မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့အနီး သောင်ရင်းတစ်ဖက် ကမ်းတာ့ခ်ခရိုင်အတွင်း စက်ရုံအလုပ်ရုံနှင့် လယ်ယာလုပ်ငန်းခွင်တို့တွင် ဝင်ရောက်လုပ်ကိုင်နေကြပြီး ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီးသူများ သက်တမ်းတိုးရာတွင် မူလကုန်ကျစရိတ်ထက် နှစ်ဆနီးပါး ကုန်ကျသဖြင့် ယာယီပတ်စ်ပို့ စာအုပ်အသေခံပြီး နေရပ်သို့ပြန်လာရမည့် အခြေအနေသို့ ရောက်နေရကြောင်း မဲဆောက်မြို့တွင် လုပ်ကိုင်နေကြသော မြန်မာအလုပ်သမားများထံမှ သိရသည်။တာ့ခ်ခရိုင် မယ်ပကြေးနန်းကြိုးစက်ရုံ၌ ဝင်ရောက်လုပ်ကိုင်နေသူ တစ်ဦးက “လေးနှစ်ဗီဖာ သက်တမ်းတိုးရမယ့် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဟာ မူလကုန်ကျစရိတ်က ထိုင်းငွေ ဘတ် ၃၅၀၀ သာ ကုန်ကျခဲ့ပေမယ့် ခုတော့ ယခင်ထက် နှစ်ဆကျော် ပိုမိုကုန်ကျနေလို့ တချို့တစ်ဝက်မှာ ယာယီပတ်စ်ပို့စာအုပ် အသေခံရတော့ မလိုဖြစ်နေပါတယ်” ဟု ပြောကြားသည်။ယင်းကဲ့သို့ ဗီဇာသက်တမ်းတိုးရာတွင် သက်တမ်းကုန်ရက် မတိုင်ခင် သက်တမ်းတိုးခြင်း မဟုတ်ဘဲ အနည်းဆုံး တစ်လကြိုတင် ပြုလုပ်ရကြောင်း ၊ ကြိုတင်ပြုလုပ်ခြင်း မရှိပါက ပတ်စ်ပို့စာအုပ်အား သိမ်းဆည်းခြင်းဖြစ်ကြောင်း မြန်မာအလုပ်သမားများ အနေအထိုင် ခက်ခဲလျှက်ရှိကြောင်း မဲဆောက်မြို့ အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာပြည်သားများ ပူတွဲလှုပ်ရှားမှု ကော်မတီဥက္ကဋ္ဌ ဦးမိုးကြိုး ကပြောကြားသည်။“ဒီကြားထဲ သတ်မှတ် သက်တမ်းကုန်ရက် မကုန်မချင်း ပြုလုပ်ပေးတာမျိုး မဟုတ်ဘဲ၊ အနည်းဆုံးတစ်လကြိုတင်မှ မလုပ်ရင် ယာယီပတ်စ်ပို့စာအုပ်ကို ပြန်သိမ်းမယ်တဲ့။အနေကျပ်တယ်။ မူလသတ်မှတ်နှုန်းက ဘတ် ၃၅၀၀၊ အခု တရားဝင်အေဂျင်စီတွေ၊ တရားမဝင် ပွဲစားကတစ်ဆင့် ပြုလုပ်နေကြရတာက ဘတ် ၆၅၀၀ ကနေ ဘတ် ၉၀၀၀ အထိ ပေးရတယ်” ဟု ဦးမိုးကြိုးက ပြောကြားသည်။မြဝတီ နယ်စပ်မြို့ သောင်ရင်းမြစ်တစ်ဘက်ကမ်း မဲဆောက်အပါအဝင် တာ့ခရိုင် (၉) မြို့နယ်အတွင်း စက်ရုံအလုပ်ရုံ နှစ်ရာကျော်ရှိပြီး မြန်မာလုပ်သား လေးသိန်းကျော် ဝင်ရောက်လုပ်ကိုင်လျှက် ရှိသော်လည်း ထိုင်းနိုင်ငံ အခြေခံလစာ တစ်နေ့ ဘတ် ၃၀၀ ရာရရှိသည့် စက်ရုံအလုပ်ရုံ (လေး၊ငါး) ရုံသာရှိပြီး၊ သိန်းနှင့်ချီနေသော ဗီဇာသက်တမ်း လွန်သူများ အခက်အခဲဖြစ်လျှက်ရှိကြောင်း သိရသည်။
ထိုင်း ဗီဇာသက်တမ်း လေးနှစ်ပြည့်ပြီးသူများ သက်တမ်းတိုးရာတွင် မူလ ကုန်ကျစရိတ်ထက် နှစ်ဆနီးပါး ကုန်ကျသဖြင့် နေရပ်သို့ ပြန်လာရဖွယ် ရှိနေ















