လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာလုပ်သားနှစ်ဦးအမှု အယူခံ ပထမအဆင့်ကို ဖေဖော်ဝါရီ ၂၄ ရက်မတိုင်မီ တက်မည်

လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာလုပ်သားနှစ်ဦးအမှု အယူခံ ပထမအဆင့်ကို ဖေဖော်ဝါရီ ၂၄ ရက်မတိုင်မီ တက်မည်
Published 6 February 2016
ဉာဏ်ဝင်းရှိန်

၂၀၁၄ ခုနှစ် စက်တင်ဘာလက ဖြစ်ပွားခဲ့သည့် ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုတွင် သေဒဏ် ချမှတ်ခံထားရသည့် မြန်မာလုပ်သား နှစ်ဦးအမှု အယူခံ တက်ရောက်ရန်အတွက် ထိုင်းရှေ့နေများ ကောင်စီနှင့် မြန်မာသံရုံး အထူးအဖွဲ့တို့ ဖေဖော်ဝါရီ ၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ထိုနေ့ဆွေးနွေးမှုတွင် ထိုင်းရှေ့နေများကောင်စီ၏ အယူခံတက်ရောက်ရန် လျှောက်လဲချက်များအပေါ် ဆွေးနွေးခဲ့ပြီး ရေးသားမှု ပြီးစီးပါက ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တစ်ဆင့် နေပြည်တော်ရှိ ဥပဒေအကြံပေး အဖွဲ့ထံပေးပို့ကာ လိုအပ်သည့်အချက်များကို ဖြည့်စွက်၍ အယူခံ တင်ရမည့် နောက်ဆုံးရက်ဖြစ်သည့် ဖေဖော်ဝါရီ ၂၄ ရက်မတိုင်မီ အယူခံတင်သွင်းရန် ပြင်ဆင်နေကြောင်း မြန်မာသံရုံး အထူးအဖွဲ့မှ ဦးအောင်မျိုးသန့် က ပြောကြားသည်။
၎င်းက “ဒီနေ့ ဆွေးနွေးဖြစ်တာက ထိုင်းရှေ့နေများကောင်စီရဲ့ အဓိကရေးထားတဲ့ အယူခံတင်မယ့် လျှောက်လဲချက် အချက်အလက်တွေပဲ ဖြစ်ပါတယ်။ သူတို့ဘက်က ပြီးတာနဲ့ ကျွန်တော်တို့က သံရုံးကိုစာပို့မှာပါ။ အဲဒီစာကို ဥပဒေအရာရှိတွေနဲ့ ပြန်ပြီးတော့ သုံးသပ်ပြီး လိုအပ်တာတွေဖြည့်ပြီး နောက်ဆုံး အကောင်းဆုံးကို ရွေးပြီးတော့ အယူခံတင်ဖို့ပါ။ အယူခံတင်ဖို့ နောက်ဆုံးရက်က ဒီလ ၂၄ ရက်ပါ။ ဘယ်ရက်လဲဆိုတာတော့ အတိအကျ ပြောလို့မရပေမယ့် အဲဒီရက်မတိုင်ခင်တော့ ကျွန်တော်တို့လုပ်မှာပါ”ဟု ပြောကြားသည်။
နိုင်ငံတကာတွင် ထင်ရှားခဲ့သည့် ဗြိတိန်နှစ်ဦး အသတ်ခံရမှုတွင် ဥပဒေအရ ပြစ်မှုထင်ရှားခြင်း မရှိသော်လည်း ဇော်လင်းနှင့် ဝင်းဇော်ထွန်းတို့ကို လူသတ်မှု၊ မုဒိမ်းမှု အပါအဝင် အမှုပေါင်းခုနစ်မှုဖြင့် ကော့စမွီခရိုင် တရားရုံးက ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်က သေဒဏ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံသားများ အပါအဝင် စောင့်ကြည့်သူများက တရားမျှတမှုမရှိဟု အပြင်းအထန် ဝေဖန်ခဲ့ကြသည်။
ထိုသေဒဏ်ပြစ်ဒဏ်အား ပထမအဆင့် အယူခံအနေဖြင့် ဘန်ကောက်ရှိ အယူခံတရားရုံးတွင် လျှောက်ထားမည်ဖြစ်ပြီး ယင်းအဆင့်ထက်မြင့်သည့် အယူခံလည်း တင်ခွင့်ရှိကြောင်း ဦးအောင်မျိုးသန့်က ပြောကြားသည်။

Most Read

Most Recent