အင်းသားတို့ရွာ

အင်းသားတို့ရွာ
Published 7 February 2016
ကိုနေ(မန်း)

ကလောကို ပြန်လည်ရောက်ရှိကြပြီးနောက် ကျွန်တော်တို့ဟာ ပိုမိုးဝေးကွာရာ အရှေ့ဘက်ဆီသို့ ကားနဲ့ခရီးဆက်ပြီး 'ညောင်ရွှေ' သို့ ဦးတည်ခဲ့တယ်။ 'ညောင်ရွှေ' ဆိုတာဟာ တစ်ခေတ်တစ်ခါက အလွန်အရေးပါတဲ့ 'ညောင်ရွှေ' စော်ဘွားအုပ်ချုပ်ရာ ညောင်ရွှေ ရှမ်းနယ်မြေ ဒေသကြီးရဲ့ မြို့တော်ဖြစ်ခဲ့တယ်။ဒါပေမဲ့ ခုခေတ်မှာတော့ ခြေထောက်နဲ့ယက်ပြီး လှေလှော်သူ အင်းသားတွေရှိရာ ကမ္ဘာကျော် အင်းလေးကန်ရှိရာ တိုးရစ်တွေ ဓာတ်ပုံရိုက်လို့ ကောင်းတဲ့နေရာဒေသရှိရာ ညောင်ရွှေနယ် အဖြစ်သာ ရပ်တည်နေတော့တယ်။
ကျွန်တော်ရောက်သွားတဲ့နေ့က ညောင်ရွှေဈေးနေ့ဖြစ်လို့ အလွန်စည်ကားလှတယ်။ အနီးအနား အင်းလေးကန်ထဲက ကျွန်းမျောတွေပေါ်က စိုက်ပျိုးသမျှ ဟင်းသီးဟင်းရွက်တွေကို  စက်လှေငယ်တွေနဲ့ ညောင်ရွှေသို့ ပို့ဆောင်ရောင်းဝယ် ဖောက်ကားကြတယ်။
အဲဒီတုန်းက ဈေးဆိုတာကလည်း ဖြစ်သလို ဆိုင်ခင်းထားပြီး ရောင်စုံတာပေါ်လင် အမိုးတွေ မိုးလို့ပါ။ ရှမ်း၊ ပလောင်၊ ဗမာဈေးဝယ် ဈေးသည်တွေ အကြားမှာ ဗောင်းထုပ် ခေါင်းထုပ်ကြီးတွေနဲ့ ပလောင်အမျိုးသမီးတွေကိုလည်း တွေ့ရတယ်။ဆည်းဆာချိန် ကျရောက်လာတာနဲ့ မြို့ဟာ ခြောက်ကပ်ဗလာကျင်းစ ပြုလာပြီ။ ည ၈ နာရီလောက် ရောက်တာနဲ့ လူသူမနေတဲ့ မြို့လို ခြောက်ကပ်နေရာက ထိတ်လန့်ခြောက်ခြားဖွယ် ကာရာအိုကေဆိုင်တွေက တေးဂီတသံတွေဟာ ညနှောင်းပိုင်းအထိ ကြီးစိုး လွှမ်းမိုးနေလေတော့တယ်။ဆာဂျော့စကော့ တစ်ယောက် ညောင်ရွှေကို ပထမဆုံး ရောက်လာခဲ့တာက ၁၈၈၇ မှာပါ။ ဖို့ဒ်စတက်မန်း စစ်ကြောင်းနဲ့အတူ ဗြိတိသျှတို့ရဲ့ ရှမ်းပြည်နယ်သို့ ဆက်လက်ချီတက် ထိုးဖောက်သိမ်းပိုက်မှု စစ်ဆင်ရေး ကာလမှာပါ။ နေမဝင် ဘုရင်ရဲ့ ဗြိတိသျှ ကိုလိုနီ အိန္ဒိယ အင်ပါယာရဲ့ အရှေ့ဆုံး အစွန်အဖျားမှ ထိုစဉ်က အကြီးဆုံးစော်ဘွား နန်းတော်များဆီ ရောက်ရှိလာခြင်းပါ။ ညောင်ရွှေစော်ဘွားကတော့ အဲဒီခေတ်က တခမ်းတနားနဲ့ ဘုန်းမီးနေလ တောက်ပခဲ့တာပါ။

ညောင်ရွှေစော်ဘွားရဲ့ ဟော်နန်းအမှုတော်ထမ်းတွေထဲမှာ အနီးကပ် လုံခြုံရေးကို တာဝန်ယူရတဲ့ သက်တော်စောင့် ကိုယ်ရံတော် တပ်ဖွဲ့ဝင်ချည်း ၁၇၀ ဦး ရှိတယ်။ စော်ဘွားရဲ့ စီးတော်ဆင်တွေကို စောင့်ကြပ်သူ ဆင်ဦးစီး ဆင်ထိန်းက လေးဦး ရှိတယ်။ စော်ဘွားကြီး နေမခရလေအောင် ကာကွယ်တဲ့ ရွှေထီးတော်မိုးက ၁၂ ဦး ရှိတယ်။ ရေလမ်းခရီးကနေ ဖောင်စကြာ တိုင်းခန်းလှည့်တဲ့အခါမှာ အင်းလေးရေပြင်မှာ ဒဏ္ဍာရီ စိတ်ကူးယာဉ်ငှက်ရုပ် ရွှေဟင်္သာငှက်ပုံစံ တည်ဆောက်ထားတဲ့ ကရဝိက် ရွှေဖောင်တော်ကြီးကို လက်ညှိုးညွှန်ရာ မောင်းနှင်ပေးမယ့် လှေလှော်သမား တက်ခတ်သမား ဦးရေကတင် ၆၀ ဦးတဲ့။ သူ့ထီးနန်းကို ဝင်ရောက်သိမ်းပိုက် လုယူသွားသူ ဖြစ်ပေမယ့် ညောင်ရွှေစော်ဘွားကြီးက အားမတန်လို့ မာန်လျှော့ရပေမယ့် ဆာဂျော့စကော့ကို သိပ်ဂရုစိုက်လှတာ မဟုတ်ပါဘူး။ အင်္ဂလန် ကျွန်းပေါ်က 'ဟမ့်ရှိုင်းယား' နယ်ထက်တောင် ပိုမိုကြီးမားကျယ်ပြန့်တဲ့ ညောင်ရွှေနယ်ရဲ့ သက်ဦးဆံပိုင် ရေမြေ့ရှင် ညောင်ရွှေစော်ဘွားကို စကော့က ဖြုတ်ချသိမ်းပိုက် အာဏာစွန့်လွှတ်စေခဲ့ခြင်း ဖြစ်ပေမယ့်လည်း စကော့က ညောင်ရွှေစော်ဘွားကို ခပ်နှိမ်နှိမ်ရယ်။
ညောင်ရွှေအနီးက အင်းလေးကန်နဲ့ အင်းသားတွေရဲ့ ဓလေ့ကြောင့် ကမ္ဘာကျော်ပါတယ်။ အင်းသူအင်းသားလို့ခေါ်တဲ့ လူမျိုးနွယ်စုဟာ တိဗက်တို-ဘားမန်း အနွယ်ဝင်တွေ ဖြစ်ပြီး တောင်ပိုင်းကနေ ရွေ့လျားဝင်ရောက် လာကြတာပါ။ မြန်မာဘုရင် အလောင်းစည်သူခေတ် (ဥရောပမှာ ကွန်စတန်တီနိုပယ်သို့ စတုတ္တအကြိမ် ခရူးဆိတ်တို့ ဝင်ရောက်လာတဲ့ ခေတ်) စစ်ပွဲတွေကြောင့် ထွက်ပြေးလာသူတွေလို့ ယူဆကြတယ်။ ညောင်ရွှေနယ် အင်းလေးကန်က အင်းသားတွေက ခြေထောက် တစ်ဖက်က လှေပေါ်ရပ်တည်ပြီး အခြားတစ်ဖက်နဲ့ ရေထဲမှာ လှေလှော်တာကတော့ လက်နဲ့သာ လှော်တတ်တဲ့ ဒီကမ္ဘာကြီးမှာ ဘယ်မှာမှ ဆင်တူရိုးမှား မရှိလို့ နိုင်ငံတကာသို့ ကျော်ကြားတာဟာ မဆန်းပါဘူး။ သူတို့က ခြေထောက်တစ်ဖက်နဲ့ ရပ်တည်ကာ ကျန်ခြေထောက်တစ်ဖက်နဲ့ တက်ကိုလှော်ခတ်ပြီး လက်က ကွန်ပစ်ပိုက်နဲ့ ငါးဖမ်းပါတယ်။ ကမ္ဘာကျော်လို့ စိတ်ဝင်တစား လာကြည့်သူ တိုးရစ်တွေကြောင့် ငါးတွေဖမ်းမမိဘဲ လန့်ပြေးကုန်လို့ အင်းသားတွေက စိတ်ဆိုးတတ်ကြရဲ့။ အထက်ဖော်ပြချက်တွေက နိုင်ငံခြားသားတွေရဲ့ အမြင်နဲ့ ချဉ်းကပ်ပုံပါ။ မြန်မာတွေကလည်း အင်းသားတွေကို ဒီလိုမြင်ပါတယ်။ရှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေနယ်၊ အင်းလေးဒေသတစ်ဝိုက် အခြေစိုက် နေထိုင်လျက်ရှိတဲ့ လူမျိုးစုတစ်စုကို အင်းသားလူမျိုးလို့ ခေါ်ပါတယ်။ အင်းလေးရေပြင်တွင် လည်းကောင်း၊ အင်းလေးကမ်းစပ် ရေတစ်ဝက် ကုန်းတစ်ဝက်၌ လည်းကောင်း၊ ရွာများကို တည်ထောင် နေထိုင်သူများဖြစ်လို့ ထိုသို့ ခေါ်ဝေါ်ခြင်း ဖြစ်ပါတယ်။ အင်းသားလူမျိုးတို့ဟာ ထိုဒေသရဲ့မူလ တိုင်းရင်းသားများ မဟုတ်ဘဲ ရှမ်းပြည်နယ်ရဲ့ လူမျိုးစုတစ်စု ဖြစ်သော်လည်း၊ ရှမ်းထက် မြန်မာပိုဆန်တယ်။ အင်းသားတို့ရဲ့ စကားအသံ လေယူလေသိမ်းတို့ဟာ အလွန်ရှေးကျသော မြန်မာစကားသံတို့နဲ့ တူပြီး မျက်နှာပုံပန်း၊ ကိုယ်ခန္ဓာ အချိုးအဆက်တို့ကလည်း မြန်မာတို့နဲ့ ဆင်တယ်။ ဒါကြောင့် အင်းသားတို့ဟာ တိဗက်-မြန်မာအနွယ်ဝင် လူမျိုးစု တစ်စုလို့ ဆိုကြတယ်။ အင်သားတို့ရဲ့ စကားလုံး ဝေါဟာရများနဲ့ ရခိုင်လူမျိုး၊ ထားဝယ်လူမျိုးတို့ရဲ့ စကားလုံးများ၊ ဆင်တူသော ဝေါဟာရများ ရှိတယ်။ ဒါကြောင့် အင်းသားတို့ဟာ ရခိုင်အုပ်စုခွဲ၊ ထားဝယ်အုပ်စုခွဲတို့နဲ့ နီးစပ်သော လူမျိုးစု တစ်စုလို့လည်း ဆိုကြပြီး အချို့ကတော့ အင်းသားလူမျိုးဟာ ထားဝယ်လူမျိုးမှ ဆင်းသက် ဆက်နွှယ်လာတယ်လို့လည်း ဆိုကြသေးတယ်။အင်းသားတို့ဟာ ထားဝယ်လူမျိုးအဆက်လို့ ဆိုကြပေမယ့် အင်းလေးဒေသကို ဘယ်လိုရောက်ရှိလာတယ်ဆိုတဲ့ အချက်မှာတော့ အယူအဆ အမျိုးမျိုး ရှိနေတယ်။ အခြေအမြစ် ခိုင်လုံတယ်လို့ မဆိုနိုင်ပေမယ့် အချို့ အယူအဆ တစ်ရပ်မှာ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းဟာ ဖောင်စကြာနဲ့ တိုင်းခန်းလှည့်လည်စဉ်က အင်းလေးသို့ ရောက်လာသောအခါ ထားဝယ်မှ ပါလာတဲ့ ဖောင်တော်အမှုထမ်း ထားဝယ်သားတစ်စု (အချို့က ညီအစ်ကိုနှစ်ယောက်လို့ဆို) ကို ထိုဒေသမှာ အခြေစိုက် နေထိုင်ဖို့ နေရာချထားပေးခဲ့ကြောင်း၊ ထိုထားဝယ်သားတို့မှ မျိုးဆက်ပြန့်ပွားပြီး လူဦးရေ တိုးတက်လာလို့ ယခုအခါ ရွာကြီးရွာငယ် ၄၀ ကျော်ခန့်အထိ ရှိလာခဲ့ကြောင်း ဆိုကြတယ်။အလောင်းစည်သူမင်း အင်းလေးကို တိုင်းခန်းလှည့်လည် ရောက်ရှိခဲ့တယ်လို့ ယူဆကြတာကတော့ တန်ခိုးကြီး ဖောင်တော်ဦး ဘုရားငါးဆူဟာ ထိုမင်းတရားကြီးရဲ့ ဖောင်တော်ဦးမှာ တင်ပြီးပူဇော်ခဲ့တဲ့ ဘုရားတွေဖြစ်လို့ပါ။ အင်းလေး အနောက်ဘက်ကမ်းက ဖောင်တော်ရွာမှ ဘုရားနဲ့ ဘုရားခေါင်တိုင်ရွာ အနီးရှိ ကွန်းတောင်ဘုရားဟာလည်း အလောင်းစည်သူမင်း တည်ထားခဲ့သော ဘုရားဖြစ်တယ်။ ညောင်ရွှေအနောက်ဘက် ချောင်းမခေါ်တဲ့ ချောင်းရှိရာ ထိုချောင်းမှာ ဖောင်တော်ဆိုက်ဆိပ်၊ ဖောင်တော်ပြန်ဆိပ်လို့ အမည်ခေါ်တွင်ရာ နေရာများဖြစ်တယ်လို့  ယခုထက်တိုင် လက်ခံယုံကြည်ကြခြင်းကြောင့် ဖြစ်တယ်။ ထို့ပြင် သလဲဦးရွာနဲ့ အင်းအလယ် ဗိုလ်တဲအကြား ရေအောက်မှာ ပုဆိုးတစ်ပတ်ခန့် လုံးပတ်ရှိသော နန်းတော် သို့မဟုတ် အိမ်တော်တိုင်များ ရှိခဲ့ရာ မင်းတစ်ပါးပါး စံမြန်းခဲ့သည့် နေရာလို့ အယူရှိကြပြီး ထိုနေရာကို အင်းသူအင်းသားများ ဖြတ်သန်းသွားလာမှု မပြုကြပါ။
အင်းသားလူမျိုးတို့ရဲ့ မူလဘူတနဲ့ စပ်လျဉ်းပြီး အချို့သုတေသီတို့ရဲ့ အယူအဆကမူ တစ်မျိုးတစ်ဖုံဖြစ်တယ်။ ယင်းတို့ အလိုမှာ ရှေးအထက် ကျော်ကာရီက တိဗက်-မြန်မာ အနွယ်ဝင် လူမျိုးများဟာ မြန်မာနိုင်ငံ အတွင်းသို့ ဝင်ရောက်လာကာ မူလပင်ရင်း အုပ်စုကြီးမှ အုပ်စုခွဲများ ခွဲထွက်ပြီး အရှေ့၊ အလယ်၊ အနောက် အရပ်ရပ်သို့ ပျံ့နှံ့သွားကြကြောင်း၊ အလယ်ပိုင်းသို့ ခွဲထက်လာတဲ့ တိဗက်-မြန်မာ အစုမှာ ရခိုင်အုပ်စုခွဲ၊ ထားဝယ်အုပ်စုခွဲ၊ အင်းသား အုပ်စုခွဲတို့ ပါဝင်ကြောင်း ယင်းတို့က တစ်ဖန် လမ်းခွဲခဲ့ကြပြန်ရာ ရခိုင်အုပ်စုခွဲဟာ ဧရာဝတီမြစ် အနောက်ဘက်သို့ ကူးကာ ရခိုင်ပြည်သို့ ရောက်သွားကြကြောင်း ဆိုတယ်။ အင်းသားအုပ်စုဟာ အင်းလေးဒေသဘက်ကို ရောက်ရှိလာကြတယ်။ တစ်ချိန်တည်းလိုလိုမှာ လမ်းခွဲထွက်ခဲ့ကြပြီး မူလဇာစ်မြစ်တူသူများဖြစ်လို့ ရခိုင်၊ ထားဝယ်၊ အင်းသားတို့ရဲ့ စကားသံ၊ ဝေါဟာရ အသုံးအနှုန်း များစွာမှာ တူညီနေခြင်းဖြစ်ကြောင်း ဆိုကြတယ်။ဘယ်လိုပဲဖြစ်ဖြစ် အင်းသားလူမျိုးတို့ဟာ မြန်မာ သို့မဟုတ်၊ ထားဝယ်ဆန်နေတဲ့ ရှမ်းပြည်နယ်ရဲ့ လူမျိုးစု တစ်စုဖြစ်ကြောင်း ဆိုရပါမယ်။ ရှမ်းလူမျိုးနဲ့ အချို့လူမျိုးတို့က သူတို့ကို အင်းမြန်မာများလို့ ခေါ်ဆိုကြတယ်။ လွိုင်ကော်မြို့အထိ ဘီလူးချောင်း တစ်လျှောက် ဘေးတစ်ဖက် တစ်ချက်မှာလည်း အင်းသားလူမျိုးများကို တွေ့ခဲ့ရတယ်။ ၁၉၅၅ ခုနှစ် ရှမ်းပြည်နယ် ဝန်ကြီးဌာန၏ အစီရင်ခံစာ အရဆိုလျှင် အင်းသားလူမျိုး စုစုပေါင်း ရှစ်သောင်းခန့် ရှိမယ်လို့ ခန့်မှန်းထားခဲ့တယ်။အင်းသားလူမျိုးတို့ဟာ ရှမ်းပြည်နယ် လူမျိုးစုများအနက် လူနေမှုအဆင့်အတန်း အတော်အတန် မြင့်သူများ ဖြစ်တယ်။ လုံ့လ ဝီရိယနဲ့ ပြည့်စုံသူများဖြစ်လို့ စီးပွားရေးလုပ်ငန်း၊ အသက်မွေးမှု လုပ်ငန်းတို့ကို တစ်မျိုးမက လုပ်ကိုင်နိုင်ကြသူများ ဖြစ်ပြီး စီးပွားရေး ခိုင်လုံတောင့်တင်းသူများ များပြားတယ်။ ဒါကြောင့် ရှမ်းပြည်နယ်မှာ အိမ်ခြေတစ်ထောင်ကျော် ရှိသော ရွာကြီးများ၊ တိုင်တရာကျော် ရှိသော ဘုန်းကြီးကျောင်းများကို အင်းလေးမှာ တွေ့ကြရတယ်။ ရေပေါ်မှာ ရွာတည်ထားပေမယ့် အိမ်ကြီးအိမ်ကောင်း များစွာကို တွေ့ရပြီး ငါးရက်တစ်ဈေးများမှာ မြို့ကြီးများမှ ဈေးများကဲ့သို့ ပစ္စည်းမျိုးစုံကို ရနိုင်တယ်။အင်းသားလူမျိုးများရဲ့ အကျော်ကြားဆုံးသော လုပ်ငန်းတစ်ရပ်မှာ အင်းလေးပိုးထည် လုပ်ငန်းဖြစ်ပြီး ဗန်ကောက်၊ ဇင်းမယ်စသော ပိုးထည်များ ရက်လုပ်တဲ့ လုပ်ငန်းကို ထိုင်းနိုင်ငံသို့ သွားရောက်လေ့လာကာ တိုးတက်ပြုပြင် လုပ်ကိုင်ခဲ့ခြင်း ဖြစ်တယ်။လယ်ယာလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းတို့ဟာ အင်းသားများရဲ့ အခြားအရေးပါတဲ့ လုပ်ငန်းများပါ။ ကျွန်းမျောများပေါ်မှာ အင်းသားတို့ ရေပေါ်ခြံများ စိုက်ပျိုးလုပ်ကိုင်ပုံဟာ အံ့သြချီးကျူးဖွယ်ပါ။ တော်ရုံ ဇွဲ၊ သတ္တိ၊ ဝီရိယမျိုးနဲ့ ထိုရေပေါ် ခြံလုပ်ငန်းကို လုပ်ကိုင်နိုင်ကြမှာ မဟုတ်ပါ။ ထိုလုပ်ငန်းများ သာမက ပန်းဘဲလုပ်ငန်း၊ ပန်းတဉ်းလုပ်ငန်း၊ ပန်းထိမ် လုပ်ငန်း၊ တံငါလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြတယ်။အင်းသားအားလုံးဟာ ဗုဒ္ဓဝါဒကို သက်ဝင် ယုံကြည်သူများဖြစ်လို့ အင်းလေးဒေသ တစ်ခွင်မှာ ကြီးကျယ်ခန့်ညားတဲ့ ဘုန်းကြီးကျောင်းများ၊ ရွှေရောင်တဝင်းဝင်း၊ ထုံးဖြူတ ဖွေးဖွေးနဲ့ ဘုရားစေတီများကို တွေ့ရလို့ ယုံကြည်ကိုးကွယ်မှုမှာ ဘယ်လောက် ရိုသေလေးစား ကိုင်းရှိုင်းကြောင်း သိနိုင်တယ်။အင်းသားလူမျိုးများရဲ့ယဉ်ကျေးမှု ထုံးတမ်းဓလေ့တို့ဟာ ရှမ်း၊ မြန်မာ ရောနှောနေပေမယ့် မြန်မာပိုဆန်တယ်။ လှူရေးတန်းရေးတို့မှာ လည်းကောင်း၊ တူရိယာ တေးဂီတ၊ အကအခုန်တို့မှာ လည်းကောင်း၊ ရှေးခေတ်မြန်မာတို့ရဲ့ လုပ်နည်းလုပ်ဟန်များကို တွေ့ရတယ်။ လက်ထပ် ထိမ်းမြားရာမှာ မြန်မာထုံးတမ်း အစဉ်အလာများကို အတော်များများ အသုံးပြုကြတယ်။ အင်းသူအင်းသား သေဆုံးလျှင် အချို့ ရေများရာ အရပ်မှာ ကျွန်းမျော၏ ရေအောက်မှာ မြှုပ်နှံကြပြီးလျှင် ရေနည်းတဲ့ ကုန်းတစ်ပိုင်း၊ ရေတစ်ပိုင်း အရပ်များမှာတော့ ကုန်းမြေသုသာန်မှာ မြှုပ်နှံသင်္ဂြိုဟ်ကြတယ်။တစ်ရွာမှာ အလှူအတန်းရှိရင် အခြားရွာများက ရွာလုံးကျွတ် မိမိတို့ရိုးရာ မောင်းဆိုင်းဝိုင်းခေါ် အိုးစည်၊ လင်းကွင်းစသည့် အတီးအမှုတ် အကအခုန်များနဲ့  သွားရောက် ကူညီလေ့ရှိကြတာကလည်း အညာမြန်မာရွာတွေနဲ့ ဆင်တူတယ်။ ဟဲရားရွာမခေါ် ရွာကြီးမှာ ဘိုးဘေးလက်ထက်က စပြီး ထင်ရှားလာတဲ့ လံစည်ခေါ် သဘင်အက တစ်မျိုးရှိရာ အပြောအဆို အပြင်အဆင်တို့ဟာ ထီးမူနန်းဟန်ပါပြီး နှစ်သက်ဖွယ် ကောင်းလှတယ်။ဝတ်စားဆင်ယင်ပုံမှာလည်း အမျိုးသားများက များသောအားဖြင့် ရှမ်းဘောင်းဘီနဲ့ တိုက်ပုံအင်္ကျီကို ဝတ်ဆင်ကြပြီး မျက်နှာသုတ်ပဝါကို ခေါင်းပေါင်းထားလေ့ ရှိကြတယ်။ ဘောင်းဘီနဲ့ တိုက်ပုံ အင်္ကျီများကို အင်းလေး ရက်ကန်းမှထွက်တဲ့ ဖျင်နီထည်များနဲ့ ချုပ်လုပ်ကြတယ်။ အချို့အင်းသား အဖိုးအိုများက ရှမ်းအမျိုးသားကြီးများလို ရှမ်းဘောင်းဘီနက်ကြီးများကို ဝတ်ဆင်ကြတယ်။ အမျိုးသမီးများက မြန်မာအမျိုးသမီးများလို ခေတ်မီ ခေတ်ဆန်တဲ့ အင်းသူအမျိုးသမီးများစွာ ရှိနေပါပြီ။  ရှမ်းပြည်နယ် လူမျိုးစုများအနက် အင်းသားလူမျိုးတို့ဟာ အခြားလူမျိုးစုံများ ကဲ့သို့ သီးခြားဝတ်စား ဆင်ယင်မှု မပြုကြပါ။    အင်းသားလူမျိုးတို့ရဲ့ စာသည် မြန်မာစာပင်ဖြစ်ပြီး အသံနေ အသံထားတွင်သာ ကွဲလွဲမှု ရှိပါကြောင်း။ကျမ်းကိုး - မြန်မာ့စွယ်စုံကျမ်း

Most Read

Most Recent