လက်ပံတောင်းတောင် ဝမ်ပေါင်ကြေးနီ စီမံကိန်း ဖျက်သိမ်းပေးရေးနှင့် လက်ပံတောင်း ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့မှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြမှုကြောင့် ၂၀၁၅ ခုနှစ်အတွင်း ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်တရားရုံး အသီးသီးက နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ)၊ ငြိမ်းစုစီပုဒ်မ ၁၈ တို့ဖြင့် ထောင်ဒဏ်များ ချမှတ်ခံထားသည့် ဒေါ်နော်အုန်းလှ၊ ကိုနေမျိုးဇင်၊ ဦးဘမြင့်နှင့် ဦးသန်းဆွေတို့ကို ဖေဖော်ဝါရီ ၅ ရက်က လမ်းမတော်မြို့နယ် တရားရုံး၌ ပုဒ်မ ၁၈ ဖြင့် စတင်တရားစွဲဆို ရုံးထုတ်ခဲ့သည်။ယင်းနေ့ရုံးတွင် စွပ်စွဲခံရသူတို့က ယခုကဲ့သို့ အပြောင်းအလဲကာလတွင် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်မှန်ကန်ကြောင်းနှင့် တရားသူကြီးကိုယ်တိုင် လွတ်လပ်စွာ စီရင်ဆုံးဖြတ်နိုင်ကြောင်း အာမခံနိုင်မှသာ တရားခွင်ရှေ့တွင် လာရောက်အစစ်ခံနိုင်မည်ဖြစ်ကြောင်း တရားခွင်၌ ပြောကြားသည်။“ယခုအချိန် အာဏာလွှဲပြောင်းနေတဲ့ ပြောင်းလဲရေးကာလ အစိုးရသစ်လက်ထက်မှာ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်မှန်ကန်ကြောင်း၊ လက်ရှိအမှုကို တရားသူကြီးအနေဖြင့် ကိုယ်တိုင်လွတ်လပ်စွာ စီရင်ဆုံးဖြတ်နိုင်ကြောင်း အာမခံကတိပေးနိုင်မှသာ တရားခွင်ရှေ့ လာရောက်ရင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှမဟုတ်ရင် တရားခွင်ရှေ့ လာရောက်ရင်ဆိုင်နိုင်မှာ မဟုတ်ပါဘူး”ဟု ကိုနေမျိုးဇင်က တရားခွင်၌ ပြောကြားသည်။ယင်းသို့ ပြောကြားမှုနှင့် ပတ်သက်၍ တရားသူကြီးက မိမိမှာ လွတ်လပ်မှုရှိကြောင်း၊ ဖိအားမရှိကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ရုံးချိန်းကို ဖေဖော်ဝါရီ ၁၁ ရက်သို့ ပြန်လည်ချိန်းဆိုခဲ့သည်။ ထို့ပြင် စွပ်စွဲခံရသူတို့က အမှုနှင့်ပတ်သက်ပြီး ၎င်းတို့မှာ အပြစ်မရှိကြောင်း ငြင်းဆိုခဲ့ပြီး ယခုအမှုသည် တစ်နှစ်ကျော်ကြာမှ မည်သည့်အတွက်ကြောင့် ၎င်းတို့အား ပြန်လည်တရားစွဲဆိုသနည်းဟုမေးရာ တရားသူကြီးက တရားစွဲသည့် တရားလိုအား မေးမြန်းရန် ပြန်လည်ဖြေကြားခဲ့သည်။၎င်းတို့မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ၂၉ ရက်တွင် လက်ပံတောင်းတောင် အကြမ်းဖက်မှု ၂၆ လပြည့်နှင့် ဒေသခံတောင်သူ ဒေါ်ခင်ဝင်း သေနတ်မှန် သေဆုံးမှုအား အမှုမှန်ဖော်ထုတ်ပေးရေး မြို့တော်ခန်းမရှေ့မှ တရုတ်သံရုံးရှေ့အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြပြီး လမ်းလျှောက် ဆန္ဒပြရာတွင် ကျောက်တံတားမြို့နယ်၊ လသာမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ အလုံမြို့နယ်နှင့် ဒဂုံမြို့နယ်တို့အား ဖြတ်သန်းခဲ့သည်ဟုဆိုကာ သက်ဆိုင်ရာ မြို့နယ်တရားရုံးများ၌ ပုဒ်မ ၃၅၃၊ ပုဒ်မ ၁၇၄၊ ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် တရားစွဲဆိုခံခဲ့ရကာ မြို့နယ်တရားရုံး အသီးသီးက အလုပ်နှင့် ထောင်ဒဏ်လေးနှစ် ရှစ်လကျော် ချမှတ်ထားကြောင်း သိရသည်။ထိုကဲ့သို့ လမ်းလျှောက် ဆန္ဒပြရာတွင် လမ်းမတော်မြို့နယ်အား ဖြတ်သန်းခဲ့သည်ဟုဆိုကာ ၎င်းတို့လေးဦးအား ပုဒ်မ ၁၈ ဖြင့် ယခုနှစ် ဇန်နဝါရီက ထပ်မံတရားစွဲခံရခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူများထံမှ သိရသည်။စွပ်စွဲခံရသူများအနက် ဦးဘမြင့်မှာ လက်ပံတောင်းတောင် စီမံကိန်း ဖျက်သိမ်းပေးရေး ဆန္ဒပြတောင်းဆိုမှုဖြင့် မြို့နယ်တရားရုံး အသီးသီးက ထောင်ဒဏ် ၁၁ လ ကျခဲ့သူတစ်ဦးဖြစ်ပြီး ဇန်နဝါရီလအတွင်းက လွှတ်ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ယခုစွဲဆိုသော အမှုတွင် အာမခံယူထားကြောင်း ၎င်း၏ပြောပြချက်အရ သိရသည်။ထို့ပြင် လက်ပံတောင်းတောင် ဒေသခံ ဒေါ်ခင်ဝင်း သေနတ်ထိမှန် သေဆုံးခဲ့မှု အမှုမှန်ပေါ်ပေါက်ရေး ဆန္ဒပြမှုကြောင့် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တရားရုံး အသီးသီးက အင်းစိန်တွင် ထောင်ဒဏ်ငါးနှစ်ကျော် ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှကို ၂၀၁၄ ခုနှစ်အတွင်း ရှစ်လေးလုံး (၂၆) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တာမွေမှ ကျောက်တံတားမြို့နယ်အထိ လမ်းလျှောက်ဆန္ဒပြမှုဖြင့် လက်ရှိအချိန်တွင် တာမွေမြို့နယ်၊ မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် ဗိုလ်တထောင်မြို့နယ် တရားရုံးတို့၌ ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရကြောင်း သိရသည်။
ပုဒ်မ ၅၀၅ (ခ)၊ ပုဒ်မ ၁၈ တို့ဖြင့် ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ဒေါ်နော်အုန်းလှ၊ ကိုနေမျိုးဇင်၊ ဦးဘမြင့်နှင့် ဦးသန်းဆွေတို့အား လမ်းမတော် တရားရုံးတွင် ပုဒ်မ ၁၈ ဖြင့် ထပ်မံတရားစွဲဆို