ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ ဓားဖြင့် တိုက်ခိုက်ခံရသည့်အမှု ရှစ်ကြိမ်မြောက်ရုံးချိန်းတွင် ငါးဦးမြောက် တရားလိုပြ သက်သေအား စစ်ဆေး

ဦးနိုင်ငံလင်းနှင့် NLD ပါတီဝင်အချို့ ဓားဖြင့် တိုက်ခိုက်ခံရသည့်အမှု ရှစ်ကြိမ်မြောက်ရုံးချိန်းတွင် ငါးဦးမြောက် တရားလိုပြ သက်သေအား စစ်ဆေး
Published 4 February 2016
ကြည်နိုင်

အနိုင်ရ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းနှင့် သာကတေမြို့နယ် NLD ပါတီဝင်အချို့ ဓားဖြင့် တိုက်ခိုက်ခံရသည့်အမှု ရှစ်ကြိမ်မြောက်ရုံးချိန်းအဖြစ် ဖေဖော်ဝါရီ ၄ ရက်၊ နံနက် ၁၁ နာရီက သာကေတမြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ရာ ငါးယောက်မြောက် တရားလိုပြသက်သေအား စစ်ဆေးခဲ့ပြီးလာမည့် ရုံးချိန်းကို ဖေဖော်ဝါရီ ၁၆ ရက်သို့ ချိန်းဆိုခဲ့သည်။
အဆိုပါရုံးချိန်းတွင် တရားလိုပြသက်သေ ဦးအောင်ကျော်ကျော်အား စစ်ချက်ယူ မေးမြန်းခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှ မှုခင်းဆရာဝန်အား စစ်ချက်ယူရန်အတွက် ခေါ်ဆောင်ထားသော်လည်း ရုံးထုတ်မှ စာမထုတ်ရသေးသဖြင့် စစ်ချက်ယူ မေးမြန်းမှု မပြု လုပ်သေးကြောင်း တရားလိုရှေ့နေ ဦးကျော်လှက ပြောကြားသည်။
သာကေတမြို့နယ် NLD ပါတီဝင် တစ်ဦးလည်းဖြစ်သူ တရားလိုပြသက်သေ ဦးအောင်ကျော်ကျော်က “ကျွန်တော့်  ဒီနေ့ရုံးတော်မှာ အခင်းဖြစ်ပွားမှု ဖြစ်စဉ်အသေးစိတ်ကို မေးပါတယ်။ ကျွန်တော်မြင်တွေ့ခဲ့တဲ့ ဖြစ်စဉ်အတိုင်းကို ထွက်ချက်ပေးခဲ့ပါတယ်။ အလှပြ ဖျော်ဖြေရေးယာဉ်ကိုတာ ဝန်ယူပြီးတော့ ဖျော်ဖြေမယ့်နေရာတွေကို သတ်မှတ်ပေးရပါတယ်။ ဓားခုတ်မှု ဖြစ်တဲ့အချိန်မှာက ကျွန်တော်က လွှတ်တော်ကိုယ်စားလှယ်တွေရှေ့မှာ ရပ်တည်ရှိနေတာ ဖြစ်ပါတယ်” ဟု ရုံးချိန်းအပြီးတွင် ပြောကြားသည်။
အမှုအား ယခင်စစ်ဆေးနေသော မြို့နယ်တရားသူကြီး ဒေါ်ခင်စန္ဒာမှာ ပြောင်းရွှေ့သွားပြီး အသစ်ရောက်ရှိလာမည့် မြို့နယ်တရားသူကြီးမှာ မရောက်သေးသဖြင့် သာကေတမြို့နယ် တရားရုံး တွဲဖက်တရားသူကြီး ဒေါ်ချိုချိုမြတ်က ယာယီ စစ်ဆေးနေသည်။
NLD ပါတီဝင်များသည်  ၂၀၁၅ ခုနှစ် အောက်တိုဘာ ၂၉ ရက် ညပိုင်းတွင် မော်တော်ယာဉ်များဖြင့် ပါတီစည်းရုံးရေး ဆောင်ရွက်၍ပြန်လာခဲ့စဉ် မာန်ပြေ(၈)လမ်းထိပ် အရောက်တွင် မဲဆွယ်စည်းရုံးရာ၌ လိုက်ပါခဲ့သည့် ကိုလှဝင်းနှင့် ကိုမြင့်စိုးတို့ ကွမ်းယာဝင်ဝယ်စဉ် ကိုဇော်လတ် ရောက်ရှိလာပြီး ၎င်းအား ဦးစွာ ကွမ်းယာထုပ်ပေးရန် ပြောဆိုရာမှ ၎င်းတို့စကားများကြကာ စတင်ခိုက်ရန်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ဖြစ်ပွားမှုအား ကိုအောင်ကျော်ကျော်က သွားရောက်ဖျန်ဖြေ တားဆီးခဲ့ရာတွင် ကိုအောင်ကျော်ကျော်ကိုလည်း လက်သီးဖြင့်ထိုး၍ ခုံဖြင့်ရိုက်ရန်ရွယ်ကာ ဇော်လတ်မှာ ထွက်ခွာသွားကြောင်း၊ ခဏအကြာတွင် ဇော်လတ်မှာ ငှက်ကြီးတောင် ဓားအား ကိုင်ဆောင်၍ ၎င်းနှင့်အတူ ထက်ကို (ခ)ထက်အောင်လှိုင်နှင့် မျိုးမင်းခိုင်တို့မှ တုတ်များ ကိုင်ဆောင်ကာ အခင်းဖြစ်နေရာသို့ ရောက်ရှိလာပြီး ဆဲဆိုရန်မူခဲ့ကြသဖြင့် ဝင်ရောက်ဖျန်ဖြေပေးကြသော ဦးနိုင်ငံလင်း၊ ဦးကျော်သူနှင့် ဒေါ်သန္တာမော်တို့တွင် ဒဏ်ရာများ ရရှိခဲ့ခြင်းဖြစ်ကြောင်း  ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က  သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါဖြစ်စဉ်မှ ကိုဇော်လတ်(ခ)အောင်ဇော်လတ်၊ ကိုထက်ကို(ခ) ထက်အောင်လှိုင်နှင့် ကိုမျိုးမင်းခိုင်တို့သုံးဦးအား သာကေတမြို့နယ် တရားရုံးတွင် ပုဒ်မ ၃၂၆/ ၃၂၃/၂၉၄ တို့ဖြင့် သာကေတမြို့နယ် NLD ပါတီ အတွင်းရေးမှူး ဒေါ်ချိုချိုက တရားစွဲဆိုထားခြင်းဖြစ်ပြီး ကိုဇော်လတ်(ခ)အောင်ဇော်လတ်ကိုမူ လက်နက်ဥပဒေပုဒ်မ ၁၉(င) ဖြင့် ထပ်တိုး တရားစွဲထားကြောင်းလည်း သိရသည်။             

Most Read

Most Recent