ထားဝယ်မြို့တွင် ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားကာ ပြင်သစ်နိုင်ငံသား လေးဦးဒဏ်ရာရ

ထားဝယ်မြို့တွင် ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားကာ ပြင်သစ်နိုင်ငံသား လေးဦးဒဏ်ရာရ
Published 3 February 2016
ဖြိုးဇင်

ထားဝယ်မြို့တွင် ဖေဖော်ဝါရီ ၂ ရက် ညနေပိုင်းက သုံးဘီးယာဉ်တစ်စီးနှင့် မော်တော်ယာဉ်နှစ်စီး ဆင့်တိုက်မှုဖြစ်ပွားခဲ့ပြီး ပြင်သစ်နိုင်ငံသား လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ဖြစ်စဉ်မှာ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၂ ရက် ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် အိုးလုပ်ရပ်ဥတ္တံတားကြီးလမ်းဆုံအနီး ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ တာဝန်မှူး ဒုရဲအုပ် မင်းမင်းဦး သွားရောက်စစ်ဆေးရာ ရေးလမ်းအတိုင်း မြောက်မှတောင်သို့ ဒေါက်တာစန်းယု ခွဲစိတ်အထူးကုဆရာဝန်ကြီး (ထားဝယ်ဆေးရုံကြီး) မောင်းနှင်လာသည့် 3E/..... က လူဂါအဖြူရောင်ယာဉ်သည် အရှိန်ပြင်းစွာဖြင့် အုတ်တံတားကြီး လမ်းဆုံအနီးရှိ ထမင်းဆိုင်ရှေ့ လမ်းဘေးတွင် ရပ်ထားသော လူမပါ ဦးတင်မောင်နီ (၃၆)နှစ် (ဘ) ဦးမောင်နီ ပိန္နဲတောရပ်နေသူ၏ ၁ဃ/---- သုံးဘီးဆိုင်ကယ် နောက်ပိုင်းအား ဝင်ရောက်တိုက်မိပြီး တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားကာ ရေးလမ်းအတိုင်း တောင်မှမြောက်ဘက်သို့ ယာဉ်မောင်း (စုံစမ်းဆဲ) မောင်းလာသော 9F/---- ဟွန်ဒါအင်ဆိုက် အဖြူရောင်ယာဉ် ရှေ့ဘယ်ဘက်ခြမ်းအား ဆက်လက်တိုက်မိပြီး ယာဉ်မှာ ရပ်တန့်သွားခဲ့ကြောင်း၊ ယာဉ်တိုက်မှုကြောင့် သုံးဘီးဆိုင်ကယ် ရှေ့ပလက် ဖောင်းဘေးတွင်ရပ်နေသော ပြင်သစ်နိုင်ငံသား ကျား ၂ ၊မ ၂ မှာ သုံးဘီးဆိုင်ကယ်နှင့် တွဲလျက်ပါသွားပြီး ဒဏ်ရာများ ရရှိသွားခဲ့ကြောင်း သိရသည်။ဒဏ်ရာရရှိသွားသော ပြင်သစ်နိုင်ငံသားများအား  ဇမ္ဗူသီရိ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီးသို့ချက်ချင်းတင်ပို့ခဲ့ပြီး ဦးခေါင်းအနည်းငယ် ထိခိုက်ကာ နံရိုးတစ်ချောင်းအက်သည့် ဒဏ်ရာရရှိသူတစ်ဦး နှင့် တင်ပါးဆုံရိုး အက်သည့်ဒဏ်ရာရရှိသည့် သူတစ်ဦးတို့ကို အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် ကုသမှုခံယူနေပြီး ကျန်နှစ်ဦးမှာ အနည်းငယ်ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၄ ရက်တွင် ယင်း ပြင်သစ်နိုင်ငံသားများအား ရန်ကုန်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း ထားဝယ်ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက ပြောကြားသည်။“ ပြင်သစ်နိုင်ငံသား လေးယောက်က ထီးခီးကို သွားဖို့ လက်မှတ်လာ ဝယ်တာပါ။လက်မှတ် လာစုံစမ်းပြီးတော့ ပလက်ဖောင်းဘေးက သုံးဘီးဆိုင်ကယ်နားမှာ သူတို့အချင်းချင်း စကားပြောနေတုန်း ကလူဂါကားက အရှိန်ပြင်းပြင်းနဲ့ သုံးဘီးကို ဝင်တိုက်လိုက်တော့ သုံးဘီးအနားမှာ ရပ်နေတဲ့ သူတို့လေးယောက်က သုံးဘီးနဲ့အတူ လွင့်ပါသွားတာ။ အရှိန်က အရမ်းပြင်းပါတယ်။ သုံးဘီးကို တိုက်ပြီးတော့မှ မျက်နှာချင်းဆိုင်ကလာနေတဲ့ ဟွန်ဒါအင်ဆိုက်ကို ဝင်တိုက်ပြီး ရပ်သွားတာ။က လူဂါကားမောင်းလာတဲ့သူက အရက်သောက်ထားတဲ့ ပုံစံပါပဲ။ သူလည်း နည်းနည်း ထိခိုက်မိတယ် ထင်တယ်။ အစ်မဆိုင်မှာက စီစီတီဗွီ တပ်ထားတော့ အဲဒီမှာအကုန်ပေါ်နေတာ။ ရဲတွေလည်း လာစစ်ပြီး ယူသွားတယ်။ အခြားလူတွေပြောတာကြားတာကတော့ ယာဉ်တိုက်မှုမဖြစ်ခင် သူ့ကိုကျော်တက်လာတဲ့ ဆိုင်ကယ်နောက်ကို အငြိုးနဲ့ လိုက်တယ်လို့ သိရတယ်” ဟု ယာဉ်တိုက်မှုဖြစ်ပွားသည်ကို မျက်မြင်တွေ့ရှိခဲ့သည့် အနီးရှိကား လက်မှတ်အရောင်း ဝန်ထမ်းတစ်ဦးက ပြောကြားသည်။၎င်းယာဉ်တိုက်မှုကြောင့် မော်တော်ယာဉ်နှစ်စီး၏ ရှေ့ပိုင်းနှင့် သုံးဘီးဆိုင်ကယ်နောက်ပိုင်းတို့မှာ ပျက်စီးသွားခဲ့သဖြင့် မော်တော်ယာဉ်အား မဆင်မခြင်မောင်းနှင်ခဲ့သူ ဒေါက်တာစန်းယုအား ထားဝယ်မြို့နယ်ရဲစခန်းက ယာဉ် (ပ) ၈/၂၀၁၆ အပြင် ပြစ်မှုပုဒ်မ ၃၃၇၊ ၃၃၈၊ ၄၂၇ တို့ဖြင့် အမှုဖွင့် အရေးယူထားပြီး ယာဉ်တိုက်မှုဖြစ်ပွားစဉ် အရက်သေစာသောက်စားထားမှုနှင့် မူးယစ်ဆေးဝါး သုံးစွဲထားခြင်း ရှိ မရှိကို စစ်ဆေးရန် ရဲဆေးစာဖြင့် ထားဝယ်ဆေးရုံကြီးသို့ ပေးပို့ထားကာ စစ်ဆေးချက်အဖြေမှာ မရရှိသေးကြောင်း၊ ဒေါက်တာစန်းယုကို အာမခံဖြင့် ပြန်လွှတ်ပေးထားကြောင်း ထားဝယ်မြို့နယ်ရဲတပ်ဖွဲ့မှူးထံ မှ သိရသည်။ 

Most Read

Most Recent