်” လို့  L ဘောက်နူးက ဆိုပါတယ်။

“ပြိုင်ပွဲက ပြန်လာပြီးတာနဲ့ နူးနူးရဲ့ မူလရည်ရွယ်ချက်အတိုင်းပဲ စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာရေးအတွက် စတင်ဆောင်ရွက်ဖြစ်ခဲ့ပါတယ်။ ပထမအဆင့်အနေနဲ့တော့ သူတို့ စာသင်ဖို့ လိုအပ်တဲ့ ကျောင်းဆောင်ကို တည်ဆောက်ဖို့ လုပ်နေပါတယ်။ ပြီးရင် သူတို့ စာသင်ခန်းသုံး ပစ္စည်းတွေ လိုအပ်မှု၊ ဆရာလိုအပ်ချက် အပါအဝင် အခြားအရာတွေကို ကူညီဆောင် ရွက်နိုင်ဖို့ ကြိုးစားသွားပါမယ်” လို့  L ဘောက်နူးက ဆိုပါတယ်။
လက်ရှိမှာလည်း L ဘောက်နူးဟာ ကချင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို လှူဒါန်းဖို့အတွက် ကချင်ဒီဇိုင်နာတွေ စုပေါင်းပြုလုပ်တဲ့ One & Ness ဖက်ရှင်ရှိုးမှာ ပါဝင်ဖို့ စီစဉ်ထားပါတယ်။ ကချင်ပြည်နယ် စစ်ဘေးရှောင်ပြည်သူတွေရဲ့ ရန်ပုံငွေအတွက် ပြုလုပ်တဲ့ ဖက်ရှင်ရှိုးပွဲမှာ ဒုတိယအကြိမ် ပါဝင်ဖြစ်ခြင်းပါလို့ L ဘောက်နူးက ဆိုပါတယ်။ L ဘောက်နူးက အနုပညာနဲ့ ပတ်သက်လို့တော့ ပရဟိတ လုပ်ငန်းတွေလုပ်ကိုင်ရင်း အားလပ်ချိန်မှပဲ ဆောင်ရွက်ဖြစ်ပါမယ်လို့ ဆက်လက်ပြောပြခဲ့ပါတယ်။              
 
 

Most Read

Most Recent