ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဥပဒေကြမ်း ကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီများ ဖွဲ့စည်း

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ဥပဒေကြမ်း ကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီများ ဖွဲ့စည်း
Published 5 February 2016
စိုးမင်းထိုက်၊ ငြိမ်းဇော်လင်း၊ မျိုးမင်းထက်

ပြည်သူ့လွှတ်တော်နှင့် အမျိုးသား လွှတ်တော်တို့တွင် ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီများကို ဖေဖော်ဝါရီ ၄ ရက် လွှတ်တော် အစည်းအဝေးများတွင် ဖွဲ့စည်းခဲ့သည်။
ပြည်သူ့လွှတ်တော် အမြဲတမ်းကော်မတီ လေးခုအနက် ဥပဒေကြမ်းကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီတို့ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဖေဖော်ဝါ ရီ ၄ ရက် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမ ပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် ဖွဲ့စည်းခဲ့သည်။
ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးထွန်းထွန်းဟိန်ကို ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးစတီဖန်ကို အတွင်းရေးမှူးအဖြစ် လည်းကောင်း တာဝန်ပေးအပ်ခဲ့သည်။
ထို့အတူ ပြည်သူ့ငွေစာရင်း ကော်မတီကိုလည်း အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးအောင်မင်းကို ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခင်မောင်သန်းကို အတွင်းရေးမှူးအဖြစ်လည်းကောင်း တာဝန်ပေးအပ်ခဲ့သည်။
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းခဲ့သော ကော်မတီများတွင် ယခင်လွှတ်တော် သက်တမ်းက လေ့လာသူအဖြစ်သာ ပါဝင်ခဲ့သည့် တပ်မတော်သား ကိုယ်စားလှယ်များကို ကော်မတီဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းခဲ့သည်။
ပြည်သူ့လွှတ်တော်က ဖွဲ့စည်းလိုက်သော ကော်မတီများသည် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဖြစ်ကြောင်း၊ ကော်မတီ၏သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းအတိုင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ပြောကြားသည်။
ထို့အတူ ကော်မတီဝင်များသည် ကော်မတီတွင် ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ တည်ဆဲ အခြား ဥပဒေတစ်ရပ်ရပ်အရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိကြောင်း၊ ကော်မတီ အစည်းအဝေး တက်ရောက်နေစဉ်အတွင်း လွှတ်တော်ဥက္ကဋ္ဌ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိကြောင်း၊ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်းခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ လွှတ်တော် ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများ တက်ရောက်ခွင့်ရှိကြောင်း သိရသည်။
“တချို့ဥပဒေတွေက အမျိုးသားလွှတ်တော်မှာ ကျန်တယ်။ တချို့က ပြည်သူ့လွှတ်တော်မှာ ကျန်တယ်။ အဲဒီဥပဒေကြမ်းတွေက လောလောဆယ် ကိုယ့်လက်ထဲမှာ ရှိနေတယ်ဆိုတော့ စပြီးတော့ လုပ်ရမှာပေါ့။ ဒါပေမဲ့ လွှတ်တော်ဥက္ကဋ္ဌက ဒါတွေကို စပြီးတော့ လုပ်ရမှာပေါ့”ဟု ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်ဦးဘရှိန်က ပြောကြားသည်။
ပထမအကြိမ် လွှတ်တော်သက်တမ်းတွင် ဆောင်ရွက်ရန် ဥပဒေကြမ်း ၂၃ ခု ကျန်ရှိခဲ့ပြီး ဒုတိယအကြိမ် လွှတ်တော်သက်တမ်းတွင် ပြည်ထောင်စုလွှတ်တော် နာယက၏ ခွင့်ပြုချက်ဖြင့် ပြန်လည် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော်၏ အမြဲတမ်းကော်မတီ ဖြစ်သော လွှတ်တော် အခွင့်အရေးကော်မတီနှင့်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီတို့ကို ဖေဖော်ဝါရီ ၅ ရက်တွင် ပြုလုပ်မည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆက်လက် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသားလွှတ်တော် အစည်းအဝေးသို့ တက်ရောက်လာသော ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်းကို တွေ့ရစဉ်
ထို့အတူ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီနှင့် ပြည်သူ့ငွေစာရင်း ကော်မတီများကို ဖေဖော်ဝါရီ ၄ ရက်က ဖွဲ့စည်းခဲ့သည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ၂၂၄ ဦးရှိသည့်အနက် ၂၂၃ ဦး တက်ရောက်ကြောင်း၊ ကယားပြည်နယ် မဲဆန္ဒနယ် အမှတ် (၉) မှ ရွေးချယ်ခံရသည့် ဦးစိုးသိန်းသည် အစိုးရအဖွဲ့ အလွှဲအပြောင်း ပြီးသည်အထိ ခွင့်တိုင်ထားကြောင်း သိရသည်။
အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးဇော်မင်း (စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်-၆)၊ အတွင်းရေးမှူးအဖြစ် ဒေါက်တာမြတ်ဉာဏစိုး  (ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် -၃)၊ ဦးအောင်ကြည်ညွန့် (မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်-၄) ဒေါ်နန်းနီနီအေး (ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်-၆)၊ ဗိုလ်မှူးချုပ် ခင်မောင်အေး (တပ်မတော်သား ကိုယ်စားလှယ်)စသည့် ၁၅ ဦးဖြင့် ဖွဲ့စည်းခဲ့သည်။
ပြည်သူ့ငွေစာရင်း ကော်မတီတွင် ဥက္ကဋ္ဌအဖြစ် ဦးစောသန်းထွန်း (ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်-၂)၊ အတွင်းရေးမှူးအဖြစ် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်၊ ဦးဂျေယောဝူ (ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်-၁)၊ ဗိုလ်မှူးချုပ် အောင်ဆန်းချစ် (တပ်မတော်သား ကိုယ်စားလှယ်) စသည်ဖြင့် ကိုယ်စားလှယ် ၁၅ ဦးဖြင့် ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။
ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်မင်းက “ဥပဒေတွေကို အတည်ပြုရာမှာ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ ကျွန်တော့်အမြင်အရ ပြောရမယ်ဆိုရင်တော့ အကျဉ်းထောင် ဥပဒေဆိုရင် အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ အပြည့်အ၀ ရဖို့လိုပါတယ်။ အဖမ်းခံထားရတဲ့ ကျောင်းသားတွေက သူတို့ကို တန်းစီးတွေက နှိပ်စက် တာတွေကို ရင်ဖွင့်သွားကြတယ်။ အဲဒီတော့ ပြည်သူတွေကို ဖိနှိပ်ထားတဲ့ ဥပဒေတွေကို ဦးစားပေး ပြင်ဆင်ရမှာပေါ့”ဟု ဆိုသည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမင်းဦးက “ကော်မတီတွေကို ဖွဲ့စည်းရာမှာ ပါတီစုံလည်း ပါရမယ်။ အမျိုးသမီးတွေလည်း ပါရမယ်။ ဒေသစုံ၊ နယ်ပယ်စုံက ပါအောင် ဖွဲ့စည်းသွားမှာပါ။ ပြည်သူ့ငွေစာရင်း ကော်မတီမှာဆိုရင် ပြည်ခိုင်ဖြိုးပါတီက ဒေါက်တာ စိုင်းဆိုင်ကျောက်ဆမ်ကို အတွင်းရေးမှူး ရာထူးပေးထားတယ်။ နောင်လည်း ကော်မတီတွေ ဖွဲ့စည်းရာမှာ ကိုယ့်ပါတီက အများစု အနိုင်ရလို့ ဥက္ကဋ္ဌနေရာတွေ၊ အတွင်းရေးမှူး နေရာတွေကို ရယူမှာ မဟုတ်ပါဘူး။ လူနည်းစုပါတီတွေကို ဘယ်တော့မှ ချန်မထားဘူး။ အခွင့်အရေးတွေ ပေးသွားမယ်”ဟု ဆိုသည်။
ဒေါက်တာမြတ်ဉာဏစိုးက လက်ရှိလွှတ်တော်သက်တမ်းသည် ယခင်ထက် ပိုမိုကြိုးစားရမည့် သက်တမ်းဖြစ်ကြောင်း၊ ပထမအကြိမ် လွှတ်တော်၏ အားနည်းချက်၊ အားသာချက်များကို ကြည့်ပြီး ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခုအကြိမ်တွင် ပါဝင်လာသည့် ကိုယ်စားလှယ်များသည် ပြည်သူများနှင့် ပိုမိုနီးစပ်ကြောင်း၊ ပြည်သူ့အကျိုး စီးပွားဖြစ်ထွန်းမည့် ကိစ္စများကို ပိုမိုဆောင်ရွက်နိုင်မည်ဟု မျှော်မှန်းကြောင်း ပြောကြားသည်။
ဥပဒေကြမ်း ကော်မတီဝင်များသည် ကော်မတီ အစည်းအဝေးများတွင် တင်ပြ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ လွှတ်တော်ဆိုင်ရာ ဥပဒေမှအပ တည်ဆဲ အခြားဥပဒေ  တစ်ရပ်ရပ်အရ အရေးယူခံရခြင်းမှ ကင်းလွတ်ခွင့်ရှိကြောင်း၊ ကော်မတီ အစည်းအဝေး တက်ရောက်နေစဉ်အတွင်း ဥက္ကဋ္ဌ၏ ကြိုတင်ခွင့်ပြုချက် မရရှိပါက ဖမ်းဆီးခံရခြင်းမှ ကင်းလွတ်ခွင့်ရှိကြောင်း၊ ပြစ်မှုတစ်ရပ်ရပ်ဖြင့် ဖမ်းဆီးခြင်း ခံရပါက ပြစ်ဒဏ်စီရင်ခြင်း မခံရမီ ဥက္ကဋ္ဌ၏ ခွင့်ပြုချက်ဖြင့် ကော်မတီ အစည်းအဝေးများသို့ တက်ရောက်ခွင့်ရှိသည် စသည့် အခွင့် အရေးများ ရှိကြောင်း သိရသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ လွှတ်တော် ကိုယ်စားလှယ် ၁၃၅ ဦး၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ၁၁ ဦး၊ တစ်သီးပုဂ္ဂလ နှစ်ဦး၊ ဇိုမီးဒီမိုကရေစီပါတီမှ နှစ်ဦး၊ မွန်အမျိုးသားပါတီမှ တစ်ဦး၊ တ.စ.ည ပါတီမှ တစ်ဦး၊ ရခိုင်အမျိုးသားပါတီမှ ၁၀ ဦး၊ ရှမ်းတိုင်းရင်းသားများ  ဒီမိုကရေစီအဖွဲ့ချုပ် ပါတီမှ သုံးဦး၊ PNO ပါတီမှ တစ်ဦး၊ တအာင်း (ပလောင်)ပါတီမှ နှစ်ဦး၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၆ ဦး စုစုပေါင်း ၂၂၄ ဦးရှိကြောင်း သိရသည်။                       
 

Most Read

Most Recent