အမျိုးသား ပညာရေး ဥပဒေပြင်ဆင်ရေးအတွက် ဒဂုံတက္ကသိုလ်အတွင်း၌ ၂၀၁၄ ခုနှစ်က ဆန္ဒပြခဲ့မှုကြောင့် ပုဒ်မ ၁၈ ဖြင့်တရားစွဲဆို ခံထားရသည့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ ကိုနန်းလင်း၊ ကိုမင်းသုခနှင့် ကိုစည်သူမောင်တို့အမှုကို ဖေဖော်ဝါရီ ၅ ရက်က ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တရားရုံး၌ ခြောက်ကြိမ်မြောက်အဖြစ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ထိုနေ့ ရုံးချိန်းတွင် ကိုစည်သူမောင်မှ ပုဒ်မ ၁၈ အားအယုံအကြည် မရှိသဖြင့် လာရောက်အမှုရင်ဆိုင်ခြင်း မရှိသည့်အတွက် စစ်ဆေးနိုင်ခြင်းမရှိဘဲ တရားရုံးမှ ဆင့်ခေါ်စာ ထုတ်ခဲ့ပြီး ရုံးချိန်းကို ပြန်လည်ချိန်းဆိုခဲ့ကြောင်း ကိုနန်းလင်းက ပြောကြားသည်။“ဒီနေ့ ရုံးချိန်းလည်း မစစ်ဖြစ်ပါဘူး။ ကိုစည်သူမောင်ကလာပြီး အမှုမရင်ဆိုင်တဲ့အတွက် တရားရုံးက ဆင့်ခေါ်စာထုတ်တယ်။ ရုံးချိန်းကို ပြန်ချိန်းတယ်။ ကျွန်တော်တို့ကလည်း ပုဒ်မ ၁၈ ကိုလက်မခံဘူး။ ဟိုတစ်ပတ်က ပန်းဘဲတန်းတရားရုံးမှာလည်း တရားသူကြီးနဲ့ ကတောက်ကဆဖြစ်တယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။လွှတ်တော်ထဲမှ တပ်မတော်သား၂၅ ရာခိုင်နှုန်း ထွက်သွားပေးရန်နှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆန္ဒပြမှုကြောင့် ဒီဇင်ဘာ ၁၅ ရက်က ဖမ်းဆီးခံထားရသည့် ကိုနန်းလင်းက ပုဒ်မ ၁၈ ကိုအယုံအကြည် မရှိသဖြင့် ၎င်းကိုစွဲဆိုထားသည့် အမှုများကို တရားရင်ဆိုင်မည် မဟုတ်ဟု ပြောကြားထားသည်။ထို့ပြင် လာမည့်အစိုးရသစ် လက်ထက်တွင် လွတ်လပ်စွာ စုဝေးခွင့်၊ ဟောပြောခွင့်၊ စီတန်းလှည့်လည်ခွင့်စသည့် နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို အကာအကွယ် ပေးနိုင်မည့် ဥပဒေတစ်ရပ်ကို ရေးဆွဲပြဋ္ဌာန်းပေးရန် လိုအပ်ပြီး လက်ရှိငြိမ်းစုစီ ဥပဒေပုဒ်မ ၁၈ သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို အကာအကွယ်မပေးဘဲ ပိတ်ပင်တားဆီးနေသည့် ဥပဒေဖြစ်သည်ဟု ကိုနန်းလင်းက ပြောကြားသည်။ကိုနန်းလင်းက “ကျွန်တော်တို့ တကယ်တမ်း ဖြစ်စေချင်တာက နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးဖြစ်တဲ့ လွတ်လပ်စွာစီတန်းခွင့်၊ လွတ်လပ်စွာ ဟောပြောခွင့် ဒါတွေကို အကာအကွယ်ပေးတဲ့ဥပဒေ ဖြစ်စေချင်တာ။ ပုဒ်မ ၁၈ ကဒါတွေကို အကာအကွယ်ပေးတဲ့ ဥပဒေမဟုတ်ဘဲ ပိတ်ပင်တားဆီးတဲ့ဥပဒေ ဖြစ်နေတယ်။ အစိုးရသစ်အနေနဲ့ နိုင်ငံသားတစ်ဦးရဲ့ အခွင့်အရေးကို အကာအကွယ် ပေးနိုင်ဖို့အတွက် လိုအပ်တဲ့ဥပဒေကို ရေးဆွဲပါ။ ဒီလိုမျိုး မလိုအပ်တဲ့ ဥပဒေတွေကို ပယ်ဖျက်လိုက်ပါလို့ ကျွန်တော်တို့က တောင်းဆိုချင်ပါတယ်” ဟု ပြောကြားသည်။ဗကသ ကျောင်းသားခေါင်းဆောင်များ၊ တကသကျောင်းသား ခေါင်းဆောင်များနှင့် ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို ယခင်ကပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများကြောင့် ပုဒ်မ ၁၈ ဖြင့် မြို့နယ်အသီးသီးတွင် ပြန်လည်တရားစွဲဆိုမှုများမှာ ဇန်နဝါရီလနှင့် ယခုလအတွင်း ဖြစ်ပေါ်ခဲ့သည်။
ပုဒ်မ ၁၈ သည် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံသားတစ်ဦး၏ အခွင့်အရေးကို အကာအကွယ်ပေးသည့် ဥပဒေမဟုတ်ဘဲ ပိတ်ပင်တားဆီးသည့် ဥပဒေဖြစ်ဟု တကသကျောင်းသား ကိုနန်းလင်း ပြောကြား