အာရဗီ ပြက္ခဒိန် ရိုက်နှိပ်သည့် ကျော်ပုံနှိပ်တိုက်အမှု ၁၂ ကြိမ်မြောက် ရုံးချိန်းအဖြစ် ဖေဖော်ဝါရီ ၄ ရက်က ပုဇွန်တောင်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာ တရားလိုပြ ပြန်ခေါ် သက်သေအဖြစ် ယင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာမိုးအား စစ်ဆေးခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပုဇွန်တောင်မြို့နယ် ဦးစီးမှူး ဒေါ်စန္ဒာမိုးက ၎င်းသည် အခင်းဖြစ်သည့်နေ့က ရုံး၌ရှိနေစဉ် ပုဇွန်တောင်မြို့နယ် အုပ်ချုပ်ရေးမှူးက ဖုန်းဆက်ခေါ်သဖြင့် ကျော်ပုံနှိပ်တိုက်သို့ သွားရောက်ခဲ့သော်လည်း ပုံနှိပ်တိုက်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း မရှိကြောင်း တာဝန်ရှိသူများ သိမ်းဆည်းထားသော ဖလင်ပြားများနှင့် ထုတ်လက်စ ပြက္ခဒိန်များကို တွေ့ရသော်လည်း အရေအတွက်ကိုမူ မမှတ်မိကြောင်းနှင့် ထိုပစ္စည်းများကို ကြည့်ရှုခဲ့ခြင်း မရှိကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့ကြောင်း သိရသည်။
ယင်းနောက်တရားသူကြီးက လာမည့်ရုံးချိန်းအား ဖေဖော်ဝါရီ ၁၁ ရက်တွင် ချိန်းဆိုခဲ့ပြီး ယင်းနေ့တွင် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှ ရဲအုပ်တစ်ဦးအား စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုအမှုနှင့် ပတ်သက်၍ တရားရုံးတွင် လက်ရှိ အမှုရင်ဆိုင်နေရသူ ငါးဦးသည် ရှေ့နေ့ ငါးဦးငှားရမ်း၍ အမှု ရင်ဆိုင်နေခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်ပုံနှိပ်တိုက်ပိုင်ရှင် ဦးကျော်ကျော်၊ မန်နေဂျာ ဦးရဲသူအောင်၊ ဦးဝင်းနိုင်၊ ဦးဇော်မင်းဦး၊ ဦးဝင်းထွေးတို့ ငါးဦးနှင့် အဆိုပါ အာရဗီ ပြက္ခဒိန် ရိုက်နှိပ်ရန် အလုပ်အပ်သည့် ဦးအောင်ခင် ဆိုသူတို့ကို ပုဒ်မ ၅၀၅ (ခ) ဖြင့် ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်လတ်က တရားလိုအဖြစ် တရားစွဲဆိုထားခြင်း ဖြစ်သည်။
လူမှုကွန်ရက် Facebook တွင် အောင်ခင်(စစ်တွေ)ဆိုသည့် အကောင့်မှ ၂၀၁၆ ခုနှစ် မြန်မာ-အင်္ဂလိပ်-အာရဗီ သုံးဘာသာဖြင့် ပြက္ခဒိန် ရိုက်နှိပ်ထားသော လှုံ့ဆော်ဖော်ပြမှု ပြက္ခဒိန်များ ကျော်ပုံနှိပ်တိုက်တွင် ရိုက်နှိပ်နေကြောင်း သတင်းများအရ သက်ဆိုင်ရာမှ နိုဝင်ဘာ ၂၁ ညနေ ၃ နာရီခန့်က ဝင်ရောက်ရှာဖွေခဲ့ရာ ဖလင်ချပ်များနှင့် ပြက္ခဒိန်စက္ကူ များ သိမ်းဆည်းရမိခဲ့ကြောင်း ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။
အဆိုပါဖြစ်ရပ်နှင့် ပတ်သက်ပြီး ဦးကျော်ကျော်ပါ ငါးဦးကို ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်တွင် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေ ပုဒ်မ၂၀ ဖြင့် ပုဇွန်တောင်မြို့နယ် ရဲတပ်ဖွဲ့မှူးက တရားစွဲဆိုခဲ့ပြီး တစ်ဦးလျှင် ဒဏ်ငွေ ၁၀ သိန်းစီ ပေးဆောင်ရန်၊ ပျက်ကွက်ပါက ထောင်ဒဏ် နှစ်နှစ် ကျခံရမည်ဟု ပုဇွန်တောင်မြို့နယ် တရားရုံးမှ အမိန့် ချမှတ်ခဲ့ပြီး ဒဏ်ငွေ ၁၀ သိန်းစီ ပေးဆောင်ခဲ့ကြောင်း သိရသည်။
အဆိုပါအမှုနှင့် ပတ်သက်၍ စွပ်စွဲခံရသူ ခြောက်ဦးအနက် အဓိကတရားခံအဖြစ် တရားစွဲဆိုခံထားရသည့် ဦးအောင်ခင် (စစ်တွေ) ဆိုသူမှာ ယနေ့အချိန်ထိ ထွက်ပြေး လွတ်မြောက်နေဆဲ ဖြစ်ကြောင်း သိရသည်။
အာရဗီပြက္ခဒိန် ရိုက်နှိပ်သည့် ကျော်ပုံနှိပ်တိုက်အမှု (၁၂) ကြိမ်မြောက် ရုံးချိန်းတွင် ပြန်ခေါ်သက်သေ ပြန်/ဆက် မြို့နယ်ဦးစီးမှူးအား စစ်ဆေး















