မရမ်းကုန်းမြို့နယ်ရှိ မီးစက်ပစ္စည်း အရောင်းဆိုင်မှ ငွေကျပ် ၂၄၅ သိန်းနှင့် ဆိုင်တွင်တပ်ဆင်ထားသည့် စီစီတီဗွီများ ခိုးယူသွားသူနှစ်ဦးအား ဖမ်းဆီးရမိပြီဖြစ်ကြောင်း ဘုရင့်နောင်နယ်မြေ ရဲစခန်းမှ စုံစမ်းသိရှိရသည်။ခိုးယူသွားသူများမှာ ယင်းမီးစက်ပစ္စည်း ရောင်းချသည့်ဆိုင်မှ ဝန်ထမ်းများဖြစ်သည့် ငဖြိုး (ခ) ကြက်တူရွေးနှင့် မျိုးမြင့်တို့ဖြစ်ကြောင်း သိရသည်။“ခိုးခံလိုက်ရတဲ့ ဆိုင်ပိုင်ရှင်က ဇန်နဝါရီ ၂၉ ရက်မှာ အမှုလာဖွင့်တယ်။ အနောက်ပိုင်း ခရိုင်ရဲတပ်ဖွဲ့က စစ်ဆေးစုံစမ်းတဲ့အခါမှာ သူ့ဆိုင်ကဝန်ထမ်းနှစ်ဦးကပဲ ခိုးယူသွားတာပါ။ ခိုးယူသွားတဲ့ နှစ်ဦးကိုတော့ ဇန်နဝါရီ ၃၀ရက် ညပိုင်းမှာ ဖမ်းဆီးရမိပြီးတော့ ဘုရင့်နောင်နယ်မြေ ရဲစခန်းမှာ ဖမ်းဆီးထားပါတယ်” ဟု ဘုရင့်နောင် နယ်မြေရဲစခန်းမှ ရဲအုပ်သန်းဝင်းက ပြောကြားသည်။ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၉ ရက်နံနက် ၈ နာရီခန့်က ဦးစိုးသင်းသည် မရမ်းကုန်းမြို့နယ် (၁) ရပ်ကွက် သီရိမွန်ပလာဇာဝင်း အတွင်းရှိ ၎င်းဖွင့်လှစ်ထားသော မီးစက်နှင့် မီးစက်အပိုပစ္စည်း ရောင်းဝယ်သည့်ဆိုင်၏ အံဆွဲအတွင်း ထားရှိသော ငွေကျပ်သိန်း ၂၃၀ ကျော်ခန့်၊ ဆိုင်အတွင်းရှိ စုဘူးများအတွင်းမှ ငွေကျပ် ၁၅ သိန်းခန့် စုစုပေါင်းကျပ် ၂၄၅ သိန်းကျော်ခန့်နှင့်အတူ ဆိုင်ခန်းအတွင်းရှိ လုံခြုံရေးအရ တပ်ဆင်ထားသော စီစီတီဗွီကင်မရာရှစ်လုံး အနက် နှစ်လုံးနှင့် စီစီတီဗွီ Recerver တို့ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရသဖြင့် အမှုဖွင့် တိုင်ကြားခဲ့သည်။“ခိုးယူသွားတဲ့ သူနှစ်ဦးက ခိုးယူထားတဲ့ ပိုက်ဆံနဲ့ ကားတစ်စီးရယ် ရွှေတွေရယ် ဝယ်ထားတယ်။ အဲဒီသက်သေခံ ပစ္စည်းတွေကိုလည်း သိမ်းဆည်းထားပါတယ်” ဟု ရဲအုပ်သန်းဝင်းက ပြောကြားသည်။ဖမ်းဆီးရမိသူ နှစ်ဦးအား ဘုရင့်နောင်နယ်မြေ ရဲစခန်းက (ပ) ၈၈/၂၀၁၆၊ ပြစ်မှုပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။
မရမ်းကုန်းမြို့နယ်ရှိ မီးစက်ပစ္စည်း အရောင်းဆိုင်မှ ကျပ် ၂၄၅ သိန်းနှင့် တပ်ဆင်ထားသည့် စီစီတီဗွီများ ခိုးယူသွားသူနှစ်ဦးအား ဖမ်းဆီးရမိ