အယ်နီညိုကို အန်တုမယ့် ပြာသိုလ၏ မြေအိုးများ

အယ်နီညိုကို အန်တုမယ့် ပြာသိုလ၏ မြေအိုးများ
Published 7 February 2016
■ သက်ထိန်ဝင်း (ပခုက္ကူ )

ရွာနာမည် ကားသက်။ ပုခန်းကြီး ရှေးဟောင်းမြို့၏ အနီးနားတွင်ရှိပြီး အညာလေးရွာလေးတစ်ရွာ ဖြစ်ပါတယ်။ ရွာထိပ် ကားလမ်းနံဘေးတွင် ရေအိုးသစ်များကို ထပ်၍ ထားသည်။ ကားတစ်စီးကလည်း ရေအိုးသစ်တွေကို လာသယ်နေတယ်။ ရွာထဲကို ဝင်လိုက်သည်နှင့် အိမ်တိုင်း၏ ရှေ့ကွက်လပ်များတွင် ထုတ်လှမ်းထားသော မြေအိုး၊ မြေအင်တုံ၊ ပန်းအိုးနှင့် ညောင်ရေအိုး အစရှိသည်တို့ကို တွေ့ရပါတယ်။ ဤရွာသည်ကား အိုးလုပ်သည့်ရွာ။ တစ်နယ်လုံးမှာ မြေအိုးလုပ်သည့် ရွာဆိုလို့ ရှားရှားပါးပါး ကျန်ခဲ့သည့်ရွာ။ ယခု ပြာသိုလသည် မိုးကင်း လေကင်းသည့်အတွက် ရွာရှိ အိမ်တိုင်းတွင် အိုးရိုက်သံကို ကျယ်ကျယ်ကြားရသည်။ မကြာမီ အညာဘုရားပွဲများကလည်း တစ်ပွဲပြီးတစ်ပွဲ လာတော့မည် ဖြစ်သည့်အတွက် အိုးရောင်းရာသီကား နီးလာတယ်။ဟောင်းနွမ်းနွမ်း ဖြစ်နေသည့် အိမ်လေးအတွင်းသို့ နေရောင်ကို ကာရံထားသော ဝါးထရံ၏ အကြိုးအကြား ဆီကနေ အလင်းရောင်တို့သည် ဝင်ရောက်လာတယ်။ ကျိုးတို့ကျဲတဲ အလင်းရောင်လေးအောက်တွင် အသက်ကြီးကြီး အမျိုးသမီး တစ်ဦးက ညိုညစ်ညစ် အရောင်သန်းနေသည့် မြေအိုးတို့ကို သစ်သားပြား တစ်ခုနဲ့ ထုရိုက်နေတယ်။ မြေအိုးကို သူမလက်ထဲက သစ်သားပြားနဲ့ ထုရိုက်လိုက်တိုင်း မြေအိုးတွင် အစင်းကြောင်းလေးများသည် ခပ်စိပ်စိပ် ထင်လာတယ်။ အိုးသည်လည်း ပို၍ ကျစ်လစ်သွားပြီး တဖြည်းဖြည်းနဲ့ လုံးဝန်းလာသည်။ သူမက ခပ်မှန်မှန်ပင် သစ်သားတုတ်လေးကို ရေစွတ်လိုက် အိုးတွေကို တစ်လုံးပြီးတစ်လုံး ထုရိုက်လိုက်။အိုး ၁၀ လုံးခန့် ထုရိုက်ပြီးချိန် သူမသည် အိုးတို့ကို နေပူထဲသို့ ထုတ်လှန်းသည်။ ထို့နောက် သူမသည် အခြားတစ်နေရာ တစ်ခုသို့ ပြောင်းထိုင်လိုက်တယ်။ သူမ ပြောင်းထိုင်လိုက်သည့် နေရာ အနီးတွင် အဝတ်ဟောင်း တစ်ခုဖြင့် အုပ်ထားသည့် စိုစွတ်နေသော မြေစိုင်ခဲ ရှိတယ်။ လှည့်၍ရသော သစ်သားပြား အဝိုင်းတစ်ခုလည်း ရှိသည်။ သူမက သစ်သားပြား အဝိုင်းပေါ်ကို ပြာမှုန် အနည်းငယ် ဖြူးလိုက်ပြီး စိုထိုင်းနေတဲ့ မြေကြီးတို့ကို ဆွဲယူလုံးခြေပြီး ရှည်မျောမျောဖြစ်အောင်လုပ်ကာ သစ်သားပြားပေါ်တင်၍ ပုံသွင်းယူတော့တယ်။လိုချင်တဲ့ အနေအထားရောက်အောင် လက်နှစ်ဖက်နဲ့ ဟိုနားဖိ ဒီနားဖိ လိုက်လုပ်လို့ နေပါတယ်။ သူလိုချင်တဲ့ ပုံဏ္ဌာန်ကို ရောက်ပြီ ဆိုတာနဲ့ နောက်ထပ် မြေကြီးတွေကို ယူလိုက် လက်နှစ်ဖက် လိုသလို ပုံသွင်းလိုက် လုပ်ရင်း အချိန်အနည်းငယ် ကြာလာတဲ့ အချိန်မှာ ဆလင်ဒါပုံစံ တစ်ပေလောက် အမြင့်ရှိတဲ့ မြေအိုးပုံ ပေါ်လာပါတယ်။ အဲဒီနောက်မှာ မြေအိုးရဲ့ နှုတ်ခမ်းတွေကို လက်မလက်ညှိုးဖိပြီး လှိုင်းတွန့်သဏ္ဌာန်ပုံဖော်လို့ နေပြန်ပါတယ်။ မြေအိုးနှုတ်ခမ်းတွေကို လှိုင်းသဏ္ဌာန် ပုံဖော်လိုက်တဲ့ သူမရဲ့ လက်တွေက အိုးလုပ်ခြင်း ပညာနဲ့ ပတ်သက်ပြီး ကျွမ်းကျင်မှု၊ ရင့်ကျက်မှုနဲ့ အတွေ့အကြုံကို ပြလိုက်တာ ဆိုရင်လည်း မှားမယ် မထင်ပါတယ်။ သူလိုချင်တဲ့ပုံစံ ရောက်သွားချိန်မှာတော့ သူမအခေါ် စက်ပြင် (အိုးပုံဖော်ရာတွင် အသုံးပြုသော အောက်ခံသစ်သားပြား) ပေါ်ကနေ မြေအိုးကို ဘေးချလိုက်ပြီး နောက်ထပ် တစ်အိုးပြီး တစ်အိုး။အချောသပ်ပြီးသွားသော အိုးတို့ကို လုံမပျိုတစ်ယောက် လာယူသွားတယ်။ ဘယ်ဆီကို ယူသွားတာလဲ မေးကြည့်တဲ့အခါ ရွာအနောက်ဘက်က အိုးဖုတ်သည့် နေရာသို့။ ကျွန်တော်လည်း နောက်က လိုက်သွားသည်။ အိုးဖုတ်သည့် နေရာရောက်သည့်အခါ မီးဖုတ်ပြီးသား အိုးများကို ထပ်ထားသည်လည်း တွေ့ရတယ်။ နောက်ထပ်မီးဖုတ်ရန် ပြင်ဆင်ထားသည်ကိုလည်း တွေ့ရတယ်။ မီးဖုတ်ပြီးသား အိုးများသည် အရောင်ပြောင်းသွားတယ်။ မူလ ညိုညစ်ညစ် အရောင်ကနေ အနီရောင်။ လောင်စာအဖြစ် အသုံးပြုသည်ကား ထင်းမဟုတ်။ ထန်းလက်များ၊ ထန်းသီးဆန်ခြောက်များနှင့် နွားချေးခြောက်ပြားများ။အနီးနားတွင် တွေ့ရသည့် အမျိုးသားတစ်ဦး အိုးဖုတ်ပုံ မေးကြည့်တော့ သုံးတောင်လောက် အနက်ရှိတဲ့ အိုးဖုတ်တဲ့ ကျင်းတွေဆီ အိုးတွေ ရောက်သွားပြီဆိုရင် ကျင်းအောက်ခြေမှာ အဦးဆုံး လောင်စာအဖြစ် အသုံးပြုတဲ့ နွားချေးပြားချပ်တွေ ခံရပါတယ်။ ဒါပြီးပြီဆိုရင် ပြင်ညီသွားအောင် အိုးပဲ့ အပိုင်းအစတွေကို ခင်းရပါတယ်။ ပြီးမှပဲ ဖုတ်မယ့်အိုးတွေကို အစီအရီ တင်ရပါတော့တယ်။ အိုးတွေပေါ်မှာ ကောက်ရိုးထုံးတို့၊ ပြာတို့ အုပ်ပြီးပြီ ဆိုတာနဲ့ လေလုံအောင် အပြင်ကနေ ရွှံ့မံပြီး မီးတင်လိုက်ရပါတော့တယ်။ အိုးဖုတ်တဲ့ နေရာမှာ လောင်စာကို မနည်းလွန်း မများလွန်းအောင် ချိန်စရတာလည်း ပညာတစ်ရပ်လို့ ဆိုပါတယ်။ မီးနည်းလို့ အိုးမကျက်ရင်လည်း အိုးကောင်း မရသလို မီးများလို့ အကျက်လွန်သွားရင်လည်း အိုးကောင်း မရပါဘူး။အိုးလုပ်သူတိုင်းသည် အိုးပိုင်ရှင်များ မဟုတ်ကြ။ တချို့က ကိုယ်ပိုင်မြေကြီးဖြင့် အိုးလုပ်၊ ကိုယ်တိုင် အိုးရောင်း။ တချို့က သောက်ရေအိုး တစ်အိုးလျှင် လက်ခတစ်အိုး ငွေတစ်ရာကျပ်ဖြင့် လုပ်တယ်။ တစ်နေ့ ၁၅ လုံးလောက်တော့ ပြီးတယ်။ (အိုးခပ်သည်ဟု ခေါ်သည်။) အမျိုးမျိုးသော မြေအိုးတွေလုပ်ဖို့ အိုးလုပ်ဖို့အတွက် လိုအပ်တဲ့ မြေကြီးတွေကို ကဆုန်၊ နယုန်လလောက် ကလည်းက စုဆောင်းကြရပါတယ်။ မြေအိုးလုပ်တဲ့ မြေစေးက မိုးတွင်း မြေအစိုရဓာတ် ရှိချိန်လောက်ပဲ တူးရပါတယ်။ မြေကြီးစု၊ လောင်စာအတွက် ကောက်ရိုးတို့ နွားချေးတို့စု။ မိုကင်းလေကင်းလို့ တောင်သူလုပ်ငန်း သိမ်းတာနဲ့ အိုလုပ်ငန်းကို စကြပါတော့တယ်။ အိုးတစ်လုံး ဈေးကွက်ထဲ ၁၅၀၀/၂၀၀၀ ကျပ်။
သောက်ရေအိုးတစ်လုံး တန်ဖိုးက ၂၀၀၀ ကျပ်ဝန်းကျင်ပဲ ရှိပေမယ့် အဲဒီ ရေအိုးတစ်လုံး ဖြစ်လာဖို့ လုပ်ရတာ အင်မတန် မလွယ်လှပါဘူး။ အိုးတစ်လုံးဖြစ်ဖို့ တစ်နှစ်ပတ်လုံး စုပုံထားတဲ့ မာကျစ်နေတဲ့ မြေကြီး အစိုင်အခဲတွေကို မောင်းနဲ့ ထုထောင်းရပါတယ်။ ကြေညက်နေတဲ့ မြေမှုန့်လေးတွေ ရပြီဆိုရင်တောင် ခပ်စိပ်စိပ် ယက်ထားတဲ့ ဆန်ခါနဲ့ တိုက်ပြီး အဖြုံးခဲတွေကို ဖယ်ပစ်ရပါတယ်။ ဒါပြီးရင် သဲကြမ်းတွေကိုလည်း ဆန်ခါနဲ့တိုက်ပြီး ကျောက်ခဲတွေ ရွှံ့ခဲတွေကို ဖယ်ပစ်ရပါတယ်။ ဒီလို အဆင့်တွေ ပြီးပြီဆိုမှ မြေစေးမှုန့်တွေနဲ့ သဲနုတွေကို ရေနဲ့ နှယ်ရပါတယ်။ ရေနဲ့ နှယ်ပြီးရင် နွားသရေချပ်ပေါ်တင် ခြေထောက်နဲ့နင်းပြီး ထပ်နှယ်ရပါတယ်။ လိုသလို ပုံသွင်းနိုင်အောင် သမပြီဆိုမှပဲ အိုးလုပ်ခြင်း လုပ်ငန်းကို စတင်ရပါတော့တယ်။အိုးလုပ်ခြင်းနဲ့ ပတ်သက်ပြီး မောင်းထောင်းတာကနေ အိုးပုံကြမ်း လုပ်တာထိ တစ်နေ့ကို ၁၅ အိုးလောက်ထိတော့ ပြီးတယ်။ ကျွမ်းကျင်မှု နည်းသေးတဲ့သူတွေ ဆိုရင်တော့ ၁၀ အိုးလောက်ပဲ ပြီးတယ်။ အိုးအကြမ်းထည် ပြီးပြီဆိုရင် နောက်ထပ်နှစ်ဆင့်လောက် ထပ်ပြီး ချောရသေးတယ်။ အလုံး မညီတာတွေကို ညီအောင် တစ်ရက်ညှိပြီး အခြောက်ခံရတယ်။ ခြောက်သွားပြီဆိုမှ အိုးပတ်ချာလည်ကို ပုံဖော်တာတွေ လုပ်ရတယ်။ ဒီလိုတွေ လုပ်ပြီးပြီ ဆိုမှပဲ အိုးဖုတ်တဲ့ ကျင်းတွေဆီကို သယ်သွားပြီး ဖုတ်ရတယ်။ ညောင်ရေအိုးတို့ အင်တုံတို့လည်း ဒီအတိုင်းပဲ။ မိရိုးဖလာ အနေနဲ့ လုပ်လာလို့သာ ဆက်လုပ်ရတာ ပင်ပန်းသလောက် မရဘူး” ဟု သက်ရွာမှ အိုးလုပ်သူ ဒေါ်ကြည်အေးက ဆိုတယ်။နောက်လာမည့် ဖေဖော်ဝါရီလ ကုန်တာနဲ့ အညာမှာ စပူပါပြီ။ ဒီလို ရာသီမှာ သောက်ရေအိုးဟာ ဟောင်းနေရင် ရေက မအေးပါဘူး။ ဒါကြောင့် အညာအရပ်မှာ သောက်ရေအိုးကို ဆောင်းကုန်နွေကူးစမှာ အိုးသစ်လဲပါတယ်။ အိုးအသစ်ဆိုတော့ ရေကို ညဦးပိုင်းကတည်းက ထည့်ထားရင် နောက်တစ်နေ့ မနက်ရောက်ရင် အတော် အေးနေပါပြီ။ လမ်းနံဘေးက ရေချမ်းစဉ်တွေက သောက်ရေအိုးတွေလည်း ဒီအတိုင်းပါပဲ။ ယခု ပြာသိုလတွင် ပြုလုပ်သည့် သောက်ရေအိုးကို အညာသူ အညာသားတို့က ပြာသိုအိုးလို့ ခေါ်ပါတယ်။ အိုး အရောင်းဆိုင်တွေကလည်း “ပြာသိုအိုး ရပြီ” ဆိုတဲ့ ဆိုင်းဘုတ်ချိတ်စွဲပြီး ရောင်းကြပါတယ်။မြို့ကြီးပြကြီးတွေမှာ မြေအိုးသုံးတာ နည်းသွားနိုင်ပေမယ့် အညာအရပ်မှာတော့ တွင်တွင်ကျယ်ကျယ် သုံးနေပါသေးတယ်။ အညာအရပ်မှာ ယနေ့ခေတ်တိုင်အောင် တိုက်တွေကစ အိမ်တွေထိ သောက်ရေနဲ့ ပက်သက်လာရင် မြေအိုးတွေ သုံးကြတုန်းပါ။ ကျေးလက်မှာတော့ ပန်းကန်း၊ အဝတ်လျှော်ဖို့ အတွက်လည်း မြေအင်တုံတွေကိုပဲ သုံးကြပါတယ်။ ရေကို အေးအောင် လုပ်ပေးတဲ့ ရေခဲသေတ္တာလို ခေတ်မီပစ္စည်းတွေ ရှိပေမယ့် ရေခဲသေတ္တာထဲက ရေအေးအေးထက် မြေအိုးလေးထဲ ရေအေးလေးကိုပဲ ပိုပြီး တပ်မက်တုန်းပါ။ မြေအိုးထဲက ရေအေးက ကျန်းမာရေးနဲ့လည်း ညီညွတ်သလို ရေငတ်လည်း ပြေစေပါတယ်။ခေတ်တို့သည် မည်သို့ပင် ပြောင်းလဲ တိုးတက်စေကာမှု တချို့သော အရာတွေတွင် သဘာ၀ ပစ္စည်းများသည် ခေတ်မီပစ္စည်းများထက် အားသာမှုတွေ ရှိနေဆဲပါ။ မကြာမီ ရောက်ရှိလာတော့မယ့် အယ်နီညိုမှာ အညာသူ အညာသားတွေအတွက် အိုးလုပ်သူ အဒေါ်ကြီးရဲ့လက်အစုံနဲ့ ပြုလုပ်လိုက်သော သောက်ရေအိုးတွေဟာ ရေအေးအေးတွေ ဖန်တီးပေးမှာကတော့ သေချာနေပါတော့တယ်။

Most Read

Most Recent